သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်ကျင့်သုံးမည်" - အင်ဒိုသမ္မတ


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အစည်းအဝေးအတွင်း အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အစည်းအဝေးအတွင်း အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)

မြန်မာ့အရေး အာဆီယံချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ဆုပ်ကိုင်ထားမှာဖြစ်တယ်လို့ လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒေသတွင်းလုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်လာနေတာကြောင့် ဒီဘုံသဘောတူညီချက်တွေ အလုပ်မဖြစ်ကြောင်း လူထုအခြေပြုအဖွဲ့တွေက ထောက်ပြထားပေမယ့် ဒီကနေ့စတင်ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ ဒီသဘောတူညီချက်ငါးရပ်ကို အသင်းကြီးရဲ့ လမ်းညွှန်ချက်အဖြစ် ဆက်လက်ထားရှိမှာဖြစ်တယ်လို့ ဂျိုကိုဝီဒိုဒိုက အခုလို ပြောကြားခဲ့ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖေါ်တဲ့ ကိစ္စနဲ့ ပတ်သက်ရင် ဒီငါးချက်ကို ၂၀၂၁ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေအားလုံး သဘောတူညီခဲ့တာဖြစ်ပြီး ဒါဟာ အာဆီယံအသင်းကြီးရဲ့ စုပေါင်းအားထုတ်မှုဖြစ်တယ်ဆိုတာ ကျနော် သတိပေးချင်ပါတယ်။ နောက်ပြီး ဒီဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံရဲ့ အဓိက လမ်းညွှန်ချက်အဖြစ် ဆက်လက် ထားရှိမှာဖြစ်တယ်။

အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်ပဋိပက္ခတွေကို ချက်ချင်းရပ်တန့်ရေး ပါဝင်နေတာပါ။ လက်ရှိအာဆီယံထိပ်သီး အစည်းအဝေးနဲ့ အခြားအဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာကို တက်ရောက်ခွင့် တားမြစ်ထားပေမယ့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အာဆီယံက ချမှတ်ထားတဲ့ မူဝါဒအတိုင်း တွန်းအားပေးဆောင်ရွက်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဘက်ပေါင်းစုံအဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ ဂျိုကိုဝီဒိုဒိုကပြောသွားပါတယ်။

အထူးသဖြင့် စစ်ကောင်စီနဲ့ ဆက်စပ်အဖွဲ့အစည်းတွေအားလုံးကို အကြမ်းဖက်မှုတွေ အရှိန်လျှော့ချရန်နဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးတွေ၊ အရပ်သားနေအိမ်တွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ တိုက်တွန်းကြောင်း အချက် ၁၉ ချက်ပါ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တယ်လို့ AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဌနိုင်ငံတွေအဖြစ် ၂၀၂၄ ခုနှစ်မှာ လာအိုနိုင်ငံ၊ ၂၀၂၅ မှာ မလေးရှားနဲ့ ၂၀၂၆ မှာ ြမန်မာက အလှည့်ကျဥက္ကဌ တာဝန် ယူရမှာဖြစ်ပေမယ့် မြန်မာနေရာမှာ ဖိလစ်ပိုင်နိုင်ငံက အစားထိုး တာဝန်ယူသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်ဘက်က ဒီကနေ့ အတည်ပြု ကြေညာခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ ဆာရက်သာ သာဝီစီယံကတော့ ကျမ်းသစ္စာကျိန်ဆိုမယ့် အစီအစဉ်နဲ့ တိုက်ဆိုင်နေတဲ့အတွက် အာဆီယံထိပ်သီးစည်းဝေးပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG