သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသွင်ကူးပြောင်းရေးနဲ့ စစ်တပ်အခန်းကဏ္ဍ


NLD ရုံးချုပ်တွင် ကျင်းပသည့် ပါတီ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး။ (စက်တင်ဘာ ၂၁၊ ၂၀၁၉၊ ဓာတ်ပုံ-NLD)
NLD ရုံးချုပ်တွင် ကျင်းပသည့် ပါတီ ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး။ (စက်တင်ဘာ ၂၁၊ ၂၀၁၉၊ ဓာတ်ပုံ-NLD)

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုရလာစေရေးအတွက် တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သွားမယ်လို့ သဘောတူထားကြတဲ့ မြန်မာ့အသွင်ကူးပြောင်းရေးမှာ တပ်ရဲ့အခန်းကဏ္ဍကို ပိုချဲ့ထွင်ဖို့ ဦးတည်နေသလားလို့ NLD ပါတီက မေးခွန်းထုတ်လိုက်ပါတယ်။ တတိယအကြိမ်မြောက် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီတာဝန်ရှိသူတဦး ပြောကြားသွားတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ကာ/လုံအဖွဲ့ဝင် မဲအများစုက အကြံပြုလာရင် သမ္မတက လွှတ်တော်တွေကို ဖျက်သိမ်းရမှာမျိုး၊ ကာလုံအစည်းအဝေးတွေကို ၂ လတကြိမ် ခေါ်ယူနိုင်တာမျိုး စတဲ့ အချက် ၇ ချက်လောက် ပါဝင်တဲ့ ကာ/လုံရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုရလာစေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတရပ်ကို တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ စုပေါင်းပြီး စက်တင်ဘာ ၂၀ ပြီးခဲ့တဲ့ သောကြာနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ကြတာပါ။

ဒါနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်ရဲ့အခန်းကဏ္ဍကို ပိုချဲ့ထွင်ဖို့ ဦးတည်နေသလားလို့ သံသယဝင်မိကြောင်း NLD ဗဟိုကော်မတီဝင်လည်းဖြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်လည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က မေးခွန်းထုတ်လိုက်ပါတယ်။

“တကယ်တော့ ကာ/လုံအနေနဲ့ ပါဝင်ဆောင်ရွက်ရမယ့်၊ ကာ/လုံအနေနဲ့ လုပ်ရမယ့် နိုင်ငံရေးအခင်းအကျင်း အခြေအနေလည်း မပေါ်ပေါက်ဘူး။ ဒါကြောင့်မို့လို့ ကာ/လုံရဲ့အနေအထားက သူ့ဟာသူ စဉ်းစားရမယ်။ သူ့ကို လျှော့ထားတာတွေ ဘာမှမရှိဘူး။ အခုနောက်ဆုံး တင်လာတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း တင်လာတာကတော့ ကာ/လုံအဖွဲ့အနေနဲ့ဆိုရင် အကယ်၍ တိုင်းပြည်အခြေအနေ ယိုယွင်းလာရင် လွှတ်တော်ကို ပယ်ဖျက်ဖို့ရန်အတွက် သမ္မတကို အကြံပေးနိုင်တယ် ဘာညာဆိုတဲ့ ၇ ချက်လောက် ပါလာတယ်။ အဲလိုပါလာတာ သွားတွေ့ရတဲ့ အနေအထားမျိုးကတော့ ဘာကိုသွားတွေ့ရသလဲဆိုရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားကြမယ်ပြောရင်းနဲ့ တပ်ရဲ့အခြေခံနယ်နိမိတ်ကို ပိုပြီးတော့ ချဲ့ထွင်လာချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို ဦးတည်လေသလားလို့ စဉ်းစားရမယ့် အနေအထားမျိုးတွေ ရှိတယ်။”

စက်တင်ဘာ ၂၁-၂၂ နှစ်ရက်ကြာ ရန်ကုန် NLD ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ NLD ပါတီ ဒုတိယ ဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဦးအောင်ကြည်ညွန့်က အဲဒီလို ဖြေကြားသွားတာပါ။

NLD အစိုးရလက်ထက်မှာ အခုအချိန်ထိ ကာ/လုံအစည်းအဝေး ခေါ်ယူကျင်းပခဲ့တာမျိုး မရှိသေးပါဘူး။ မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် သွားကြမယ်လို့ တပ်မတော်ဘက်ကလည်း သဘောတူထားပြီး ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း တကယ်သွားချင်ရင် နိုင်ငံတကာ အတွေ့အကြုံတွေကို နမူနာယူပြီး စစ်တပ်ရဲ့အခန်းကဏ္ဍကို လျှော့ချသွားရမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်က အာရှရေးရာ အငြိမ်းစားကထိက ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“စစ်တပ်တို့ ဘာတို့ဆိုတာတွေက ဒီမိုကရေစီတွေ ဘာတွေလည်း သိပ်နားလည်တာ မဟုတ်ဘူး။ သူတို့ကလည်း သူတို့က အရေးကြီးပြီး သူတို့အခန်းကဏ္ဍကို ရှေ့တန်းတင်ချင်မှာပေါ့။ ဒါပေမယ့် တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေး၊ ပြည်နယ်အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ အနှစ် ၅၀ ကျော်နေပြီလေ။ ဗမာပြည်က လိုက်တုနေတာတော့ အင်ဒိုနီးရှားကို လိုက်တုတာပေါ့ဗျာ။ စစ်တပ်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်ဆိုပြီး စစ်ဗိုလ် စစ်သားတွေ ယူနီဖောင်းမချွတ်ဘဲနဲ့ အင်ဒိုနီးရှား ပါလီမန်ထဲ ဝင်ထိုင်ခဲ့တာ ရှိတာပဲ။ ဒါပေမယ့် သူတို့က တဖြည်းဖြည်းလျှော့သွားတာ အခုတော့ အင်ဒိုနီးရှား ပါလီမန်ထဲမှာတော့ စစ်သားလုံးဝမရှိတော့ဘူး။ နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်ကထွက်၊ ထွက်ပြီးတော့ ရွေးကောက်ပွဲဝင်ရွေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ချင်ရင်တော့ လျှော့သွားရမှာပေါ့ တဖြည်းဖြည်း။ ဘယ်နိုင်ငံကိုပဲ ကြည့်ကြည့်ပေါ့ဗျာ။ ဥပမာ ဒီမိုကရေစီနိုင်ငံတွေပဲ ကြည့်မလား၊ တပါတီအုပ်ချုပ်တဲ့ နိုင်ငံတွေပဲ ကြည့်မလား၊ စစ်တပ်က အစိုးရလက်အောက်မှာပဲ ရှိနေရတာပဲ။”

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD ပါတီက ၂၁ ပင်လုံညီလာခံ အပစ်ရပ် ငြိမ်းချမ်းရေး လမ်းကြောင်းကနေ တိုင်းရင်းသားတွေရဲ့အားကိုယူပြီး ပြင်ဆင်သွားဖို့ ကနဦးမှာ ကြိုးပမ်းခဲ့ပေမယ့် NLD အစိုးရသက်တမ်း ၄ နှစ်နီးပါး ရှိလာချိန်မှာ ၂၁ ပင်လုံညီလာခံကလည်း ရပ်တန့်နေတဲ့အတွက် မျှော်လင့်ချက် ကင်းနေပါတယ်။ အဲဒီအချိန်ကျမှ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်ထဲမှာ အင်တိုက်အားတိုက် ကြိုးပမ်းလာတဲ့အပေါ် စစ်တပ်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက နောက်ပြန်ဆွဲလိုတဲ့သဘော လုပ်နေတာဖြစ်တယ်လို့ ဖက်ဒရယ်တိုင်းရင်းသားအရေး ကျွမ်းကျင်သူ စိုင်းဝမ်စိုင်းက မြင်ပါတယ်။

“ခြုံပြီးပြောရရင်တော့ စစ်အုပ်စုကတင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက စစ်တပ်က ပိုပြီး အာဏာရရှိရေးဆိုတဲ့ လိုင်းကို သွားတယ်။ တကယ်က အားလုံးသဘောတူထားတာ ဖက်ဒရယ်ပြည်ထောင်စုကို သွားတဲ့လမ်းကို သွားရမယ်ဆိုတော့၊ အခု သူတို့လုပ်နေတဲ့ပုံကတော့ နောက်ပြန်ဆွဲတဲ့ပုံပေါက်တယ်။ အားလုံးကို ခြုံငုံပြောရလို့ရှိရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို NLD က ရှေ့တန်းတင်ပြီး လုပ်နေတဲ့ဟာကို သူတို့က ကဖျက်ယဖျက် ဖြစ်အောင်လုပ်တယ်။ အဲဒါကြောင့် သူတို့ ဒီလိုလှုပ်ရှားမှုကို လုပ်တယ်လို့ ကျနော်တော့ ဒီလိုပဲသုံးသပ်လို့ရတယ်။”

၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၅၊ ပုဒ်မ ၂၀၁ မှာတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ဖွဲ့စည်းခြင်းကိုသာ ဖော်ပြထားပြီး ကာ/လုံရဲ့ လုပ်ငန်းတာဝန် ဘာတွေလဲဆိုတာ ဖော်ပြထားတာ မရှိပါဘူး။ စက်တင်ဘာ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်ကို စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၁၄၅ ဦး တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ရေး မူကြမ်းထဲမှာတော့ အနည်းဆုံး ကောင်စီဝင် ၅ ဦးက တောင်းဆိုလာရင် ကာ/လုံအစည်းအဝေးကို ခေါ်ယူကျင်းပရမှာဖြစ်သလို ၂ လတကြိမ် ပုံမှန်အစည်းအဝေး ကျင်းပရမယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ အပြန်အလှန် ထိန်းကျောင်းမှု ယိုယွင်းလာတဲ့အခါ လွှတ်တော်ကိုဖျက်သိမ်းဖို့ သမ္မတကို ကာ/လုံကောင်စီက အကြံပေးရမယ်လို့ ဖော်ပြထားပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် သုံးပုံတပုံ လစ်လပ်သွားရင် လွှတ်တော်ကိုဖျက်သိမ်းဖို့ သင့်/မသင့် သမ္မတကို အကြံပေးခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

-----------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG