သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံလေတပ်ဦးစီးချုပ်တချို့ မတက်မယ့်အစည်းအဝေး 


နေပြည်တော်မှာကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားအတွင်း မြန်မာအလံသယ်ဆောင်လာတဲ့ ရဟတ်ယာဉ်တစင်းကိုတွေ့ရစဉ် (ဇန်နဝါရီ ၄၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားအတွင်း မြန်မာအလံသယ်ဆောင်လာတဲ့ ရဟတ်ယာဉ်တစင်းကိုတွေ့ရစဉ် (ဇန်နဝါရီ ၄၊ ၂၀၂၃)

ရှေ့သီတင်းပတ် မြန်မာနိုင်ငံမှာကျင်းပမယ့် အာဆီယံလေတပ်ဦးစီးချုပ်များ နှစ်ပတ်လည်အစည်းအဝေးကို အာဆီယံလေတပ်ဦးစီးချုပ်တချို့ မတက်ဘူးလို့ ဆုံးဖြတ်တာဟာ မြန်မာလေတပ်နဲ့ မပူးပေါင်းလိုဘူးဆိုတာ ပြသလိုက်တာလို့ သုံးသပ်မှုတွေရှိပေမဲ့ စစ်ကောင်စီကတော့ မြန်မာနိုင်ငံအပေါ် စွပ်စွဲဆောင်ရွက်နေတဲ့ နိုင်ငံတွေရဲ့ မရိုးသားမှုဖြစ်တယ်လို့ တုံပြန့်ပါတယ်။ အာဆီယံ လေတပ်ဦးစီချုပ် အစည်းအဝေးကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေဘက်က မတက်တဲ့အတွက် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ ကိုဝင်းမင်း သုံးသပ်တင်ပြထားပါတယ်။

ဒီအကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အည်းအဝေးကို မတက်မဲ့နိုင်ငံတချို့ ရှိပေမဲ့ ဆက်ကျင်းပသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလို ပြောလိုက်ပါတယ်။

“ တချို့သောနိုင်ငံတွေက တက်ရောက်ပါမယ်၊ နိုင်ငံအများစု အာဆီယံနိုင်ငံအများစုကတော့ တက်ရောက်မှာဖြစ်တယ်၊ တချို့သောနိုင်ငံတွေကလည်း ဗီဒီယိုကွန်ဖရင့်နဲ့ တက်ရောက်မယ်လို့ ပြောတယ်။ တချို.သောနိုင်ငံတွေကတော့ တက်ရောက်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေးသည် နှစ်စဉ်ကျင်းပနေကျ အစည်းအဝေးဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အလှည့်ကျ ဖြစ်တဲ့အတွက် အာဆီယံ စည်းမျဉ်းစည်းကမ်းတွေ၊ ပဋိဉာဉ်နဲ့အညီ ကျွန်တော်တို့ ဆောင်ရွက်သွားတာဖြစ်ပါတယ်။”

မနှစ်က (၁၉) ကြိမ်မြောက် ဒီအာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးမှာ အဲ့ဒီတုံးက အလှည့်ကျ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ လာအိုနိုင်ငံက မြန်မာနိုင်ငံကို ဒီနှစ် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လွှဲပေးအပြီး အခုလို နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်လာတာပါ။ ဘာကြောင့် အခုလို ရှေ့အပတ် အင်္ဂါ (စက်တင်ဘာ) ၁၂ ရက်နေကနေ ၁၅ ရက်နေ့ (အထိ) ကျင်းပဖို့ အသင့်ပြင်ထားပြီးမှ ကပ်ပြီး မတက်ဖို့ ဖြစ်လာရပါလဲလို့ မေးရာမှာ၊ ကနေဒါနိုင်ငံ British Columbia တက္ကသိုလ်မှာ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ယူနေတဲ့ သုတေသီ စာရေးဆရာ ကိုမင်းသေ့က အခုလို ရှင်းပြပါတယ်။

“အဓိက ကတော့ ထူးခြားတာ (၂) ခုသွားတွေ့ရတယ်။ နံပါတ် (၁) က မြန်မာနိုင်ငံမှာ အခု စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာတဲ့ ခုခံတော်လှန်စစ်တွေကိုပေါ့နော် မြန်မာစစ်တပ်က ချေမှုန်းတဲ့အခါမှာ လေကြောင်းအင်အားသုံးပြီး ချေမှုန်းတယ်။ အဲ့ဒိအခါမှာ အရပ်သားပစ်မှတ်တွေကိုလည်း မြောက်မြားစွာ ထိခိုက်ချေမှုန်းခံရတာရှိတယ်။ အဲ့ဒိတော့ အကြီးအကျယ်ပေါ.ဗျာ အရပ်သားတွေ သေကျေတဲ့ဖြစ်ရပ်တွေလည်း ရှိခဲ့တာပေါ့။ ဒါတွေကို အာဆီယံနိုင်ငံတွေက သိတယ်။ အဲ့ဒိအထဲမှာ ဒီလို စစ်ရာဇဝတ်မှုကျုးလွန်တဲ့ သူတွေနဲ့ ထိုင်ခုံ တခုံထဲ အတူမထိုင်နိုင်ဘူးဆိုတဲ့ ပြင်းထန်တဲ့ နိုင်ငံရေး ကန့်ကွက်ချက်ပေါ့နော် အဲဒိဟာကို ပြတယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက်တစ်ခုကတော့ အဲ့ဒိ အာဆီယံနိုင်ငံတွေထဲမှာရှိတဲ့ နိုင်ငံ (၃) နိုင်ငံဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖီလစ်ပိုင်ပေါ့ ဒီနိုင်ငံတွေကို သွားကြည့်တယ်ဆိုရင် ဒီမိုကရေစီ ကောင်းကောင်း ဖြစ်ထွန်းပြီးသားနိုင်ငံတွေဖြစ်တယ်ဆိုတာ သွားတွေ့ရတယ်ပေါ့။ ဒီလိုနိုင်ငံကြီးတွေက မြန်မာနိုင်ငံမှာပေါ့နော် အခု ဒီမြန်မာစစ်တပ် စစ်ကောင်စီလုပ်တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီးတော့ မလိုလားတဲ့ အပြင်ပေါ့နော်၊ မပူးပေါင်းဘူးဆိုတဲ့ သဘောမျိုး နိုင်ငံရေးအရ Signal (အချက်) ပြတယ်လို့ ကျွန်တော် ထင်ပါတယ်။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း

ထိုင်းနိုင်ငံကတော့ တက်ရောက်ဖို့ရှိနေပြီး တခြား အာဆီယံနိုင်ငံတွေက လူသိရှင်ကြားထုတ်ပြန်တာ မရှိသေးချိန်မှာ၊ အခုလို မတက်မဲ့ နိုင်ငံတွေအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်လိုက်ပါတယ်။

“ဒီမှာလည်း မျိုးစုံတော့ ဝေဖန်မှုတွေ စွပ်စွဲမှုတွေရှိတာပေါ့။ ဒီနေရာမှာ မြန်မာနိုင်ငံ တပ်မတော်လေ အနေနဲ့က နိုင်ငံတော် ကာကွယ်ရေးတာဝန်တင် ထမ်းဆောင်နေတာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေပေါ့၊ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းတွေ HADR (Humanitarian Assistance Disaster Relief) လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ တချို့သောနိုင်ငံတွေ စွပ်စွဲချက်တွေကတော့ အံဩဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တကယ် အကြမ်းဖက်လုပ်ဆောင်နေတဲ့ NUG ၊ PDF အဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ မိုင်းထောင်မိုင်းခွဲတိုက်ခိုက်မှုတွေ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနေတာတွေ၊ ဥပမာ အနီးစပ်ဆုံး ဖြစ်စဉ်ဆိုရင် မြဝတီမှာရှိတဲ့ဟာ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေကိုပဲ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေ၊ ပြီးရင် ကျွန်တော်တို့ မီးရထားလမ်း၊ ကားလမ်းတွေဖောက်ခွဲပစ်တယ်။ ဒါတွေကို လျစ်လျုရှုပြီး ဒီလို တဘက်သတ် စွတ်စွဲ ဆောင်ရွက်နေကြခြင်းဟာ၊ စွပ်စွဲနေသောနိုင်ငံတွေ တချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ မရိုးသားမှုကို ပြသနေတာလို့ပဲ ကျွန်တော်တို့ မြင်ပါတယ် ခင်ဗျ။”

ဒီနေရာမှာ အခုအပတ်ထဲ ပြီးသွားတဲ့ အာဆီယံ ထိပ်သီးပွဲမှာ မြန်မာနိုင်ငံအပေါ် ဖယ်ကျဉ်ဝေဖန်မှုတွေ များလာချိန် ဖြစ်လာတဲ့ အခု အာဆီယံနိုင်ငံတချို့ ဆုံးဖြတ်ချက်ကြောင့် သက်ရောက်လာနိုင်မှုကို ဆက်မေးရာမှာ အရင်ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံဌာနမှာ သုတေသီဖြစ်ခဲ့တဲ့ ကိုမင်းသေ့က အခုလို ရှင်းပြပါတယ်။

“ ကြီးကြီးမားမား ပြောင်းလဲမှုကိုတော့ ကျွန်တော်တို့ မျှော်လင့်လို့မရဘူး။ ဘာလို့လဲဆိုတော့ ဒီ မြန်မာစစ်တပ်ရဲ့ စရိုက်ကိုကြည့်ရင်လည်း စွတ်တိုးပြီးလုပ်မယ်။ သူတို့ ဒီအစီအမံအတိုင်းပဲ သွားတွေ့ရတယ်။ နောက်တစ်ခုက ဒီ အာဆီယံနိုင်ငံတွေမှာလည်း နိုင်ငံရေးအရ ဖိအားပေးတာမျိုးပဲ လုပ်လို့ရမယ်။ အာဆီယံနိုင်ငံတွေ ကိုယ်နှိုက်က အကန့်အသတ်ရှိတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ မြန်မာစစ်တပ်အပေါ်မှာတော့ ဒေသတွင်းဖိအားပေါ့ နိုင်ငံရေးဖိအားက တော်တော်ကြီး ကြီးလာတယ်ဆိုတဲ့သဘောကို ပြနိုင်တဲ့ အဆင့်လောက်ပဲ သက်ရောက်နိုင်မယ်လို့ ကျွန်တော်ထင်တယ်ပေါ့။”

ဒီနှစ်စဉ်ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များရဲ အစည်းအဝေးမှာ ကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ သဘာဝဘေးဒဏ်တုံ့ပြန်ရေး ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးကြလေ့ရှိပါတယ်။ အခုလို မြန်မာမှာကျင်းပမဲ့ အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မတက်ကြဖို့ Justice For Myanmar အဖွဲ့က အရင်တောင်းဆိုခဲ့ပြီး၊ အခုလည်း အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖီလစ်ပိုင်တို့လို တခြားနိုင်ငံတွေပါ မတက်ကြဖို့ ဒီနေ့ပဲ ထုတ်ပြန်တောင်းဆိုလိုက်ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG