သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနဲ့ ICRC အကြီးအကဲ မြန်မာ့အရေးဆွေးနွေး


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi

New York မြို့မှာ ကုလအထွေထွေညီလာခံတက်ရောက်နေကြတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌတို့ စက်တင်ဘာ ၂၂ ရက် သောကြာနေ့က တွေ့ဆုံခဲ့ကြစဉ် မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက ပြဿနာတွေဖြေရှင်းနိုင်ရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရက်ကို အကောင်အထည်ဖော်ဖို့လိုတဲ့အတွက် ဒါကို ဆက်ပြီးကြိုးစားသွားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ICRC ဥက္ကဋ္ဌ Mirjana Spojaric ကို‌ပြောကြားခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာန Antara ကဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာတဲ့အကူအညီတွေ ပေးပို့ခဲ့တာအပါအဝင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့တာကို ရှင်းပြခဲ့တယ်လို့လည်း သတင်းမှာရေးထားပါတယ်။ ဒီနှစ်ကုန်ရင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံက တာဝန်ယူလိုက်ပြီးရင်လည်း မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ဖို့ မြန်မာ့အရေးဖြေရှင်းရေး အသစ်ဖွဲ့လိုက်တဲ့ အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှား ၃ နိုင်ငံပါ ယန္တရားထဲကနေ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း အင်ဒိုနီးရှားဝန်ကြီး Retno Marsudi က ICRC ဥက္ကဋ္ဌကို ပြောကြားခဲ့ပါတယ်။

ဥက္ကဋ္ဌ Spoljaric ကလည်း ICRC ရဲ့ လုပ်ငန်းတွေကို အင်ဒိုနီးရှားက တစိုက်မတ်မတ် အားပေးထောက်ခံတဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးမှုတွေကနေ ဆက်ဆံရေးပိုမိုခိုင်မာအောင် ဆောင်ရွက်နိုင်အောင် လုပ်သွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်လို့ Antara သတင်းမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG