သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ အထောက်အထားမဲ့မြန်မာတချို့ဖမ်းခံရ

မလေးရှားနိုင်ငံ၊ စီလင်ဂေါ ပြည်နယ်၊ Seri Kembangan (စီရီ ကန်ဘန်ငန်) မှာရှိတဲ့ဈေးကြီးမှာ လုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှား လဝက၊ ရဲတပ်ဖွဲ့တို့က အော်ပရာစီ စစ်ဆင်ရေးအရ ဝင်ရောက်စီးနင်း စစ်ဆေးဖမ်းဆီးခဲ့စဉ် ( ဇွန် ၁၄၊ ၂၀၂၃)

မလေးရှားနိုင်ငံ၊ စီလင်ဂေါ ပြည်နယ်အတွင်းက လက်ကားဈေးကြီးမှာ အလုပ်လုပ်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဇွန်လ ၁၄ ရက်နေ့မှာ မလေးရှား လဝက၊ ရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှုနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့အဖွဲ့က အော်ပရာစီ စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်စီးနင်း စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဇွန်လ ၁၅ ရက်နေ့က မလေးရှား လဝက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲ အထောက်အထားမဲ့ မြန်မာ ၁၇ ဦး ပါဝင်ပြီး UNHCR အထောက်အထားရှိတဲ့ မြန်မာ ၄၀ ကျော် ပါဝင်တယ်လို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ၊ စီလင်ဂေါ ပြည်နယ်၊ Seri Kembangan (စီရီ ကန်ဘန်ငန်) မှာရှိတဲ့ဈေးကြီးမှာ လုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဇွန်လ ၁၄ ရက်နေ့မှာ မလေးရှားလဝက၊ ရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှုနှိမ်နှင်းရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၉၆ ယောက်ပါတဲ့ အဖွဲစုံက အော်ပရာစီ စစ်ဆင်ရေးအရ ဝင်ရောက်စီးနင်း စစ်ဆေးဖမ်းဆီးခဲ့ရာမှာ အထောက်အထားမဲ့မြန်မာတွေ ဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းက အခုလိုပြောပါတယ်။

“နောက်ဆုံးကြားရတဲ့သတင်းကတော့ ၁၄ရက်နေ့က Seri Kembangan (စီရီ ကန်ဘန်ငန်) ဘက်မှာ အော်ပရာစီ ဝင်ဆွဲသွားတာရှိတယ်။ အဲဒီမှာ ဖမ်းဆီးခံရတာဦးရေလည်း များတယ်။ မနက် မိုးလင်းခါနီးမှာ ဝင်ဖမ်းသွားတာပါ။ အဲဒီမှာ အထာက်အထားမရှိတဲ့ မြန်မာ ၁၇ယောက်လောက် အဖမ်းခံရတာရှိတယ်။”

မနက် ၅နာရီကနေ စတင်ပြီး ဈေးကြီးအတွင်း ပိတ်ဆို့ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာမှာ တချို့ကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး အထောက်အထားမဲ့ နိုင်ငံခြားသား ၉၅ယောက်ကိုသာ ဖမ်းဆီး စစ်ဆေးနိုင်ခဲ့တယ်လို့ မလေးရှား လဝက ညွှန်ကြားရေးမှူးချုပ် Datuk Ruslin Jusoh က ထုတ်ဖေါ်ပြောဆိုသွားခဲ့ပါတယ်။ အခုလို စစ်ဆေးဖမ်းဆီးခဲ့ရတာဟာ တရားမဝင် နိုင်ငံခြားသားတွေ ဈေးအတွင်းဝင်ရောက် လုပ်ကိုင်နေကြောင်း အများပြည်သူတွေရဲ့ သတင်းပေး တိုင်ကြားချက်တွေအရ စစ်ဆေး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

မလေးရှားနိုင်ငံ၊ စီလင်ဂေါ ပြည်နယ်၊ Seri Kembangan (စီရီ ကန်ဘန်ငန်) မှာရှိတဲ့ဈေးကြီးမှာ လုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှား လဝက၊ ရဲတပ်ဖွဲ့တို့က အော်ပရာစီ စစ်ဆင်ရေးအရ ဝင်ရောက်စီးနင်း စစ်ဆေးဖမ်းဆီးခဲ့စဉ် ( ဇွန် ၁၄၊ ၂၀၂၃)
မလေးရှားနိုင်ငံ၊ စီလင်ဂေါ ပြည်နယ်၊ Seri Kembangan (စီရီ ကန်ဘန်ငန်) မှာရှိတဲ့ဈေးကြီးမှာ လုပ်ကိုင်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှား လဝက၊ ရဲတပ်ဖွဲ့တို့က အော်ပရာစီ စစ်ဆင်ရေးအရ ဝင်ရောက်စီးနင်း စစ်ဆေးဖမ်းဆီးခဲ့စဉ် ( ဇွန် ၁၄၊ ၂၀၂၃)

ကွာလာလမ်ပူနဲ့ တခြား ထိုင်း-မလေးနယ်စပ်မြို့တွေမှာ ဖမ်းဆီးခံရသူတွေထဲမှာတော့ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်နေတဲ့ CDM ဝန်ထမ်းတွေလည်း ပါဝင်တာကြောင့် မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာ စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့ကွာလာလမ်ပူမြို့မှာလည်း ခပ်စိတ်စိတ် ဖမ်းခံရတယ်။ ထိုင်းနယ်စပ် ထိုင်းနဲ့ မလေးနယ်စပ်မြို့တွေမှာလည်း အဖမ်းခံရတာရှိတယ်၊ များသောအားဖြင့် CDM တွေ ဖမ်းခံရတာဆိုရင် ကျနော်တို့ကို အကြောင်းကြားတာရှိတယ်။ ကျနော်တို့က နိုင်ငံရေးနဲ့ပတ်သက်တဲ့ရုံး ဖြစ်နေတော့ CDM တွေ၊ စစ်ဘေးရှောင်တွေက ယူအန် စတေးတပ် (UN Status) ရဖို့ ဆက်စပ်ထားတာဖြစ်လို့ ကျနော်တို့ကို အကြောင်းကြားတာရှိတယ်။ ကွမ်တန်းဘက်မှာ အဖမ်းခံရတော့ CDM တွေပါသွားတယ်။ ပူချွန်းဘက်မှာတော့ ၅ မျဉ်းစောင်း (စစ်ကိုင်းတိုင်းမှတ်ပုံတင်)တွေ ပါသွားတယ်။ သူတို့နိုင်ငံထဲကထွက်ဖို့လည်း တရားဝင်ထွက်ခွင့်မရသလို၊ အခု ဒီမှာရှိပြီးသားလူတွေကလည်းစစ်ကောင်စီမြန်မာသံရုံးက နိုင်ငံကူးစာအုပ်ကို သက်တမ်းမတိုးပေးကြဘူး။”

UNHCR ကဒ်ပြားတွေကိုင်ဆောင်ထားကြတာတွေကိုတော့ အသေးစိတ် စစ်ဆေးနေတယ်လို့လည်း မလေးရှားနိုင်ငံက သတင်းတွေမှာ ဖော်ပြကြပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင်မြန်မာတွေ အများအပြားရှိနေပြီး များသောအားဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်း ကုန်နေသူတွေ၊ ထိုင်း-မလေးနယ်စပ်တွေကနေ ဝင်ရောက်လာသူတွေ များတယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသာတွေကိုတော့ သက်တမ်းကုန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်မှု၊ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်း ချိုးဖောက်မှုတွေ အပါအဝင် အခြားပြစ်မှုတွေနဲ့လည်း အရေးယူသွားမယ်လို့ လဝကထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

XS
SM
MD
LG