သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လမ်းဆုံလမ်းခွရောက်နေလို့ အင်ဒိုဝန်ကြီးသတိပေး


Indonesia Southeast Asia Summit
Indonesia Southeast Asia Summit

မြန်မာအရေးနဲ့ပတ်သက်ပြီး ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်နေလို့ ဒါဟာ အာဆီယံအတွက် ‘လမ်းဆုံလမ်းခွ’ ကိုရောက်နေတဲ့အခြေအနေလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးတန်းဝန်ကြီးတဦးက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့မှာ သတိပေးလိုက်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဟာ ပိုမိုပြင်းထန်လာနေလို့ ဒီ့အတွက် ထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး၊ တရားဥပဒေနဲ့ လုံခြုံရေးဆိုင်ရာညှိနှိုင်းရေးဝန်ကြီး Mahfud MD က အင်္ဂါနေ့မှာ ပြောခဲ့တာပါ။ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ Flores ကျွန်းမှာ မေလ ၉ ရက် ကနေ ၁၁ ရက်အထိ ကျင်းပနေပါတယ်။

အင်္ဂါနေ့က ဆွေးနွေးပွဲတွေမှာ ဝန်ကြီးတွေဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံအတွင်း အာဆီယံယာဉ်တန်းတိုက်ခိုက်ခံရမှုအပါအဝင် မြန်မာ့အရေးကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်းပြောပါတယ်။ ဒါပေမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများရဲ့အစည်းအဝေးပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ စစ်ကောင်စီဘက်နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဘက် နှစ်ဘက်စလုံးကို ဖိတ်ကြားတာမရှိဘဲ အလွတ်ထား, ထားပါတယ်။

မြန်မာ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေက အရာမထင်ဘူးလို့ ဝေဖန်ခံနေရချိန်မှာပဲ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ မြင့်လာနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် စစ်အာဏာသိမ်းဆန့်ကျင်တဲ့ အင်အားစုတွေနဲ့ တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုမှာပဲ အာဆီယံယာဉ်တန်းတိုက်ခိုက်ခံရမှုတခု ဖြစ်ပွားခဲ့တာပါ။ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ ညှိနှိုင်းမှုနဲ့ အာဆီယံသံတမန်တွေပါဝင်တဲ့ယာဉ်တန်းဟာ ဆီဆိုင်မြို့နယ်ထဲက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရုံးမှာ စစ်ရှောင်တွေကိုတွေ့ဆုံဖို့အသွားမှာ သူတို့ရဲ့ယာဉ်တန်း ပစ်ခတ်တာခံခဲ့ရပြီးနောက်ပိုင်း အာဆီယံဝန်ကြီးတွေက အခုလို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာပဋိပက္ခချုပ်ငြိမ်းရေးအတွက် ဘက်ပေါင်းစုံနဲ့စကားပြောဖို့အတွက် နောက်ကွယ်ကထိတွေ့ဆက်တဲ့ ‘တိတ်ဆိတ်တဲ့ သံခင်းတမန်ခင်း’ နည်းလမ်းကို အသုံးပြုနေတယ်လို့လည်း Marsudi က ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့ပါတယ်။

“အကျပ်အတည်းတခုကနေဖြစ်လာတဲ့ နောက်ဆက်တွဲ အကျပ်အတည်းတွေဟာ ကျနော်တို့ရဲ့ခံနိုင်ရည်ရှိမှုကို စမ်းသပ်နေကြတာပါ။ ဒါကိုဖြေရှင်းဖို့ပျက်ကွက်တာဟာ ကျနော်တို့ရဲ့ အရည်အသွေးကို ထိခိုက်စေတယ်။” လို့ မြန်မာ့အရေးတဲ့ပတ်သက်ပြီး Mahfud MD ကပြောခဲ့ပါတယ်။

အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ အကြမ်းဖက်မှုတွေကိုရပ်တန့်နိုင်ဖို့ လွန်ခဲ့တဲ့၂ နှစ်က မြန်မာစစ်တပ် အာဏာသိမ်းခေါင်းဆောင်နဲ့သဘောတူထားတဲ့ အချက် (၅) ချက်ပါ အာဆီယံဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်ကဖြုတ်ချပြီး သဘောထားကွဲလွဲသူတွေကို သွေးထွက်သံယို ဖြိုခွဲတဲ့အချိန်ကစလို့ မြန်မာနိုင်ငံဟာ ပြင်းထန်လှတဲ့အကြမ်းဖက်မှုတွေကြောင့် ပျက်စီးခဲ့ရပါတယ်။

ပြီးခဲ့တဲ့လကလည်း ပဇီကြီးရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁၇၀ ခန့် သေဆုံးခဲ့တဲ့ဖြစ်စဉ်ကို ကမ္ဘာလုံးကရှုတ်ချခဲ့တဲ့အတွက် စစ်အစိုးရကို နိုင်ငံတကာအလယ်မှာ ပိုမိုအထီးကျန်စေခဲ့ပါတယ်။ ဒီလို လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောခဲ့ပြီး စစ်တပ်ရဲ့ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် စစ်အစိုးရကို ဖိအားပေးနိုင်အောင် ပိုမိုအားကောင်းတဲ့ အစီအမံတွေလုပ်ဆောင်ဖို့ အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။

ဒီလို အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ပိုပြီးပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်ဖို့ အာဆီယံအပေါ် နိုင်ငံတကာရဲ့ ဖိအားကလည်း ရှိနေပါတယ်။ အာဆီယံကလည်း ဒီအကျပ်အတည်းတွေကို သံတမန်ရေးအရ ဦးဆောင်ပြီးဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပေမယ့် တဘက်မှာလည်း ဝေဖန်သူတွေကတော့ ဒါတွေဟာ လက်တွေ့မှာ ဘာမှအောင်မြင်မှုမရှိတဲ့ ဆွေးနွေးပွဲတွေပဲဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

စစ်တပ်ဘက်ကလည်း နိုင်ငံတကာရဲ့ဝေဖန်မှုတွေကို လျစ်လျူရှုပြီး ဖြုတ်ချခံထားရတဲ့ လွှတ်တော်အမတ်တွေ၊ အာဏာသိမ်းမှုကိုဆန့်ကျင်နေတဲ့ "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့" တွေနဲ့ လက်နက်ကိုင်တိုင်းရင်းသား လူနည်းစုအဖွဲ့တွေအပါအဝင် တွေ့ဆုံသင့်တဲ့လူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆိုထားတာကြောင့် အာဆီယံရဲ့ ကြိုးစားမှုတွေက မအောင်မမြင် ဖြစ်နေတာပါ။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပေမယ့် ငြိမ်းချမ်းရေးအစီအစဉ်ကို စစ်အစိုးရဘက်က အကောင်အထည်ဖော်ဖို့ပျက်ကွက်နေတဲ့အတွက် ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ကို ပိတ်ပင်ထားပါတယ်။

အာဆီယံရဲ့ပျက်ကွက်မှုတွေအတွက် ဝေဖန်ခံနေရတာဟာ ကြာမြင့်ပြီဖြစ်ပေမဲ့ အာဆီယံရဲ့ပဋိဉာဉ်စာတမ်းမှာတော့ နိုင်ငံတွေကြားထဲ ဝင်ရောက်စွက်ဖက်ခြင်းဆိုင်ရာကိစ္စတွေကို အခြေခံမူတွေနဲ့ ကန့်သတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG