သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား နိုက်ကလပ်မှာ မြန်မာ (၉၀) ကျော်အဖမ်းခံရ


မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့က တမန် စီမာရပ်ရပ်ကွက်မှာ လဝကနဲ့နယ်မြေခံရဲတွေဝင်ရောက်စီးနင်းခဲ့ရာက ဖမ်းမိထားတဲ့ မြန်မာတွေကို စစ်ဆေးနေစဥ်။ (ဓာတ်ပုံ-မလေးရှား လဝက/စက်တင်ဘာ ၁၆၊ ၂၀၂၃)
မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့က တမန် စီမာရပ်ရပ်ကွက်မှာ လဝကနဲ့နယ်မြေခံရဲတွေဝင်ရောက်စီးနင်းခဲ့ရာက ဖမ်းမိထားတဲ့ မြန်မာတွေကို စစ်ဆေးနေစဥ်။ (ဓာတ်ပုံ-မလေးရှား လဝက/စက်တင်ဘာ ၁၆၊ ၂၀၂၃)

စက်တင်ဘာ ၁၆ ရက်နေ့က မလေးရှားနိုင်ငံ ကွာလ္လာမ်ပူမြို့က တမန် စီမာရတ် (Taman Semarak ) နယ်မြေမှာ မလေးရှားလ၀ကနဲ့ နယ်မြေခံရဲတွေပူးပေါင်းပြီး စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အထောက်အထားမဲ့တွေအပါအဝင် မြန်မာ ၉၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ အဲဒီရပ်ကွက်တွေမှာ မြန်မာနိုင်ငံသား အများစု သွားရောက်ပျော်ပါးကြတဲ့ ကာရာအိုကေဆိုင်တွေနဲ့ နိုက်ကလပ်တွေရှိတဲ့အကြောင်း ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့က တမန် စီမာရပ်(Taman Semarak ) မှာ ပြည့်တန်ဆာလုပ်ငန်းတွေလုပ်နေတယ်၊ မိုးလင်းပေါက်ကာရာအိုကေနဲ့ နိုက်ကလပ်တွေ ဖွင့်ထားတယ်ဆိုတဲ့ မလေးရှားပြည်သူတွေရဲ့ တိုင်ကြားချက်အရ နယ်မြေအနီးက နိုက်ကလာပ်နဲ့ ကာရာအိုကေ နေရာသုံးနေရာကို မလေးရှားအာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက် နေ့ညက အော်ပရာစီစစ်ဆင်ရေးလုပ်ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကိုဦးဆောင်ခဲ့တဲ့ ရဲအရာရှိ Datuk Ahmad Dzaffir (ဒါတွတ် အာမက် ဇာ ဖေး) က သတင်းထောက်တွေကို မလေးဘာသာနဲ့ အခုလိုပြောဆိုသွားပါတယ်။

"အခုလိုဖမ်းဆီးခဲ့ရတာဟာ ပြည်သူတွေက သတင်းပေးတိုင်ကြားလာတဲ့အတွက် အရေးယူ ဆောက်ရွက်ရတာပါ။ ကျနော်တို့ ရဲအင်အား ၇၂ ယောက်နဲ့ နေရာသုံးနေရာကို ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။ ဒီနေရာဟာ မြန်မာအများစုလာရောက်နေတဲ့ ညဖျော်ဖြေရေးနေရာတွေ ဖြစ်ပါတယ်။ ဖမ်းမိတဲ့ မြန်မာ ၉ ၂ ယောက်ကတော့အမျိုးသား ၆၅ ယောက်နဲ့ ကျန်တာအမျိုးသမီးတွေဖြစ်ပါတယ်"...လို့ ပြောသွားတာဖြစ်ပါတယ်။

အခု အော်ပရာစီစစ်ဆင်ရေးလုပ်တဲ့နေရာတွေမှာ တရားမဝင်လိင်ဖျော်ဖြေရေးလုပ်ငန်းတွေပါ ရှိနေကြောင်းလည်း မလေးသတင်းတွေမှာ ရေးသား ဖေါ်ပြနေပါတယ်။ ဝင်ရောက်စီးနင်းခဲ့တဲ့နိုက်ကလပ်တွေမှာ CCTV တွေတပ်ဆင်ထားပြီး တံခါးတွေကိုလည်း Password ခံပိတ်ထားပြီး စောင့်ကြပ်နေတဲ့ လုံခြုံရေးဝန်ထမ်းတွေက မြန်မာတွေဖြစ်ကြတယ်လို့လည်းဆိုပါတယ်။ ဒီစီးနင်းမှုမှာ မြန်မာနိုင်ငံသား အမျိုးသား ၆၅ ဦးနဲ့ အမျိုးသမီး၂၇ ဦး စုစုပေါင်း ၉၂ ဦးကို ဖမ်းဆီးခဲ့တဲ့အထဲမှာ ၃၉ ဦးကတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေနဲ့ငြိစွန်းနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် မလေးရှားလ၀ကဘက်က ဆက်လက်အရေးယူသွားမယ်လို့သိရပါတယ်။ ဒီနိုက်ကလာပ်တွေကို လွန်ခဲ့တဲ့ ၈ လခန့်က စတင်ဖွင့်လှစ်ခဲ့ပြီး တရားဝင်လိုင်စင်မရှိဘဲ လုပ်ငန်းလည်ပတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲကတချို့ ကိုတော့ လိင်ဖြော်ဖြေရေးဆိုင်ရာအက်ဥပဒေနဲ့ ဖမ်းဆီးထားပြီး အကောက်ခွန်အက်ဥပဒေနဲ့လည်း စုံစမ်းစစ်ဆေးနေတယ်လို့ မလေးရှားအာဏာပိုင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံ စီလန်ဂေါ (Selangor) ပြည်နယ် Bandar Puchong မှာလည်း တရားမဝင်ဖွင့်လှစ်ထားတဲ့ ကာရာအိုကေခန်းကို မလေးအာဏာပိုင်တွေနဲ့လူကုန်တိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်တန်ဆာအဖြစ် အတင်းအကြပ်စေခိုင်းခံထားရတဲ့ မြန်မာနိုင်ငံသူလေးဦးကို ကယ်တင်ခဲ့တယ်လို့ မလေးရှားသတင်းတွေမှာ ဖေါ်ပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG