သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လဲချားနယ်တဝိုက် ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်


ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်များ
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အတွင်းမှာ ဒီရက်ပိုင်းမှာ ရှမ်းတပ် နှစ်တပ်ဖြစ်တဲ့ SSPP နဲ့ RCSS အကြားမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပါတယ်။ SSPP ဘက်ကတော့ သူတို့ လူကြီး ယာဉ်တန်းကို RCSS က မိုင်းခွဲတိုက်ခိုက်တာကြောင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရင်း ဖြစ်တာလို့ ပြောဆိုပြီး ဒီတိုက်ပွဲတွေကြောင့် ဒေသခံတချို့ လဲချားမြို့ပေါ် တိမ်းရှောင်ရတာတွေ ရှိနေပါတယ်။ ရှမ်းတပ်နှစ်တပ်ရဲ့ တိုက်ပွဲအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ တပ်တွေဟာ လဲချားမြို့နယ်အတွင်း ဒီလ ၉ရက်နေ့နဲ့ ၁၁ရက်နေ့မှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့တာပါ။ ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး လဲချားမြို့ခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီ မနေ့ကတော့ မက်လန်းဘက်ပေါ့နော်။ လဲချားအထွက်မှာပေါ့။ မက်လန်းရွာဆိုတာ ရှိတယ်လေ။ အဲဒီ မက်လန်းရွာက နမ့်ကွမ်၊ နမ့်ကွမ်ချောင်းမှာ။ ဒီနားလေးတဝိုက်မှာ ဖြစ်နေကြတာပေါ့နော။ ၉ရက်နေ့ကတော့ ရွာမှာတော့ ဖြစ်တယ်ရှင်။ ဒီမြို့ထဲတော့ မဟုတ်ဘူး။ စလိုင်းလွယ်ဘက်ကပေါ့။ မနေ့ကတော့ မြို့နဲ့နီးတာပေါ့လေ။”

တိုက်ပွဲဖြစ်တာကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာက ဒေသခံတွေဟာ လဲချားမြို့ပေါ်ကို တိမ်းရှောင်လာတာတွေ ရှိကြောင်း၊ သူတို့တွေဟာ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ နေထိုင်နေကြောင်းနဲ့ လူဦးရေ ရာဂဏန်းခန့် ရှိနိုင်ကြောင်း ပြောပါတယ်။

“ဘုန်းကြီးကျောင်းမှာ လာတည်းတာရယ်၊ အမျိုးတွေ အိမ်လာတည်းတာရယ် ရာဂဏန်းပေါ့နော။”

လတ်တလော တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး သီဟရာဇာက အခုလို ပြောပါတယ်။

“ဖြစ်သွားတာ လဲချားနယ်တဝိုက်ပေါ့။ လဲချားနဲ့ မိုင်းနောင်ကြားပေါ့။ အဲဒီမှာဖြစ်တာပါ။ ၉ရက်နေ့လောက် စဖြစ်တယ်။ ဘယ်လိုကြောင့် ဖြစ်လဲဆိုတော့ ဟို… တုံလောဘက် ကျနော်တို့ လူကြီးခရီးစဉ် တပ်တွင်း တွေ့ဆုံပွဲ ဘာညာသွားလုပ်တဲ့အခါ သူတို့က မိုင်းတွေ ထောင်ထားတယ်။ ကားလည်း ပျက်ဆီးတယ်။ လူလည်း ဒဏ်ရာတွေ ရခဲ့တယ်။ ၃၀ ရက်နေ့လောက်ဖြစ်တာ။ အဲဒါကြောင့် မိုင်းတွေ ရှင်းလင်းတဲ့အနေနဲ့ ကျနော်တို့ သွားရောက်ရှင်းပစ်တာပါ။”

လက်ရှိ တိုက်ပွဲတွေအတွင်း အထိအခိုက်စာရင်းကိုတော့ အသေးစိတ်ပြောဆိုတာ မရှိပါဘူး။ ဒီကနေ့မှာလည်း မိုင်းနောင်မြို့နယ်အတွင်း တိုက်ပွဲထပ်မံ ဖြစ်ပွားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူမကြားသိရသေးကြောင်း ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဘက်ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

ရှမ်းပြည်နယ် သတင်းတွေကို အဓိက ဖော်ပြပေးနေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနကတော့ ၉ရက်နေ့ကဖြစ်ပွားတဲ့ တိုက်ပွဲမှာ RCSS တပ်သား ၁ ဦးကျဆုံးပြီး ၊ ၁ ဦးဒဏ်ရာရခဲ့ကြောင်းနဲ့ SSPP ဘက်က ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်းမှာ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒါဟာ SSPP စစ်ကြောင်းတွေ သူတို့နယ်မြေအတွင်း ဝင်ရောက်လာတာကြောင့် ဖြစ်ကြောင်း RCSS ဘက်က စွပ်စွဲခဲ့ပါတယ်။ SSPP ကတော့ ဒီနယ်မြေအတွင်း အရင်နှစ်တွေကတည်းက သူတို့အခြေချ လှုပ်ရှားနေတာဖြစ်ကြောင်း တုံပြန်ခဲ့ပါတယ်။

ဒါဟာ ရပ်စောက်မြို့နယ်အတွင်းမှာ နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားပြီး နောက် ၇ လကျော်ကြာ ငြိမ်သက်နေရာက ပထမဆုံး တိုက်ပွဲ ပြန်လည်ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။ RCSS ဟာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး SSPP ကတော့ လက်မှတ် မထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG