သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား အနှိပ်ခန်းက မြန်မာအလုပ်သမားတချို့ အဖမ်းခံရ


မလေးရှား အနှိပ်ခန်းက မြန်မာအလုပ်သမားတချို့ကို မလေး 'လဝက'က ဖမ်းဆီးနေစဥ် (photo courtesy: Malaysia Immigration)
မလေးရှား အနှိပ်ခန်းက မြန်မာအလုပ်သမားတချို့ကို မလေး 'လဝက'က ဖမ်းဆီးနေစဥ် (photo courtesy: Malaysia Immigration)

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် ဂျိုဟိုးဘာရူးမြို့ရှိ အနှိပ်ခန်းတွေရှိတဲ့နေရာကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှား ရဲတပ်ဖွဲ့တို့က အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီမှာ ဝင်ရောက်စီးနင်းခဲ့ရာမှာ မြန်မာအပါအဝင် လူ ၃၂ ဦးကို ဖမ်းမိကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှားရဲတပ်ဖွဲ့တို့က ဂျိုဟိုးဘာရူးမြို့ရှိ အနှိပ်လုပ်ငန်းတွေ အများအပြားရှိရာနေရာကို အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီမှာ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာမှာ မြန်မာအပါအဝင် ထိုင်း အင်းဒိုနီးရှား ဗီယက်နမ် နိုင်ငံခြားသား ၃၂ ဦး ဖမ်းမိခဲ့တယ်လို့ မလေးရှားက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းက ပြောပါတယ်။

" အခုရက်ပိုင်း ကျနော်တို့ မလေးရှားမှာ ခပ်စိပ်စိပ် ဖမ်းဆီးတွေ များနေတယ်၊ အဓိကထား ဖမ်းတာကတော့ မြန်မာဆိုင်တွေ မြန်မာကေတီဗီတွေ.. အဓိက ထားဖမ်းတာက ကေတီဗီတွေကို ဖမ်းတာများတယ်၊ အခု ဂျိုဟိုးမှာဖြစ်သွားတာဆိုရင် အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီမှာ မြန်မာနိုင်ငံသား ၆ ဦးအပါအဝင် နိုင်ငံခြားသား ၆ ဦး ဖမ်းခံထားရပါတယ် ၊ အဲဒီထဲမှာ အနှိပ်ခန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေပါတာပေါ့ နော်။ "

အခုဆိုရင် မြန်မာတွေက တရားမဝင်တဲ့နည်းနဲ့ ဝင်ရောက်လာတာကတော့ ထိုင်းမြန်မာနယ်စပ် ထိုင်းမလေးနယ်စပ်ကိုဖြတ်ပြီး ဝင်ရောက်လာတာရှိသလို အလည်ဗီဇာတွေနဲ့လာပြီး မြန်မာပြည်ကို မပြန်ကြတော့တာလည်း ရှိတယ်လို့ဆိုပါတယ်။

" မြန်မာတွေက ဘယ်လိုဝင်လာသလဲဆိုရင် တရားမဝင် ဝင်လာတာက တနည်း မြန်မာပြည်မှာ စစ်ပဲွတွေဖြစ်နေတော့ ထိုင်းကနေတဆင့် အောက်လမ်းကနေ ဝင်လာတာက တနည်းပေါ့။ နောက်တနည်းကတော့ ခရီးသွား ဗီဇာတွေနဲ့ ဝင်လာကြတာရှိတယ်၊ နောက်တနည်းကတော့ တချို့ကျတော့ ကျန်းမာရေးဗီဇာနဲ့ လာတယ် အဲဒီလိုနည်းနဲ့-ဝင်လာတာရှိတယ်။ "

အခုဖမ်းမိသူတွေထဲမှာ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ပါဝင်တာကြောင့် ယာယီ နေထိုင်ခွင့်ကဒ်တွေနဲ့ ဝင်ပြီး မလေးရှားနိုင်ငံထဲမှာ အလုပ်လုပ်နေတာတွေရှိတယ်လို့လည်း မလေးရှားအာဏာပိုင်တွေက ဆိုပါတယ်။ မလေးရှားအာဏာပိုင်တွေဟာ အနှိပ်ခန်းတွေကို ဖမ်းဆီးဖို့အတွက် ၂ ပတ်ကြာ ထောက်လှမ်းသတင်းယူပြီးမှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသား ၆ ဦး အပါအဝင် ၃၂ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ အရေးယူမှာဖြစ်ပြီး အလုပ်ခန့်ခဲ့တဲ့ ‌မလေးရှားနိုင်ငံသား ၃ ဦးကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့က မြန်မာနိုင်ငံသားတွေ အများစု သွားရောက် ပျော်ပါးနေကြတဲ့ တမန် စီမာရပ်(Taman Semarak )နယ်မြေအနီးက နိုက်ကလပ်နဲ့ ကာရာအိုကေနေရာ သုံးနေရာကို စက်တင်ဘာလ ၁၆ ရက်နေ့ည ၁၀ နာရီကျော်က စတင်ပြီး မလေးရှား လ၀ကနဲ့ နယ်မြေခံရဲ ပူးပေါင်းထားတဲ့အင်အား၇၀ ကျော်နဲ့ ဝင်ရောက်စီးနင်းပြီး အော်ပရာစီ စစ်ဆင်ရေးလုပ် ဖမ်းဆီးခဲ့ရာမှာ အထောက်အထားမဲ့တွေအပါအဝင် မြန်မာ ၉၀ ကျော်ကို ဖမ်းဆီးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံ စီလန်ဂေါ Selangor ပြည်နယ် Bandar Puchong မှာလည်း တရားမဝင် ဖွင့်လှစ်ထားတဲ့ ကာရာအိုကေခန်းကို မလေးအာဏာပိုင်တွေနဲ့ လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်တန်ဆာအဖြစ် အတင်းအကြပ် စေခိုင်းခံထားရတဲ့ မြန်မာနိုင်ငံသူ လေးဦးကို ကယ်တင်ခဲ့တယ်လို့ မလေးရှားသတင်းတွေမှာ ဖေါ်ပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG