သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ၄ နိုင်ငံမတက်ရောက်


မြန်မာပြည်မှာကျင်းပတဲ့ အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေး၊ မြန်မာလေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင် (ယာ-တတိယမြောက်) (စက်တင်ဘာ ၁၃၊ ၂၀၂၃/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
မြန်မာပြည်မှာကျင်းပတဲ့ အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေး၊ မြန်မာလေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင် (ယာ-တတိယမြောက်) (စက်တင်ဘာ ၁၃၊ ၂၀၂၃/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

နေပြည်တော်မှာ စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များရဲ့ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင် နိုင်ငံ ၄ နိုင်ငံက လေတပ်တာဝန်ရှိသူတွေ မတက်ရောက်ကြပါဘူး။ ထိုင်းတော်ဝင် လေတပ် RTAF ရဲ့ ဦးစီးချုပ် အလောင်ကွန် ဝနာရွတ် (Alongkorn Wannarot) ကတော့ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေက လေတပ်အကြီးအကဲတွေနဲ့အတူ တက်ရောက်ခဲ့တာပါ။

စစ်ကောင်စီကဦးဆောင်ကျင်းပတဲ့ ဒီအစည်းဝေးကို တက်ရောက်မှာမဟုတ် ကြောင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တို့က ကြေညာခဲ့သလို စင်္ကာပူအစိုးရကလည်း ကိုယ်စားလှယ်မစေလွှတ်ခဲ့ ပါဘူး။ မြန်မာ့အရေးအတွက် ၂၀၂၁ မှာ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း လိုက်နာကျင့်သုံးမှုမရှိတဲ့စစ်ကောင်စီကို အာဆီယံရဲ့အဆင့်မြင့်အရာရှိများ ထိပ်သီးအစည်းဝေး တက်ရောက်ခွင့်မပေးတာ ၂ နှစ်ရှိပြီဖြစ်ပြီး ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကိုရပ်ပစ်ဖို့လည်း ဒီ ၄ နိုင်ငံက တောင်းဆိုနေတာ ဖြစ်ပါတယ်။

အခုလို အစည်းဝေးမတက်ဘဲသိပိတ်မှောက်တာအတွက် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဒုဝန်ကြီး ဦးမောင်မောင်ဆွေက ကြိုဆိုလိုက်သလို ဒါဟာ စစ်ကောင်စီကို ပိုပြီး အထီးကျန်လာစေမှာဖြစ်ကြောင်း ပြောပါတယ်။ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ကတော့ အခုကျင်းပတဲ့ ၂၀၂၃ အာဆီယံ လေတပ်ဦးစီးချုပ်များ အစည်းအဝေးဦးတည်ချက်က သဘာဝဝန်းကျင်ထိန်းသိမ်းရေး ရေရှည်တည်တံ့မှုရှအောင် အာဆီယံလေတပ် တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

အာဆီယံဒေသတွင်းမှာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချဖို့နဲ့ လေထုညစ်ညမ်းမှု ကာကွယ်ရေးအတွက် ပူးတွဲဆောင်ရွက်မယ့် အာဆီယံအဖွဲ့မှာ ထိုင်းတော်ဝင် လေတပ်ပါဝင်မှာ ဖြစ်ကြောင်း ထိုင်းလေတပ်အကြီးအကဲက ပြောပါတယ်။ ဒေသတွင်း တောင်ယာမီးရှို့မှုတွေကြောင့် ထွက်လာတဲ့ အမှုန်သေးလေးတွေပါတဲ့ မီးခိုးမြူအန္တရာယ်အတွက် ထိုင်းလေတပ်က မိုးအတုရွာအောင်လုပ်တဲ့ အဖွဲ့နဲ့ ကူညီဖြေရှင်း ပေးနေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ၂၀၂၅ မှာ ထိုင်းမှာကျင်းပမယ့် အာဆီယံ လူသားစာနာမှုအကူညီနဲ့ သဘာဝဘေးကယ်ဆယ်ရေး အဖွဲ့ရဲ့ လေ့ကျင့်မှုမှာ ပါဝင်ကြဖို့လည်း တက်ရောက်လာတဲ့ လေတပ်ဦးစီးချုပ်တွေကို ဖိတ်ကြားခဲ့တာပါ။ အာဆီယံလေတပ်ဦးစီးချုပ်များရဲ့ ၂၀၂၄ အစည်းဝေးကိုတော့ ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

XS
SM
MD
LG