သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာ့ငြိမ်းချမ်းရေး အာဆီယံ တွန်းအားပေးရမယ်” စင်ကာပူ ဝန်ကြီးချုပ် 


၂၀၂၃ ခုနှစ် အာဆီယံအစည်းအဝေးမှာ မြန်မာငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး ပြောခဲ့သူ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း။
၂၀၂၃ ခုနှစ် အာဆီယံအစည်းအဝေးမှာ မြန်မာငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး ပြောခဲ့သူ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေနဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးရမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အင်္ဂါနေ့မှာ ပြောပါတယ်။ အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့်မပေးတဲ့ အာဆီယံရဲ့ရပ်တည်ချက်ကိုလည်း ဆက်လက် ထိန်းသိမ်းရမယ်လို့ သူကပြောကြောင်း စင်ကာပူ အခြေစိုက် STRAIT TIMES သတင်းစာမှာ ဖော်ပြပါတယ်။

“ဒီလိုမှမဟုတ်ရင် ကျနော်တို့အပေါ် ယုံကြည်ကိုးစားမှုပျက်ပြားသွားမှာဖြစ်ပြီး အာဆီယံဗဟိုပြုမှုကိုလည်း ထိခိုက်လာမှာပါ။ ပြီးတော့ (ဒီ မြန်မာ့အရေးကြောင့်) အဖွဲ့ကြီးရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေနဲ့ ထိတွေ့မှုတွေမြှင့်တင်ဖို့ လိုအပ်နေတဲ့ အချိန်ကျမှ မိတ်ဖက်တွေနဲ့ဆက်ဆံရေး ထိခိုက်စေမှာပါ” လို့ ဝန်ကြီးချုပ်လီရှန်လွန်းက ပြောပါတယ်။

“အာဆီယံရဲ့တုံ့ပြန်မှုက လာမယ့်နှစ်တွေမှာ အာဆီယံရဲ့ဗဟိုပြုမှု ဆက်ရှိနေဦးမလားဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော်တို့က အာဆီယံဗဟိုပြုဖို့ အဆက်မပြတ်ပြောနေပေမယ့် ကျနော်တို့ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေ၊ မူဝါဒတွေမှာ ဒါကို တသမတ်တည်း ထုတ်ဖော်ပြသဖို့ လိုပါတယ်” လို့ ဝန်ကြီးချုပ် လီက ပြောပါတယ်။ ခက်ခဲတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံက စည်းစည်းလုံးလုံးရှိဖို့လိုအပ်ကြောင်း ဆိုပြီး မြန်မာ့အရေးက စံနမူနာပြုမယ့် ဥပမာပဲလို့ ဝန်ကြီးချုပ်လီက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတာအပါအဝင် မြန်မာ့အရေးကြိုးပမ်းအားထုတ်မှုတွေထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီမှာ တိုးတက်မှုအနည်းငယ်ရရှိခဲ့ကြောင်း ဝန်ကြီးချုပ်လီက မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် လုံခြုံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်ပြီး အကြမ်းဖက်မှုတွေကလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သူက ထောက်ပြထားပါတယ်။

အင်္ဂလိပ် အက္ခရာစဥ်အတိုင်း အဖွဲ့ဝင်နိုင်ငံအလိုက် တာဝန်ယူရတဲ့ရာထူးကို မြန်မာက ၂၀၂၆ ခုနှစ်မှာ ရယူရမှာ ဖြစ်ပေမယ့် ဒါကို ဖိလစ်ပိုင်က မြန်မာကို ကျော်ပြီး ရယူမယ့်အကြောင်းထုတ်ပြန်ချက်မှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေးအပေါ် စကားလုံး ပြင်းပြင်းထန်ထန်သုံးပြီး ဖော်ပြတဲ့အချိန်မှာပဲ အဖွဲ့ရဲ့အဓိက နိုင်ငံ့ခေါင်းဆောင်တဦးဖြစ်တဲ့ လီရှန်လွန်းရဲ့ မှတ်ချက်စကား ထွက်လာတာပါ။

လက်ရှိအလှည့်ကျဥက္ကဋ္ဌ၊ အရင်ဥက္ကဋ္ဌနဲ့ ရှေ့လာမယ့် ဥက္ကဋ္ဌ နိုင်ငံ (၃) နိုင်ငံ ပါဝင်တဲ့ မြန်မာ့အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေး ယန္တရားကို ထူထောင်သွားမယ်လို့လည်း အာဆီယံက ထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကတော့ ဒီချဉ်းကပ်မှုဟာ မြန်မာ့အကျပ်အတည်းကို ပိုမိုစဉ်ဆက်မပြတ် စီမံခန့်ခွဲနိုင်စေမယ်လို့ အင်္ဂါနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။ “ဒီအခြေအနေက တစ်နှစ်အတွင်း မပြောင်းလဲနိုင်ဘူးဆိုတာ လူတိုင်းနားလည်ပါတယ်” လို့ သူက ဆိုပါတယ်။

(၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကြေညာချက်ထဲမှာ မြန်မာ့ပြဿနာအဖြေရှာနိုင်ရေး အာဆီယံဘုံသဘောတူညီချက် လမ်းပြမြေပုံ (၅) ရပ် ကို အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက် ဆုပ်ကိုင်ထားမှာဖြစ်ကြောင်းလည်း အလေးပေးပြောထားပါတယ်။ ဒီထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့အပြင် စေ့စပ်ညှိနှိုင်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လွယ်ကူချောမွေ့စေရေးအတွက် အာဆီယံ အထူးသံတမန်တဦး ခန့်အပ်ကာ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဖို့ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားပြီး ဘက်ပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးရေးအစီအစဉ်တွေ တောင်းဆိုထားပေမယ့် အချက်အတော်များများက အပြည့်အဝ အကောင်အထည်မဖော်နိုင်ဖြစ်နေတာ (၂) နှစ်ကျော် ကြာနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG