သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးစည်းဝေး မြန်မာ့အရေးဆွေးနွေးမည်


မေလ ၉ ရက်နေ့ကနေ ၁၁ နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးအကျပ်အတည်းကိစ္စဟာ အဓိကဆွေးနွေးစရာတခုဖြစ်လာမယ်လို့ သံတမန်တွေက ပြောကြပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုတင်ပြင်ထားတဲ့ အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်မူကြမ်းထဲမှာတော့ အာဆီယံအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုထားတယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။ AFP က ရထားတဲ့ ထုတ်ပြန်ချက်မူကြမ်းထဲမှာ မြန်မာ့နိုင်ငံရေးကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေထုတ်နိုင်မယ့် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာဖို့ဆိုရင် အကြမ်းဖက်မှုတွေရပ်တန့်ခြင်းကသာ တခုတည်းသော အခင်းအကျင်းဖြစ်လိမ့်မယ်လို့ ဖော်ပြထားတယ်လို့ဆိုပါတယ်။

'အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဆွေးနွေးပွဲတွေဖြစ်လာဖို့' ဆိုတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာအရေး ဘုံသဘောထားတရပ် လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ထုတ်ပြန်ထားပေမယ့် လက်တွေ့ဖြစ်မလာသေးတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ အာဆီယံကတိုက်တွန်းနေချိန်မှာပဲ အတိုက်အခံအဖွဲ့တွေထိန်းချုပ်ထားတဲ့ ကျေးရွာတရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ လူ တရာကျော်သေဆုံးခဲ့ရပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ပဋိပက္ခအတွင်းမှာပါတဲ့ ဘက်အားလုံးကိုထိစပ်ပြီး အသံတိတ်သံတမန်ရေးနဲ့ညှိနှိုင်းဆောင်ရွက်နေပါတယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က ပြောခဲ့ပါတယ်။

အခု ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီကတော့ မြန်မာကိုယ်စားပြုပါဝင်ခွင့်မရပါဘူး။ မြန်မာ့အရေးအာဆီယံဘုံသဘောထားကို လိုက်နာဖို့ ပျက်ကွက်နေတာကြောင့် အာဆီယံရဲ့အမြင့်ဆုံး ထိပ်သီးညီလာခံမှာ စစ်ကောင်စီအကြီးအကဲ ပါဝင်ခွင့်ကို ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG