သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ အာဆီယံတောင်းဆို


အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအခမ်းအနားအတွင်း အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကို တွေ့ရစဉ် (မေ ၁၀၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအခမ်းအနားအတွင်း အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကို တွေ့ရစဉ် (မေ ၁၀၊ ၂၀၂၃)

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံး ရပ်ဆိုင်းဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ဘေးကင်းလုံခြုံစွာ ပေးပို့နိုင်ရေး အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံ ပထမနေ့မှာ အဖွဲ့ဝင် ၉ နိုင်ငံ ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပြန်တောင်းဆိုပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) ကတော့ ဒေသတွင်း နိုင်ငံတွေအကြား ညီညွတ်ဖို့ မနေ့က ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းမှာ ဆော်ဩသွားပါတယ်။

အဖွဲဝင်နိုင်ငံတွေအကြား အဓိက ညီညွတ်မှု ရှိတယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်လာရေးကို ဖေါ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ အာဆီယံနိုင်ငံတွေဟာ ဖွံဖြိုးမှုရဲ့ အချက်အခြာ ဗဟိုကျတဲ့ နေရာမှာ ရှိတဲ့အကြောင်း အင်ဒိုနီးရှား သမ္မတ Joko Widodo က ပြောဆိုသွားပါတယ်။ ကမ္ဘာပေါ်က နိုင်ငံတွေထက် ပျှမ်းမျ ဖွံဖြိုးမှု ပိုမို အားကောင်းသလို ပထဝီဝင် အနေအထားအရရော တည်ငြိမ်ရေးအတွက်ပါ အရေးသာတဲ့ နေရာမှာ ရှိတဲ့အကြောင်း Joko Widodo က ပြောဆိုသွားတာပါ။ ဒါပေမဲ့လည်း အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ အာဆီယံ အဖွဲ့အကြီးအပေါ် သံတမန်ရေးအရ ဖိအားပေးမှုတွေ တိုးလာနေပြီး မြန်မာ့အရေး ဆောင်ရွက်ချက်တွေ အရာမထင်ဘူးဆိုပြီး ဝေဖန်ခံနေရတဲ့အချိန်လည်း တိုက်ဆိုင်နေပါတယ်။

ထိပ်သီးညီလာခံ မကျင်းပခင်လေးမှာတင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီပေးရေး ASEAN သံအရာရှိတွေ လိုက်ပါတဲ့ ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင် အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေး အခြေအနေကို အများက ပိုပြီး အာရုံစိုက်ခဲ့ကြပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေ ဘေးကင်းလုံခြုံစွာပေးနိုင်ရေးအပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး ပါဝင်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့ အနေအထားကို ဖန်တီးဖို့လည်း မနေ့က ထုတ်ပြန်တဲ့ အာဆီယံ ထိပ်သီးညီလာခံ ကြေညာချက်မှာ တောင်းဆိုပါတယ်။ NUG အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ကတော့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံပေမဲ့လည်း စစ်ကောင်စီအပေါ် ယုံကြည်မှု မရှိတဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

မနေ့က အာဆီယံထိပ်သီး အစည်းအဝေးအတွင်း မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim ကလည်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကြောင့် ဒုက္ခသည် နှစ်သိန်းလောက်ကို လက်ခံထားရတဲ့ မလေးရှားနိုင်ငံရဲ့ ဝန်ထုတ်ဝန်ပိုးကို ထောက်ပြပြီး မြန်မာ့အရေးမှာ ပိုပြီး ထိရောက်အောင် ကိုင်တွယ်ဖိအားပေးဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG