သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် အစည်းအဝေး အကဲခတ်တွေဝေဖန်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံလေတပ်ဦးစီးချုပ်တွေရဲ့ စည်းဝေးပွဲကို မြန်မာနိုင်ငံမှာ မပြုလုပ်ဘဲ တခြားတနေရာ ရွေ့လုပ်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှဒေသရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ပြန်မထွန်းကားမချင်း အာဆီယံ အရာရှိတွေရဲ့ ဘယ်လို အစည်းအဝေးမျိုးမှာ မြန်မာနိုင်ငံအတွင်းမှာ မကျင်းပသင့်ဘူးလို့လည်း Phil Robertson က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ကလည်း မြန်မာနိုင်ငံက အာဆီယံ လေတပ် စစ်ဦးစီးချုပ်များ အစည်းအဝေးကို လက်ခံကျင်းပတဲ့ကိစ္စကို အံ့အားသင့်မိကြောင်းနဲ့ မြန်မာလေတပ်ဟာ ကိုယ့်ရဲ့ ပြည်သူတွေကို နှစ်နှစ်ကြာ ရက်ရက်စက်စက် သိမ်းကျုံးဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဘယ်အာဆီယံ အစည်းအဝေးကိုမှ မြန်မာစစ်တပ်ကိုရော၊ သူ့ကို ကိုယ်စားပြုသူတွေကိုပါ ဖိတ်ကြားဖို့ မသင့်ဘူးလို့ သူမြင်ကြောင်း ပြောပါတယ်။

အာဆီယံလေတပ်ဦးစီးချုပ်များရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ ဒီကနေ့ စတင်ကျင်းပမယ့် အစည်းအဝေးကို ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက လေတပ်ဦးစီးချုပ်တွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားတာကို AFP သတင်းမှာ ကိုးကားဖော်ပြထားပါတယ်။ နေပြည်တော်က အစည်းအဝေးကို ထိုင်းနိုင်ငံကတော့ ကာကွယ်ရေးဦးစီးချုပ် စေလွှတ်မယ့်အကြောင်း အတည်ပြုထားပါတယ်။

ကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ သဘာဝဘေးဒဏ် တုံ့ပြန်ရေးပိုင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို အာဆီယံ လေတပ်ဦးစီးချုပ်များရဲ့ နှစ်ပတ်လည် စည်းဝေးပွဲမှာ ဆွေးနွေးကြဖို့ စီစဉ်ထားတာပါ။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲ စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရပြီး အရပ်ဖက် ပစ်မှတ်တွေ အပါအဝင် လေကြောင်းက တိုက်ခိုက်မှုတွေကို ဟန့်တားဖို့လည်း ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ လူ့အခွင့်ရေး လှုပ်ရှားသူတွေ တိုက်တွန်းနေကြတာပါ။ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ကိုလည်း အမေရိကန်နဲ့ ဗြိတိန်တို့က ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG