သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ တရားမဝင် သတ္တုတူးတဲ့ မြန်မာတချို့အဖမ်းခံရ


RARE EARTHS/
RARE EARTHS/

မလေးရှားမှာ တရားမဝင် သတ္တုတူးတဲ့ မြန်မာတချို့အဖမ်းခံရ

မလေးရှားနိုင်ငံ အနောက်ပိုင်း Perak ပြည်နယ်က Bintang Hijau သစ်တောကြိုးဝိုင်း အတွင်းမှာ မြေရှားသတ္တုမိုင်း တရားမဝင် တူးဖေါ်နေကြသူ ၃၁ ဦးကို မလေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့အကြောင်း ပီရပ် ပြည်နယ်ရဲတပ်ဖွဲ့ (Perak police)က သတင်းထုတ် ပြန်ပါတယ်။ မလေးရှား နိုင်ငံသားတွေနဲ့အတူ တူးဖေါ်နေသူ နိုင်ငံခြားသား ၁၉ ဦးထဲမှာ မြန်မာနိုင်ငံသားက ၄ ဦးလည်းပါနေတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အခု အဖမ်းအဆီး ခံရသူတွေဟာ Perak ပြည်နယ်ထဲမှာရှိတဲ့ ဘင်တန်ဟေဂျာ (Bintang Hijau) သစ်တောကြိုးဝိုင်း အတွင်းမှာ မြေရှားသတ္တုတွေကို ခိုးတူးနေကြတာပါ။ သစ်တောကြိုးဝိုင်းအတွင်း နေရာအနှံ့မှာ အခုလို ခိုးတူးသူတွေကို မလေးရဲတွေက ဝင်ရောက်ဖမ်းဆီး ခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံသား ၉ ဦးနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၁၉ ဦး စုစုပေါင်း ၃၁ ဦးကို ဖမ်းမိခဲ့ကြောင်း ဒီဇင်ဘာဘ ၁၃ ရက်နေ့က မလေးရှား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တယ်လို့ မလေးရှားမှာ နေထိုင်သူ ဦးစိုးထက်သိန်းက ပြောပါတယ်။

" အဲဒါက တနေရာထဲတော့မဟုတ်ဘူး သူတို့က ပြောမယ်ဆိုရင် သစ်တောကြိုးဝိုင်းအတွင်းမှာ ရှားပါးသတ္တု တူးဖော်တာတွေ ရှိတော့ အဲဒါကို အနှံ့အပြား ဝင်ရောက် ဖမ်းဆီးတယ်လို့ ရဲဌာနက ထုတ်ပြန်ထားပါတယ်။ နောက်တခုက ဖမ်းမိတဲ့ အထဲမှာ ဒေသခံ မလေးရှား ၉ ဦးပါတယ်။ ကျန်တာကတော့ နိုင်ငံခြားသားတွေဖြစ်တယ် အားလုံးကတော့ စုစုပေါင်း ၃၁ ဦးပါ၊ အသက်အရွယ်ကတော့ ၂၃ နှစ်ကနေ ၆၉ နှစ်ကြား ရှိနေတဲ့သူတွေပါ။"

အခုဆိုရင် မလေးရှားနိုင်ငံက အောက်ခြေအလုပ် အတော်များများမှာ မြန်မာတွေ လာရောက်လုပ်ကိုင် နေကြတာ တွေ့ရပြီး အများစုကတော့ တရားမဝင် လမ်းကြောင်းတွေကနေ မလေးရှားနိုင်ငံထဲ ဝင်ရောက်လာကြသူတွေ ဖြစ်ကြတယ်လို့လည်း ပြောပါတယ်။

" အကြမ်းပတမ်း အလုပ်တွေနဲ့ အောက်ခြေအလုပ်တွေကို ပြောရမယ်ဆိုရင် လွတ်တဲ့နေရာကို မြန်မာတွေက ရတဲ့အလုပ်တွေ လုပ်နေကြရပါတယ်။ မြန်မာပြည်အခြေအနေအရလည်း နိုင်ငံရေးနဲ့ ပတ်သက်သူတွေ၊ စီဒီအမ်တွေ ၊ စစ်ဘေးရှောင်တွေက နေလို့မရတော့ မလေးရှားနဲ့ ထိုင်းကို လှိမ့်ဝင်လာကြတာ များတယ်။ ဒီမှာ အလုပ်အကိုင်ကလည်း ကိုဗစ်ကို ဖြတ်ကျော်လာတော့ ပြန်လည်ထူထောင်ရေး ကာလမှာ အလုပ်အကိုင်က အတော်ရှားပါး လာတယ်။ အရင်ကလို စက်ရုံအလုပ်ရုံ တွေမှသာ မြန်မာတွေရှိတာတင် မကဘူး တောထဲ တောင်ထဲလည်း မြန်မာတွေ ရောက်ကုန်ကြပါတယ်။ "

အခု အဖမ်းဆီးခံရတဲ့ ၃၁ ယောက်ကတော့ တရုတ် မြန်မာ ဗီယက်နမ်နဲ့ မလေးရှား နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တရားမဝင် သတ္တုတူးဖေါ်မှုအပြင် သစ်တောကြိုးဝိုင်း သတ်မှတ်နယ်မြေထဲ ကျူးကျော် ဝင်ရောက်မှုကိုပါ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ Micro Chip တွေ၊ လျှပ်စစ်နဲ့ စစ်သုံးပစ္စည်း ထုတ်လုပ်ရာမှာ အဓိကကုန်ကြမ်းတွေအဖြစ် အသုံးပြုကြတဲ့ မြေရှားသတ္တုတွေကို တူးဖေါ်နေကြတာဖြစ်ပြီး အခုလို တူးဖေါ်ရာမှာ တောင်တွေကိုပါ ဖြိုချတာမျိုး ရှိနေတာပါ။ မလေးရှားအစိုးရ သစ်တောဌာနကတော့ သစ်တောပြုန်းတီးမှု ရှိလာမှာကို တားဆီးတဲ့အနေနဲ့ မတူးဖေါ်ဖို့ ဥပဒေထုတ်ပြန်ပြီး တားမြစ်ထားတာ ဖြစ်ပါတယ်။

မလေးရှာနိုင်ငံမှာ ဒီ ကမ္ဘာ့ရှားပါး သတ္တုသိုက် ပမာဏဟာ တန်ချိန် ၃၀,၀၀၀ သုံးသောင်းလောက် ရှိနေတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် သတ္တုတူးဖေါ်မှု အပြင် တရားမဝင် လာရောက် နေထိုင်သူတွေကိုပါ စီမံကိန်းချ ဖမ်းဆီးနေတာဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသား ၆၂ ယောက် ဖမ်းဆီးခံရတယ်။ စက်တင်ဘာလ ၁၆ ရက်တုန်းက ကွာလာလမ်ပူမှာ အဖမ်းဆီးခံခဲ့ရတဲ့ အထောက်အထားမဲ့ နေထိုင်သူ ၉၀ ထဲမှာလည်း မြန်မာတွေ ပါဝင်နေတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG