သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသား ၇၅ ဦးကို ထိုင်းလွှဲပြောင်းပေး


ထိုင်းအကျဥ်းထောင်တွေထဲက ပြန်လွတ်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ရနောင်း-ကော့သောင်းလမ်းကနေ မြန်မာပြည်ဘက်ကို ပြန်ပို့ပေးစဥ်။ (ဓာတ်ပုံ-FED)
ထိုင်းအကျဥ်းထောင်တွေထဲက ပြန်လွတ်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ရနောင်း-ကော့သောင်းလမ်းကနေ မြန်မာပြည်ဘက်ကို ပြန်ပို့ပေးစဥ်။ (ဓာတ်ပုံ-FED)

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၁၄ ခုမှာ ပြစ်ဒဏ်ကျခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား ၇၅ ယောက်ကို ရနောင်း- ကော့သောင်းလမ်းကနေ ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၂၀ ရက်နေ့မှာပဲ မြန်မာဘက်ကို ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ခရိုင် ၁၄ ခုက ပြစ်ဒဏ်ကျခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၇၅ ဦးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

“၂၀ရက်နေ့က ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာအလုပ်သမားသံအရာရှိကနေ မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားပြီးတော့ အကြောင်းအမျိုးမျိုးကြောင့်အဖမ်းခံရတဲ့ အမျိုးသမီးက ၁၉ ဦး၊ အမျိုးသားက ၅၆ ဦး။ ၇၅ယောက်ပါခင်ဗျ။ အသက် ၁၈ နှစ်အောက်က မိန်းကလေး ၂ ယောက်၊ ယောက်ကျားလေး တယောက်ပါတယ်။ ပဲ့ချိတ်တွေနဲ့ပို့လာပြီး ကော့သောင်းရောက်တာနဲ့ ကိုဗစ် ၁၉ စစ်ဆေးတယ်။ ပြီးတော့ နောက်တခုက အချက်အလက်မှတ်တမ်းယူတယ်။ ပြီးတော့ သူတို့ကို နေရပ်ပြန်ပို့ပေးတယ်။”

အထူးသဖြင့် ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းနဲ့ခိုးဝင်လာကြသူတွေ၊ စာရွက်စာတမ်းပါ အလုပ်ရှင် မတူတဲ့သူတွေအပါအဝင် ရာဇဝတ်ပြစ်မူတွေနဲ့ ထောင်အကျခံရသူတချို့လည်း ပါဝင်နေတယ်လို့လည်း ပြောပါတယ်။

“ထိုင်းတောင်ပိုင်း ၁၄ ခရိုင်ထဲကလက်ရှိဝင်လာသူတွေပါသလို အရင်ကတည်းက လက်မှတ်မရှိသူတွေ၊ အလုပ်ရှင်မတူသူတွေ၊ ပြစ်မှုကျူးလွန်သူတွေကလည်း အနည်းအကျဉ်းတော့ပါတယ်။”

ကော့သောင်းမြို့ကို ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးတာ၊ ကိုယ်ရေးအချက်အလက် စစ်ဆေးတာတွေလုပ်သလို ကိုဗစ်ကာကွယ်ဆေး မထိုးရသေးဘူးဆိုရင် စောင့်ကြည့်ရေးစင်တာတွေမှာထားတယ်လို့ ဆိုပါတယ်။ ထိုင်းကနေ အခုလို ပြန်လွဲပြောင်းပေးတာမျိုးကို အရင်က တလ ၂ ကြိမ်လောက် လက်ခံပေးပေမယ့် အခုအခါမှာတော့ တလ တကြိမ်လောက်သာ လက်ခံတော့တယ်လို့လည်း ပြောပါတယ်။

အခုလို ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာသူတွေကို ချက်ချင်း မလွှဲပြောင်းနိုင်သေးဘဲ ထိုင်းနိုင်ငံရဲ့အချုပ်ခန်းတွေထဲမှာ အနည်းဆုံး ၆ လလောက်ထိ နေထိုင်နေရတာတွေကြောင့် အရင်က ထိုင်းနိုင်ငံတောင်ပိုင်းက ရနောင်းအချုပ်ထောင်မှာ ဆူပူမူတွေနဲ့ မတည်မငြိမ်ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုဖြစ်တာကြောင့် ထိုင်းမြန်မာနှစ်နိုင်ငံပူးပေါင်းပြီး အစုလိုက်အပြုံလိုက် ပြန်ပို့တာတွေလည်းရှိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG