သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား နိုက်ကလပ်ဖျော်ဖြေပွဲ မြန်မာ ၈၀ ခန့်ဖမ်းဆီးခံရ


မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ဇန်နဝါရီက ၁၃ ရက်နေ့ညက နိုက်ကလပ်တခုမှာ အဖမ်းခံရသူတချို့ (ဇန်နဝါရီ ၁၃၊ ၂၀၂၄/ဓာတ်ပုံ-CJ)
မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ဇန်နဝါရီက ၁၃ ရက်နေ့ညက နိုက်ကလပ်တခုမှာ အဖမ်းခံရသူတချို့ (ဇန်နဝါရီ ၁၃၊ ၂၀၂၄/ဓာတ်ပုံ-CJ)

မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ဇန်နဝါရီက ၁၃ ရက်နေ့ညက နိုက်ကလပ်တခုအတွင်းမှာ မြန်မာ့ဆိုရှယ်မီဒီယာမှာ နဂါးမယ်တော်အဖြစ်နာမည်ကြီးတဲ့ အေမီဈာန်နဲ့ sexy မော်ဒယ်အဖြစ်ထင်ရှားတဲ့ဖူးပွင့်ခိုင်တို့ ဖျော်ဖြေနေတုန်းမှာပဲ မလေးရှားရဲတွေက ဝင်ရောက်စီးနင်းဖမ်းဆီးရာမှာ မြန်မာ ၈၀ လောက် အဖမ်းခံရတယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ဇန်နဝါရီက ၁၃ ရက်နေ့ ညသန်းခေါင်အချိန် ၁၄ ရက်နေ့မနက်အစောပိုင်းမှာ နိုက်ကလပ်တခုအတွင်းမှာ မြန်မာနိုင်ငံကလာပြီး ဆိုရှယ်မီဒီယာမှာ နဂါးမယ်တော်အဖြစ်နာမည်ကြီးတဲ့ အေမီဈာန်နဲ့ sexy မယ်အဖြစ် ထင်ရှားတဲ့ ဖူးပွင့်ခိုင်တို့ ဖျော်ဖြေပွဲလုပ်နေတုန်းမှာပဲ မလေးရှားရဲတွေက ဝင်ရောက်စီးနင်းခဲ့တာပါ။ ဒီပွဲကို မလေးရှား ရင်းဂစ်နဲ့ဝင်ကြေးပေးရပြီး မြန်မာတွေက လာရောက်ကြည့်ရှုနေကြတာဖြစ်ပါတယ်။ ဖမ်းဆီးချိန်မှာ ရာဂဏန်းလောက်နဲ့ဖမ်းဆီးခံရပြီး နောက်ပိုင်းမှာ တချို့ကိုပြန်လွှတ်ပေးခဲ့ပေမယ့် မြန်မာနိုင်ငံက အလည်ဗီဇာနဲ့လာတဲ့ အေမီဈာန်နဲ့ sexy မော်ဒယ်အဖြစ်ထင်ရှားတဲ့ ဖူးပွင့်ခိုင်အပါအဝင် အတော်များများက အခုချိန်ထိ ဖမ်းဆီးခံထားရတယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းက ပြောပါတယ်။

"အဖမ်းအဆီးက မနေ့က တနာရီခွဲ နှစ်နာရီလောက်မှာ မလေးရှားရဲက အဲဒီနိုက်ကလပ်ကိုဝင်ဖမ်းတာ။ မြန်မာတွေ ပွဲလုပ်နေတယ်သတင်းကြားလို့ ဝင်ဖမ်းတာ။ အဲဒီမှာ မြန်မာ ၈၀ လောက် အဖမ်းခံရတယ်။ တချို့လည်း ပိုက်ဆံပေးညှိနှိုင်းပြီးထွက်သွားတယ်။ အချို့ အမျိုးသမီးအတော်များများကတော့ ပြန်မလွတ်သေးဘူး။ ထွက်မရသေးဘူး။ အဲဒီမှာ အေမီဈာန်ရယ်၊ ဖူးပွင့်ခိုင်ရယ်၊ ပွဲ organizer တွေရယ်၊ ဒေသကလူတွေရယ်၊ ကွာလာလာမ်ပူက အေမီဈာန်တို့ကို တာဝန်ခံပြီးခေါ်တဲ့ သူတွေကိုတော့ ရဲက အခုချိန်ထိတော့ ဖမ်းဆီးပြီးစစ်ဆေးနေတယ်။ ပြန်မလွှတ်သေးဘူး။"

အခုလိုမျိုး အလည်ဗီဇာနဲ့လုပ်ပြီး ခွင့်ပြုချက်မရဘဲ ဖျော်ဖြေပွဲလုပ်တာတွေဟာ မလေးရှားမှာ ဥပဒေနဲ့မညီညွတ်ဘူးလို့လည်း ပြောပါတယ်။

"အဲဒီလိုမျိုးနိုက်ကလပ်မှာ သူတို့က ဝင်ပြီးဖျော်ဖြေတာ၊ ရှိုးပွဲ သပ်သပ်လုပ်တာမဟုတ်ဘူး။ သူတို့က ရှိုးပွဲလုပ်ဖို့ Entertainment ဗီဇာနဲ့လာတာမဟုတ်ဘူး။ ရိုးရိုးအလည်ဗီဇာနဲ့လာတာဆိုတော့ သူတို့အနေနဲ့ ဥပဒေအရလုပ်ခွင့်မရှိဘူး။"

ဒီပွဲကိုတော့ နိုင်ငံရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဆန့်ကျင်တဲ့အတွက် နိုင်ငံရေးအသိုင်းအဝိုင်းကလူတွေကတော့ အဖမ်းမခံရဘူးလို့လည်း ဆိုပါတယ်။

"တော်လှန်ရေးအသိုင်းအဝိုင်းကတော့ မသွားဘူးပေါ့။ တော်လှန်ရေး နိုင်ငံရေးကို ဦးဆောင်လုပ်နေသူတွေကတော့ မသွားဘူး။"

မြန်မာနိုင်ငံသား ၈၀ လောက်အဖမ်းခံရပြီး ဒီထဲမှာ အထောက်အထားမရှိသူတွေ၊ ပွဲစီစဉ်သူတွေက ပရဟိတလုပ်နေတဲ့သူတွေလည်း အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့က ၁၄ ထပ် Apartment Abdullah Hukum တခုနဲ့ အနီးပတ်ဝန်းကျင်ရပ်ကွက်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့ညက အော်ပရာစီစစ်ဆင်ရေးလုပ်ရာမှာ လူတထောင်ကျော် ဖမ်းဆီးစစ်ဆးခံရပြီး လူ ၅၀၀ ကျော် ဖမ်းဆီးခံရပါတယ်။ ဒီထဲမှာ မြန်မာ ၇၅ ဦး အဖမ်းဆီးခံရပါတယ်။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာလည်း တရားမဝင် နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေတဲ့ အနှိပ်ခန်း အဆောက်အအုံတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၄ ဦးအပါအဝင် နိုင်ငံခြားသား ၆၆ ဦးကို ဇန်နဝါရီ ၇‌ ရက်က ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်‌ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG