သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသား ၁၀၀ ကျော် မလေးရှားမှာ ဖမ်းဆီးခံရ


တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသား ၁၀၀ ကျော် မလေးရှားမှာ ဖမ်းဆီးခံရ (အောက်တိုဘာ ၁၊ ၂၀၂၃)
တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသား ၁၀၀ ကျော် မလေးရှားမှာ ဖမ်းဆီးခံရ (အောက်တိုဘာ ၁၊ ၂၀၂၃)

မလေးရှားနိုင်ငံ မလက်ကာမြို့မှာ တရားမဝင် နေထိုင်နေတဲ့ နိုင်ငံခြားသားတွေ အများအပြားကို အာဏာပိုင်တွေ ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော် ပါဝင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ နေရပ်ပြန်ပို့ခံရရင် စစ်ကောင်စီက အရေးယူခံရမယ့်သူတွေ ပါဝင်နိုင်တာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ တနိုင်ငံလုံးအနှံ့မြို့လည်ခေါင်လူစည်ကားရာနေရာတွေမှာ တရားမဝင် အလုပ်လုပ်နေတဲ့နိုင်ငံခြားသားတွေ စာရွက်စာတမ်းအထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးနေရာမှာ မလကာမြို့မှာတော့ မြန်မာတွေပါအဝင်နိုင်ငံခြားသား ၂၀၀ နီးပါး အောက်တိုဘာလ ၁ရက်နေ့က ဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းက ပြောပါတယ်။

"မလကာ မြို့မှာဖြစ်တာပေါ့ အဲဒီမှာဖြစ်တာပါ။ အောက်တိုဘာလ ၁ရက်နေ့မှာ ဖြစ်တာပါ။ ဖမ်းတဲ့ဖြစ်စဉ်မှာ လူ ၂၀၀ လောက်ပါသွားတယ်။ မြန်မာက ၁၀၂ယောက် ပါတယ်၊ဘင်္ဂလားဒေရှ့်က ၆၈ယောက်ပါတယ်၊ ဒီဘက်လပိုင်းတွေမှာစစ်ဆင်ရေးတရပ်အနေနဲ့ မလေးရှားတနိုင်ငံလုံးမှာဖမ်းနေတာပါ"

Melaka မြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ဆိုင်ခန်းတွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသား ၁၉၉ ဦးကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ မလကာမြို့ လူဝင်မှုကြီးကြပ်ရေးဌာနကလည်းသတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလိုစစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးတဲ့အခါတိုင်းမှာမြန်မာနိုင်ငံက နေရပ်စွန့်ခွါထွက်ပြေးလာသူတွေ နိုင်ငံရေးနဲ့ တနည်းတဖုံပတ်သက်ဆက်နွယ်သူတွေ နေရပ်ပြန်ဖို့ အခက်အခဲရှိသူတွေ ပါဝင်တာကြောင့် UNHCR က ကူညီပေးတာတွေ လုပ်ပေးဖို့တိုက်တွန်းချင်တယ်လို့ ဦးစိုးထက်သိန်းကပြောပါတယ်။

"မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာထွက်ပြေးလာနေရတဲ့စစ်ဘေးရှောင်နေသူတွေ နိုင်ငံရေးကြောင့် နေလို့မရပဲ နေလို့မရလို့ ထွက်ပြေးလာရသူတွေလည်း အဲဒီထဲမှာအများအပြားပါဝင်နေတယ်၊ ဒီအတွက် ယူအန်အိတ်စ်စီအာ အနေနဲ့ကလည်း အကူညီတွေ ပေးကြဖို့တိုက်တွန်းချင်ပါတယ်"

မလေးရှားကလူမူကူညီရေးအဖွဲ့တွေကတော့ အခုလိုအဖမ်းအဆီးတွေရှိတဲ့အခါတိုင်း တိုက်ပေါ်ကနေခုန်ချထွက်ပြေးတာ မတော်တဆ ပြုတ်ကျတာတွေကြောင့် လူထိခိုက်သေဆုံးမူတွေပါရှိခဲ့ကြောင်းကိုလည်းပြောပြပါတယ် ။ မကြာသေးခင် လတွေတုန်းကတော့ လှေခါးကနေ ပြုတ်ကျပြီး မြန်မာအမျိုးသမီးငယ်တဦး သေဆုံးခဲ့ကြောင်းကိုလည်းပြောပြပါတယ်။

ဒီလိုပဲအစုလိုက်အပြုံလိုက် မကြာခဏ ဖမ်းဆီးတာတွေရှိနေပြီး ဒီထဲမှာ ဆိုင်ခန်းတွေမှာ စျေးရောင်းနေသူတွေ လမ်းသွားလမ်းလာတွေ တိုက်ခန်းတွေမှာ နေထိုင်နေသူတွေပါ ဖမ်ဆီးခံနေရတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာအလုပ်လုပ်ခွင့်ပါမစ်ရှိမှ အလုပ်လုပ်လို့ရတာဖြစ်ပြီး အများစုကတော့မြန်မာနယ်စပ် ထိုင်းနယ်စပ်ကို ဖြတ်ပြီးမလေးရှားထဲကိုခိုးဝင်လာကြသူတွေလည်းရှိနေပါတယ်။ အောက်တိုဘာလ ၁ရက်နေ့ အော်ပရာစီ(စစ်ဆင်ရေးလုပ်ပြီး) အဖမ်းဆီးလုပ်ခဲ့ရာမှာတေ့ာ မလေးရှား အာဏာပိုင်အဖွဲ့တွေ စုပေါင်းပြီးလူဦးရေ ၅၀လောက်နဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း မလကာမြို့လူဝင်မှု ကြီးကြပ်ရေးဌာနကလည်းသတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG