သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲ (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး)


စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ခဲ့တာ ၂ နှစ်ပြည့်ဖို့ အချိန်နီးကပ်လာတဲ့အချိန်မှာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ထုတ်ပစ်ရေး ပြောဆိုမှုတွေနဲ့ပတ်သက်လို့ စင်္ကာပူအစိုးရရဲ့ သဘောထား ဘယ်လိုရှိပါသလဲလို့ − မတ်လ ၂၀ ရက်၊ တနင်္လာနေ့က ကျင်းပတဲ့ လွှတ်တော်အမေးအဖြေကဏ္ဍမှာ အလုပ်သမားပါတီက လွှတ်တော်အမတ် Hougang Dennis Tan မေးလိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး Balakrishnan က စာနဲ့ရေးသားပြီး ပြန်လည် ဖြေကြားခဲ့တာပါ။

အာဆီယံရဲ့ လုပ်ငန်းစဉ်တွေ ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာကို အာဆီယံအဖွဲ့ထဲက ထုတ်သင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေစဉ် မတ်လ အစောပိုင်းတုန်းက ပြောဆိုခဲ့တာကို အခြေခံပြီး အခု စင်္ကာပူ လွှတ်တော်အမတ်ကလည်း သူ့အစိုးရရဲ့ သဘောထားကို မေးခွန်းထုတ်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အမြဲတမ်း ပြောင်းလဲလာနေခဲ့တာပါ။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်က ပါဝင်ဆွေးနွေးပြီး သဘောတူခဲ့တာဖြစ်ပေမယ့် အခုချိန်ထိ အဲဒီ သဘောတူညီချက်တွေထဲက တစ်ခုမှ အကောင်အထည်ဖော်တာ မရှိသေးဘူးလို့လည်း စင်္ကာပူ အလုပ်သမားပါတီ လွှတ်တော်အမတ် Hougang Dennis Tan အဲဒီ လွှတ်တော် အမေးအဖြေကဏ္ဍမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးစည်းဝေးပွဲအတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာ စစ်ခေါင်းဆောင်အကြား ရရှိခဲ့တဲ့ အဲဒီ ဘုံသဘောတူညီချက် ၅ ချက်ကတော့ − အကြမ်းဖက်လုပ်ရပ်တွေအားလုံး ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူအားလုံးအနေနဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်ကြဖို့၊ လူထုရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရရှိရေး သက်ဆိုင်သူအားလုံးအနေနဲ့ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့၊ ဒီဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို အာဆီယံ အတွင်းရေးမှူးချုပ်က အထောက်အကူပြုပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်တစ်ဦးက ကမကထပြု ဖော်ဆောင်ပေးဖို့၊ အာဆီယံ လူသားစာနာမှု အကူအညီပေးရေးဌာနကနေတဆင့် အာဆီယံအနေနဲ့ လူသားစာနာမှု အကူအညီပေးဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး အထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့တို့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}







XS
SM
MD
LG