သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထောက်ပံ့ရေးယာဉ်တန်း ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ခိုက်ခံရ


ဆီဆိုင်မြို့
ဆီဆိုင်မြို့

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံဖို့ လာတဲ့ အာဆီယံသံတမန်တွေရဲ့ ယာဉ်တန်းကို လက်နက်ကိုင် တချို့က ပစ်ခတ်ခဲ့ပါတယ်။ ယာဉ်တန်းမှာ လိုက်ပါတဲ့ လုံခြုံရေးအဖွဲ့တွေက ပြန်ပစ်ခတ်ခဲ့တဲ့နောက် ဘယ်အဖွဲ့ကမှန်း မသိရတဲ့ လက်နက်ကိုင်တွေက ထွက်ပြေးသွားခဲ့သလို သံတမန်တွေဟာလည်း တောင်ကြီးမြို့ကို လှည့်ပြန်သွားခဲ့ရတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး မမြသဇင်အောင် တင်ပြထားပါတယ်။

အင်ဒိုနီးရှား၊ စင်္ကာပူနိုင်ငံက သံတမန်တွေနဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ-AHA စင်တာ တာဝန်ရှိသူတွေဟာ ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးမှာ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံဖို့နဲ့ ထောက်ပံ့ကူညီဖို့ လာရောက်စဉ် ပစ်ခတ်ခံရတာဖြစ်ပါတယ်။

အာဆီယံသံတမန်ယာဉ်တန်းဟာ တနင်္ဂနွေနေ့ မနက် ၉နာရီခန့်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး အခင်ဖြစ်ပွားပုံကို PNLO ရဲ့ ဒုဥက္ကဋ္ဌ ၁ ခွန်ထွန်းတင်က VOA ကို အခုလို ပြောပါတယ်။

“ မနေ့က မနက်ပေါ့။ ယာဉ်တန်းက ဆီဆိုင်မရောက်ခင်ပေါ့နော်။ အဲဒီနန်းသြရွာ အဝင်နားပေါ့ Ambush ခံရတာပေါ့။ အဲဒီယာဉ်တန်းပေါ်မှာတော့ အင်ဒိုနီးရှားရဲ့ သံတမန်တွေပါတယ်။ နောက်စင်္ကာပူ သံတမန်တွေပါတယ်။ နောက်ပြီး AHA ပေါ့။ အဲဒါကျတော့ သူတို့ ဝန်ထမ်း တစ်ဦးပါတာပေါ့။ ပစ်ခံရတာ ၄ - ၅ - ၆ချက်လောက်ပေါ့။ အဲလိုမျိုးဖြစ်သွားတာပေါ့။ အထိအခိုက်တော့ မရှိဘူး။ အဲမှာတော့ ရဲကားမှန်ကွဲ သွားတာပေါ့။ ”

ယာဉ်တန်းနဲ့အတူ PNLO ကိုယ်စားလှယ်နဲ့ ရှမ်းပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ လိုက်ပါလာခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက ပြန်လည်ပစ်ခတ်ချိန်မှာ ခြုံခိုတိုက်ခိုက်တဲ့အဖွဲ့က ထွက်ပြေးသွားခဲ့ပါတယ်။

တိုက်ခိုက်တဲ့အဖွဲ့ကိုတော့ အခုချိန်ထိ ဖော်ထုတ်နိုင်တာမရှိကြောင်း ပြောပါတယ်။ အာဆီယံ သံတမန်အဖွဲ့ဟာ ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံးမှာ စစ်ဘေးရှောင်မိသားစု ၁၀ စုနဲ့တွေ့ဆုံဖို့ ပြင်ဆင်ထားတာပါ။

သူတို့အတွက် ယူဆောင်လာတဲ့ ထောက်ပံ့ရေးပစ္စည်းအချို့ကိုတော့ ဝေငှပေးလိုက်ကြောင်းနဲ့ ကျန်စစ်ရှောင်ပြည်သူအားလုံးကို ရေရှည်အထောက်အပံ့တွေ ဆက်ပေးနိုင်ဖို့အတွက် ဆက်လက် ဆွေးနွေးသွားဖို့ ရှိကြောင်း ခွန်ထွန်းတင်က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရှောင်တွေအတွက် ကူညီရေးဆောင်ရွက်ပေးနေသူတစ်ဦးကတော့ လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာလိုအပ်နေသလို မိုးရာသီဝင် ရောက်လာတော့မှာကြောင့် အမိုးအကာတွေလည်း လိုအပ်နေကြောင်း ပြောပါတယ်။

“ အခုဒီစစ်ရှောင်က ဒီလဆို စားနပ်ရိက္ခာမှ မရှိတော့တာ။ WFP ဆို သူတို့ ၂ခါလား၊ ၃ခါလားပဲ ပေးဖူးတယ်လေ။ ကျန်တဲ့ဟာကျတော့ မြေပြင်မှာရှိတဲ့ ပရဟိတအဖွဲ့တွေ အဲလိုမျိုးပဲ ထောက်ပံ့ပေးတာကိုး။ လူထုတွေပူးပေါင်းပြီးပဲ လုပ်တဲ့ဟာပဲ ရှိတယ်။ အခု သူတို့ မလာ မပေးနိုင်တော့တဲ့အခါကျ ဒီလဆို စားနပ်ရိက္ခာအတွက် တော်တော်လိုအပ်နေပြီလေ။ Shelter ပိုင်းဆိုရင်လည်း နဂိုက လုပ်ထားတဲ့ အမိုးတွေလန်၊ နောက်ပြီးတော့ ဝါးတဲလုပ်တဲ့ဟာ ပိုးတွေထိုး၊ ပျက်တဲ့ဟာပျက်၊ ဆွေးတဲ့ဟာ ဆွေးကုန်တဲ့အနေအထားတော့ ရှိတယ်ပေါ့။”

လောလောဆည် ဆီဆိုင်မြို့နယ်မှာ စစ်ရှောင်စခန်း ၄၀ကျော်လောက်နဲ့ လူဦးရေ ၈၀၀၀ ဝန်းကျင် လောက်ရှိနေတာပါ။ ဒီစစ်ရှောင်တွေဟာ ၂၀၂၁ခုနှစ်လောက်ကတည်းက ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ပစ်ခတ်ဖြစ်ပွားတဲ့နေရာဟာ ပအိုဝ်းအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ပြီး PNA ခေါ် ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ မြန်မာ့အရေး အပါအဝင် ဒေသတွင်း ပြဿနာတွေကို ဆွေးနွေးမယ့် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုအတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက သမ္မတ Joko Widodo က ပြစ်တင်ရှုတ်ချလိုက်ပြီး၊ ပြည်သူလူထု ဒုက္ခရောက်စေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ကြဖို့လည်း တောင်းဆိုခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံအသင်းရဲ့ ကြိုးပမ်းမှုတွေကို ဟန့်တားနိုင်မှာ မဟုတ်ကြောင်းလည်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG