သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံနဲ့ ပူးပေါင်းအဖြေရှာဖို့ မလေးရှားကတိပြု


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir (ဝဲ)နဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ယာ)တို့ အတူတွေ့ရစဉ် (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir (ဝဲ)နဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ယာ)တို့ အတူတွေ့ရစဉ် (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)

မြန်မာနိုင်ငံက နိုင်ငံရေးအကျပ်အတည်းအတွက် နောက်ဆုံးအဖြေရတဲ့အထိ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဆောင်ရွက်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအရေးဟာ ခက်ခဲ ရှုပ်ထွေးသလို၊ အာဆီယံတခုလုံးနဲ့ ဆက်စပ်နေတဲ့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး လက်ခံတဲ့ အဖြေလိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က အောက်လွှတ်တော်မှာ လွှတ်တော်အမတ်တွေရဲ့ အမေးကို ဖြေဆိုစဉ်မှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးအောင် မလေးရှားနဲ့ တခြားအာဆီယံနိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ပြီး ဖိအားပေးမလားလို့ လွှတ်တော်အမတ်တယောက်က နိုင်ငံခြားရေးဝန်ကြီးကို မေးခွန်းထုတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို မလေးရှားနိုင်ငံအနေနဲ့ အသိအမှတ်မပြုဘူးဆိုတာကိုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထပ်ပြီးပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး လူသားချင်းစာနာစရာပြဿနာတွေ ရေရှည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့အပေါ် မလေးရှားက စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စိတ်ကျေနပ်စရာဖြစ်လောက်အောင် မြန်မာဘက်က မလုပ်သေးပေမယ့် မြန်မာနိုင်ငံပြဿနာပြေလည်မယ့် အဖြေရတဲ့အထိ မလေးရှားက ဆက်လုပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က မလေးရှားအောက်လွှတ်တော်မှာ ဒီနေ့ပြောကြားခဲ့တာကို malaymail သတင်းမှာ ကိုးကားဖော်ပြခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံချင်း ဖြစ်နေတဲ့အတွက် မြန်မာနဲ့ မလေးရှားသံတမန်ဆက်ဆံရေး ဆက်လက်ထားရှိပေမယ့် မြန်မာဆိုင်ရာ မလေးရှားသံရုံးမှာ သံအမတ်အဆင့် မဟုတ်ဘဲ သံရုံးယာယီတာဝန်ခံက တာဝန်ယူကိုင်တွယ်နေဆိုတဲ့ မလေးနိုင်ငံခြားရေးဝန်ကြီးပြောတာကို သတင်းထဲမှာ ရေးထားပါတယ်။

အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေတာကြောင့် မြန်မာကို အာဆီယံအဖွဲ့ထဲက ယာယီထုတ်ပယ်ထားသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ပြီးခဲ့တဲ့သီတင်းပါတ်က ဖိလစ်ပိုင်နိုင်ငံရောက်နေချိန်မှာ ပြောခဲ့ပါသေးတယ်။ မြန်မာ့ပြဿနာဟာ ဒေသတွင်းလုံခြုံရေးကိုလည်း ထိခိုက်နေတာမို့ ပြည်တွင်းရေးကိစ္စလို့ သဘောထားလို့ မရတော့ဘူးလို့ မလေးဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံနဲ့ ပူးပေါင်းအဖြေရှာဖို့ မလေးရှားကတိပြု
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG