သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်/ကျဉ်းလွှတ်ရေး ကန်ဥပဒေကြမ်း တတ်ကြွသူတွေကြိုဆို


မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် NLD အစိုးရကို ဖိအားပေးဖို့ အမေရိကန်အထက်လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်းတဲ့အပေါ် မြန်မာ့နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေက ကြိုဆိုပါတယ်။ လက်ရှိအစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးကိစ္စနဲ့ တရားရင်ဆိုင်နေရသူတွေ အများအပြားရှိနေသလို၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို အကာအကွယ်ပေးဖို့ မြန်မာနိုင်ငံတွင်း ဥပဒေပြင်ဆင်ချက်တွေလုပ်ဖို့ လိုတယ်လို့ တတ်ကြွလှုပ်ရှားသူတွေက ထောက်ပြပါတယ်။ ကိုကောင်းစံဟိန်း တင်ပြထားပါတယ်။

ရီပါပလင်ကန်နဲ့ ဒီမိုကရက်ပါတီနှစ်ခုက အမတ်တွေပူးပေါင်းပြီး မြန်မာနိုင်ငံကယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို ကူညီရေး ခေါင်းစဉ်နဲ့ ဥပဒေမူကြမ်းကို ဇူလိုင်လ ၁၀ ရက်နေ့က အမေရိကန်အထက်လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ ဒီဥပဒေမူကြမ်းထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို ဥပဒေအဖြစ် စနစ်တကျ စုစည်းထည့်သွင်းဖေါ်ပြဖို့၊ မြန်မာနိုင်ငံမှာ တရားမျှတမှု ရရှိရေးအတွက် စည်းရုံးလှုပ်ရှားရေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့၊ ဒီအကျဉ်းသားတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ တိုက်ရိုက် ကူညီပံ့ပိုးဖို့ စတာတွေပါဝင်ပါတယ်။

လက်ရှိ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ၊ တရားရင်ဆိုင်နေရသူတွေ ၊အချုပ်ခံထားရသူတွေ အများအပြားရှိနေတာကြောင့် အခုလို အမေရိကန် အထက်လွှတ်တော်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား တွေလွတ်မြောက်ရေး ကိစ္စ ဥပဒေမူကြမ်းတင်သွင်းလာတာကို အထူးကြိုဆိုတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အတွင်းရေးမှူး ဦးတိတ်နိုင်က VOAကိုပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံမှာက နိုင်ငံရေးအကျဉ်းသားတွေက ဒီအစိုးရလက်ထက်မှာ ဒီနှစ်အချိန်အခါမှာ အများဆုံးလို့ ပြောလို့ရတဲ့အနေအထားဖြစ်လာပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေက အကျဉ်းကျတာ ၃၄ ဦးရှိပြီးတော့ အားလုံးပေါင်း အချုပ်ခံနေရတဲ့လူတွေ၊ တရားရင်ဆိုင်နေရတဲ့လူတွေ အားလုံး ၄၆၆ ဦးအထိ မြင့်တက်လာပါတယ်။ အကျဥ်းထောင်ထဲကနေပြီးတော့ တရားရင်ဆိုင်နေရတာရှိတယ်။ ပြင်ပကနေပြီးတော့ တရားရင်ဆိုင်နေရတာရှိတယ်။ ပြီးခဲ့တဲ့လကဆိုရင် ၁ လတည်းမှာတင် ၇၆ ဦး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အနေအထားမျိုးတွေရှိတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အတွက် မရှိသင့်တော့တဲ့ ပုဒ်မတွေကို အမြန်ဆုံး ဖျက်သိမ်းတာမျိုး၊ပြင်ဆင်တာမျိုး ပြုလုပ်ဖို့ လိုတယ်လို့ ဦးတိတ်နိုင်ကဘဲ ဆက်ပြောပါတယ်။ လက်ရှိအားဖြင့်ဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရသတ်မှတ်မှုမှာကို အာဏာပိုင်တွေ၊ အာဏာရပါတီအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကြား သဘောကွဲတာတွေရှိပါတယ်။

“ ပုဒ်မ ၁၈-၁၉-၂၀ တို့ ၅၀၀ တို့ ၅၀၅ (ခ) တို့ ၆၆ တို့ နောက်တခါ ၁၀ တို့ အဲဒါတွေက လူ့အခွင့်အရေးလှုပ်ရှားတဲ့လူတွေကို လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့် ပိတ်ပင်တဲ့ ဥပဒေတွေလို့ ပြောလို့ရပါတယ်။”

ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လမ်းနေတဲ့ အစိုးရသစ်တစ်ရပ်အနေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို ဖမ်းဆီးအရေးယူတာမျိုးတွေ မရှိသင့်တော့ဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မခင်လေးက အခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေများနေတာကတော့ ဒီမိုကရေစီနိုင်ငံ တခုကိ ုသွားနေတဲ့ အခါမှာတော့ ဒါကတော့ မဖြစ်သင့်တဲ့ ကိစ္စတခုပေါ့လေ။ ဆိုတော့ ကျမတို့ကလည်း နိုင်ငံရေးနဲ့ ပတ်သက်တယ်။ လွတ်လပ်စွာဆန္ဒပြတယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေပဲ ပေါ့နော် ၊ ကြမ်းတမ်းတဲ့ဟာတွေ အန္တရာယ်ဖြစ်စေမယ့်ဟာမျိုးတွေကို လှုံ့ဆော်တဲ့ဟာမျိုးမဟုတ်ပဲနဲ့ လွတ်လပ်စွာ ဆန္ဒပြခွင့် စီတန်းခွင့်တို့ကို ကျမတို့က အပြည့်အ၀ အားပေးတဲ့အတွက် ဒီလိုမျိုးတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို အမြန်ဆုံးလွှတ်ပေးစေချင်တဲ့ ဆန္ဒရှိပါတယ်။”

Burma Political Prisoners Assistance Act လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှ ပစိဖိတ်နဲ့ နျူကလီးယား မပြန့်ပွားရေး ဆပ်ကော်မတီ ဝင်တွေဖြစ်တဲ့ Michigan ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin နဲ့ Missouri ပြည်နယ် ရီပါပလင်ကန် အမျိုးသမီး အောက်လွှတ်တော်အမတ် Ann Wagner တို့က ဧပြီလ (၁၉)ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG