သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချိုမြို့နယ်တွင်း ၆ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်


နောင်ချိုမြို့နယ်အတွင်း လေကြောင်းပစ်ခတ်ခံရ (ဧပြီ ၁၀၊ ၂၀၂၃)
နောင်ချိုမြို့နယ်အတွင်း လေကြောင်းပစ်ခတ်ခံရ (ဧပြီ ၁၀၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တနင်္လာနေ့ တစ်ရက်တည်းမှာတင် လေကြောင်းက တိုက်ခိုက်မှု ၅ ကြိမ်ရှိကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။ မနေ့က တိုက်ခိုက်မှုမှာ ဟိုခဲကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း ပစ်ခတ်တာတွေ ရှိခဲ့သလို သံဘိုကျေးရွာမှာတော့ သေဆုံးမှုတွေ ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ ၆ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့နယ်အတွင်းက တိုက်ပွဲအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က ပြောပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တနင်္လာနေ့က လေကြောင်းက တိုက်ခိုက်မှု ၅ကြိမ်ရှိကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။ မနေ့က တိုက်ခိုက်မှုမှာ ဟိုခဲကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း ပစ်ခတ်တာတွေ ရှိခဲ့သလို သံဘိုကျေးရွာမှာတော့ သေဆုံးမှုတွေ ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ ၆ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့နယ်အတွင်းက တိုက်ပွဲအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က ပြောပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား ဒီလ ၅ရက်နေ့က စတင်ပြီး နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဒီလ ၁၀ရက်၊ မနေ့က စစ်ကောင်စီဘက်က လေကြောင်းက ၅ကြိမ် တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မှာလည်း နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မနေ့က ၁၀ ရက်နေ့ တစ်ရက်တည်းကို လေကြောင်း တိုက်ခိုက်မှု ၅ကြိမ်ပေါ့။ တစ်နေကုန် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်ပေါ့။ ည ၁၂ နာရီ ထိုးခါနီးအထိကို သူတို့ လုပ်နေတုံးပဲ။ စုစုပေါင်း ၅ ကြိမ်ရှိခဲ့တယ်။ ၅ ရက်နေ့ကနေ စပြီးတော့ တောက်လျှောက် တိုက်ပွဲဖြစ်နေတာ ၁၁ ရက်နေ့ အထိလည်း တိုက်ပွဲဖြစ်နေတုံးပဲ။ ဒီနေ့ဆိုရင် ၆ရက်ရှိပြီပေါ့။ ဆက်တိုက် တိုက်ပွဲဖြစ်နေတာ။ ဒီ ၆ရက်တာကာလအတွင်း ရင်ဆိုင်တိုက်ပွဲ အကြိမ်ပေါင်း ၂၀ လောက်အထိ နောင်ချိုမြို့နယ် နေရာအနှံအပြားမှာ ဖြစ်ခဲ့တယ်ဗျ။ တချို့တိုက်ပွဲတွေကတော့ မိနစ်ပိုင်း၊ နာရီပိုင်းနဲ့ ပြီးသွားပေမဲ့ တချို့တိုက်ပွဲတွေကတော့ တစ်နေကုန်နီးပါး ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေလည်း ရှိခဲ့တယ်။”

တနင်္လာနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ခန့်အထိ ကျဆုံးကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူပြောဆိုပေမဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိပါဘူး။

ဒေသခံတွေက မနေ့က လေကြောင်းက တိုက်ခိုက်မှုရှိသလို သုံးဆယ်ဈေးကုန်း ရွာဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိကြောင်း ပြောပါတယ်။ မနေ့က လေကြောင်းတိုက်ခိုက်မှုနဲ့ ထိခိုက်မှုအခြေအနေကို ဒေသခံတစ်ဦး ပြောပြတာကတော့ −

“လေယာဉ်ပစ်ခတ်မှုမှာ ဟိုခဲကျေးရွာပေါ့။ နောင်ချိုမြို့နယ် ဟိုခဲကျေးရွာ ဘုန်းကြီးကျောင်းထဲကိုလည်း ပစ်ခတ်မှုတွေ ရှိတယ်လို့တော့ သိရတယ်။ ထိခိုက်ဒဏ်ရာရရှိမှုကတော့ ကောက်ယူနေဆဲပဲဗျ။ လက်နက်ကြီး ပစ်ခတ်မှုတွေမှာတော့ စကစဘက်က ပစ်ခတ်တဲ့ ဖြစ်စဉ်မှာတော့ အရပ်သား သေဆုံးမှုတွေ ရှိတယ်ဗျ။ နောင်ချိုမြို့နယ် သံဘိုကျေးရွာက ကလေးပေါ့။ ကျားတစ်ဦး၊ မတစ်ဦးသေဆုံးတယ်။ အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရတယ် ဆိုပြီးတော့ ရှိခဲ့တယ်ဗျ။”

၆ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာကြောင့် နောင်ချိုမြို့နယ်အတွင်းက ကျေးရွာ ၁၀ထက်မနည်းက ပြည်သူတွေဟာ နောင်ချို၊ ပြင်ဦးလွင်နဲ့ အခြား ဘေးလွတ်ရာ ကျေးရွာတွေဆီကို ထွက်ပြေးနေရပါတယ်။

တိမ်းရှောင်နေရသူ အရေအတွက်ထောင်ချီ ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုတာတွေ ရှိပေမဲ့ အတိအကျ စာရင်းကောက်ယူနိုင်တာမရှိသေးပါဘူး။

ဒီလ ၇ရက်နေ့ကတော့ မိုးကုတ်-ပြင်ဦးကားလမ်းက လယ်ကြီးကျေးရွာက စစ်ကောင်စီစခန်းကို KIA နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ပြင်ဦးလွင်မြို့မှာ အစစ်အဆေးတွေများပြားပြီး လုံခြုံရေး တင်းကျပ်ကြောင်းလည်း ဒေသခံတွေက ပြောကြပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}














XS
SM
MD
LG