သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရတဲ့ မြန်မာ ၅ဝ ကျော် မဲဆောက်မြို့အထွက်မှာ ဖမ်းမိ 


လူကုန်ကူးခံရတဲ့ မြန်မာ ၅ဝ ကျော် မဲဆောက်မြို့အထွက်မှာ ဖမ်းမိ
လူကုန်ကူးခံရတဲ့ မြန်မာ ၅ဝ ကျော် မဲဆောက်မြို့အထွက်မှာ ဖမ်းမိ

ထိုင်းနိုင်ငံနယ်စပ်မြို့ မဲဆောက်အထွက် ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာ ၅၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ လူကုန်ကူးသူ ပွဲစားတွေက ကုန်စိမ်းကြားဝှက်ပြီး ၆ ဘီးကားနဲ့ တင်ဆောင်လာချိန် ရှာဖွေ ဖမ်းဆီးခံခဲ့ရတာလို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကိုသွားမယ့် ကုန်စိမ်းတွေ တင်လာတဲ့ ၆ ဘီးကားတစီးကို ဘန်ဟွေဟင်ဖွန် စစ်ဆေးရေး ဂိတ်မှာ စစ်ဆေးနေတုန်း ဟင်းသီးဟင်းရွက်တွေကြားက ချောင်းဆိုးသံ ထွက်လာတာကြောင့် သင်္ကာမကင်းဖြစ်ပြီး ဆက်လက် ရှာဖွေရာမှာ တရားမဝင် မြန်မာ ၅၀ ကျော်ကို အံဝှက်နဲ့ ဝှက်ပြီး သယ်ဆောင်လာတာကို လုံခြုံရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

"မဲဆောက်ကနေ ဘန်ကောက်တက်တဲ့ အာရှလမ်းမကြီးပေါ်မှာရှိတဲ့ ဟွေဟင်ဖွန် ပထမ စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာ ၅၃ ဦးက ဂေါ်ဖီတင်တဲ့ ၆ ဘီးကားကြီးနဲ့ လိုက်ပါလာတယ်။ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ကနေ ဖမ်းဆီးရမိပါတယ်။ ကားထဲမှာ တရားမဝင် မြန်မာ ၅၃ ဦးကို အံဝှက်နဲ့ တင်ခေါ်လာတာ ဖြစ်ပြီးတော့ ဘန်ကောက်နဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ဖို့ ပွဲစားက စီစဉ်ပြီး တင်ခေါ်လာတာဖြစ်တယ်။ ထိုင်းယာဉ်မောင်းရဲ့ ထွက်ဆိုချက်အရ ဘတ်တသောင်းနဲ့ သယ်လာတယ် ဖြစ်တယ်။ ဘန်ကောက်ထိ ပို့ရမယ်။ သူတို့ကို ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ မသိဘူးလို့ ထိုင်းယာဉ်မောင်းက ထွက်ဆိုတယ်။"

အခုဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့ မြန်မာတွေဟာ မြဝတီကနေ မဲဆောက်ကို ယာယီ နယ်စပ်ဖြတ်ကျော် လက်မှတ်တွေနဲ့ အလည်လာကြပြီးမှ ထိုင်းနိုင်ငံ အတွင်းပိုင်းကို သွားဖို့အတွက် ကြိုးစားကြတာ ဖြစ်တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

"ယာယီ နယ်စပ်ဖြတ်သန်းတဲ့ လက်မှတ်တွေနဲ့ သူတို့လာတယ်။ ၇ ရက်လက်မှတ်ကို မြဝတီကနေ လုပ်ပြီး မဲဆောက်ကို အလည်အပတ် သဘောမျိုး လာတယ်။ ပွဲစားစီစဉ်တဲ့အတိုင်း ဘန်ကောက် တက်ဖို့ လုပ်တယ်။ သူတို့ တဦးချင်းစီကို ဘတ်ငွေ ၁၇,၀၀၀ ကနေ ၂၀,၀၀၀ လောက်ထိ ပေးရတယ် ပြောတယ်။"

သူတို့ကို လူကုန်ကူး ခေါ်ဆောင်လာတဲ့ သူတွေကို ဖမ်းမိနိုင်ဖို့ ကြိုးစား ရှာဖွေနေတယ်လို့ မဲဆောက်က ရဲအရာရှိတွေက ပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ အခုလို ကုန်စိမ်းကားတွေမှာ အံဝှက်လုပ်ပြီး မကြာခဏ လူကုန်ကူးလေ့ ရှိပါတယ်။ တချို့က ဓါတ်ဆီလှောင်တဲ့ ကားကြီးတွေထဲမှာလည်း ဝှက်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ နည်းလမ်းတွေနဲ့ သယ်ဆောင်တာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ထိုင်းနဲ့ မလေးရှား နယ်စပ် ဆုံခလာပြည်နယ်ထဲမှာလည်း တရားမဝင် မြန်မာ ၁၀၁ ဦးကို တင်လာတဲ့ အလုံပိတ် ကုန်တင်ကားတစီးကို ဖမ်းမိခဲ့ပြီး ကားထဲမှာ ပါလာတဲ့ မြန်မာတွေ အသက်ရှူ မွန်းကြပ်ပြီး အားအင်ပြတ်လပ်နေတာတွေ တွေ့ခဲ့ရဖူးပါတယ်။

၂၀၀၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က ဖြစ်စဉ်မှာတော့ မြန်မာတွေ အစုလိုက် အပြုံလိုက် သေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ ဖူးခက်ကို ပင်လယ်စာ သယ်ယူပို့ဆောင်တဲ့ အအေးခန်း ကားအကြီးထဲမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို အလုံပိတ်ကားထဲမှာ သယ်ဆောင်လာတဲ့အချိန် လူတွေ အသက်ရှုမွန်းကြပ်ပြီး အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၃၆ ဦး၊ ကလေးငယ် ၁ ဦး၊ စုစုပေါင်း လူ ၅၀ ကျော် အသက်ရှုကြပ် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG