သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာ၂၀ နီးပါး မလေးရှားမှာ ဖမ်းဆီးခံရ


မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ယခင်မှတ်တမ်း- ဓါတ်ပုံ - Malaysia Immigration)
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ယခင်မှတ်တမ်း- ဓါတ်ပုံ - Malaysia Immigration)

မလေးရှားနိုင်ငံ၊ တီရန်ဂါနူးပြည်နယ်နဲ့ ဂျိုဟိုးပြည်နယ်တွေမှာ ဇန်နဝါရီလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ အထောက်အထားမဲ့မြန်မာတွေ ၂၀ နီးပါးဖမ်းခံရပါတယ်။ တီရန်ဂါနူးပြည်နယ်မှာတော့ ဘောလုံးကန်နေတဲ့မြန်မာနိုင်ငံသားတွေကို ဘောလုံးကွင်းထဲမှာပဲ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

မလေးရှားနိုင်ငံ၊ တီရန်ဂါနူးပြည်နယ်မှာ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို ဘောလုံးကွင်းထိဝင်ဖမ်းခဲ့တာမှာ အထောက်အထားမဲ့ မြန်မာ ၁၄ ဦးကို ဖမ်းသွားတယ်လို့ မလေးရှားနိုင်ငံက ဦးစိုးထက်သိန်းက ပြောပါတယ်။

"၁၆ ရက်နေ့မှာ ဘောလုံးပွဲကိုဝင်ပြီး ဖမ်းတာပါ။ ဘောလုံးပွဲကျင်းပနေတာ။ တိုင်းရင်းသားတွေနဲ့ မြန်မာတွေ ဘောလုံးပွဲလုပ်နေချိန်မှာ ဖြစ်တာပါ။ အဖမ်းခံရတာက ၁၄ ယောက် အဖမ်းခံရတာပါ။ မလေးရှားနိုင်ငံ၊ တီရန်ဂါနူးပြည်နယ်၊ ကွာလာနာရပ်ဖ်က ဘောလုံးကွင်းတခုမှာ ဘောလုံးကန်နေတဲ့သူတွေကို ဖမ်းတာပါ။ အဲဒါကတော့ UNHCR ယူအန် အထောက်အထားတွေ၊ ပါမစ်မရှိတဲ့သူတွေကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။"

အလားတူ ဂျိုဟိုးပြည်နယ်မှာလည်း ငါးဖမ်းလှေဆောက်တဲ့နေရာတွေ၊ စားသောက်ဆိုင်တွေနဲ့ ကလေးထိန်းကျောင်းနေရာတွေပါမကျန် တရားမဝင်နိုင်ငံခြားသားတွေကို ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့လည်းပြောပါတယ်။

"ဂျိုဟိုးပြည်နယ်ထဲမှာရှိတဲ့ ငါးဖမ်းလှေတည်ဆောက်ရေးလုပ်ငန်းတွေ၊ ကလေးထိန်းကျောင်း၊ စားသောက်ဆိုင်တွေ-စတဲ့ ၉ နေရာကို ဇန်နဝါရီ ၁၅ ရက်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ အဲဒီမှာဖမ်းမိတာက နိုင်ငံခြားသား ၁၀၈ ဦးကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးပြီးတော့ အထောက်အထား စာရွက်စာတမ်းပါရှိတဲ့ ၉၁ ဦးကို ပြန်လွှတ်ပေးပြီး အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသားလေးဦး၊ အင်ဒိုနီးရှားနိုင်ငံသားခုနစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လေးဦး၊ နီပေါနိုင်ငံသားတဦးနဲ့ ဗီယက်နမ်နိုင်ငံသားတဦးတို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူဖမ်းဆီးခဲ့ပါတယ်။"

မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ဇန်နဝါရီက ၁၃ ရက်နေ့ညက နိုက်ကလပ်တခုမှာလည်း မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာမှာ နဂါးမယ်တော်အဖြစ် နာမည်ကြီးတဲ့ အေမီဈာန်နဲ့ sexyမော်ဒယ်အဖြစ်ထင်ရှားတဲ့ ဖူးပွင့်ခိုင်တို့ ဖျော်ဖြေနေတုန်းမှာပဲ မလေးရှားရဲတွေက ဝင်ရောက်စီးနင်းဖမ်းဆီးရာမှာ မြန်မာ ၈၀ လောက် အဖမ်းခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့အနီးပတ်ဝန်းကျင်ရပ်ကွက်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့ညက အော်ပရာစီစစ်ဆင်ရေးလုပ်ရာမှာလည်း လူ ၁,၀၀၀ ကျော် ဖမ်းဆီးစစ်ဆးခံရပြီး လူ ၅၀၀ ကျော် ဖမ်းဆီးခံရပါတယ်။ အဲလို အဖမ်းခံရသူတွေထဲမှာ မြန်မာ ၇၅ ဦး ပါခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာလည်း တရားမဝင် နိုင်ငံခြားသားတွေအလုပ်လုပ်တဲ့ အနှိပ်ခန်း အဆောက်အအုံတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၄ ဦး အပါအဝင် နိုင်ငံခြားသား ၆၆ ဦးကို ဇန်နဝါရီ ၇‌ ရက်က ဖမ်းဆီးခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ်မှာ ဇန်နဝါရီ ၆ ရက်ကလည်း တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂၂ ယောက်ကို မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG