သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ပြင်ဆင်ချက်သစ် တပ်မတော်သား ကိုယ်စားလှယ်တွေတင်သွင်း


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်သားကိုယ်စားလှယ်တွေ ဒီကနေ့ တင်သွင်းလိုက်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ဥပဒေကြမ်းကော်မီတီရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမယ်လို့ ကော်မတီတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ နိုင်ငံခြားသား မဖြစ်ရမယ့်အပြင် သူတို့ရဲ့ ဇနီးနဲ့ သားသမီးတွေဟာ နိုင်ငံခြားသား တစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ်တာတွေ မဖြစ်စေဖို့ဆို တဲ့အချက်တွေကို ထပ်မံဖြည့်စွက် ပြင်ဆင်ဖို့ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းသတ်မှတ်ချက်တွေ ပါဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း တရပ်ကို တပ်မတော်သား ကိုယ်စားလှယ် ၁၀၀ ကျော်က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ကြတာပါ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မမေခကပေးပို့ထား ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အတွက် ပြင်ဆင်ချက် ဥပဒေမူကြမ်း တစောင်ကို ရွေးကောက်ခံမဟုတ်တဲ့တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အယောက် ၁၀၀ကျော်က လက်မှတ်ရေးထိုးပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကိုတင်ခဲ့တာဖြစ်ပါတယ်။

သူတို့ဘက်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ တင်သွင်းရခြင်းနဲ့ ပတ်သက်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က အခုလို ပြောပါတယ်။

“အဓိကကတော့ အရေးကြီးတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်းဝန်ကြီးတွေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားပေါ်သစ္စာရှိဖို့၊ နောက်ဒီလို နိုင်ငံခြားနဲ့ ဆက်စပ်ရှိတဲ့အပေါ် မူတည်ပြီးတော့ ကိုယ့်နိုင်ငံမှာ နိုင်ငံခြားသားတွေ ဝင်ရောက် စွပ်ဖက်မှုမရှိစေဖို့၊ ဆွေးမျိုးတော်စပ်တာ အကြောင်းပြုပြီး သူလျိူမလုပ်ခံရဖို့၊ နိုင်ငံသားတွေ ယုံကြည်စိတ်ချဖို့ ပြင်ဆင်ချက်တင်တာဖြစ်ပါတယ်။”

တပ်မတော်က တင်ထားတဲ့ မူကြမ်းမှာ ပြည်ထောင်စုဝန်ကြီး အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၂၃၂ (က) ရဲ့ အပိုဒ်ခွဲ ၅ ကို ဖြည့်စွက် ပြင်ဆင်ဖို့နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၂၆၁ (က) ရဲ့ အပိုဒ်ခွဲ ၅ ကိုလည်း ဖြည့်စွက် ပြင်ဆင်ဖို့ တင်သွင်းခဲ့ကြတာပါ။

တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူလက ရည်မှန်းထားတဲ့အတိုင်း ပြင်ဆင်ဖို့ အဆိုပြုတင်သွင်းခဲ့တာလို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေဘက်က အခုတင်သွင်းလာတဲ့ အဆိုပြုချက်နဲ့ပတ်သက်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ NLD ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒေါက်တာမြတ်ညာဏစိုး က အခုလို မှတ်ချက်ပေးပါတယ်။

“ ဒီတခါကတော့ထူးခြားတာကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တွေချည်းဘဲ။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တယောက်မ ှမပါပါဘူး။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ လက်မှတ်ရေးထိုးတင်ပြလာတယ်။ ဒါက လွှတ်တော်ကိုယ်စားလှယ် ၂၀ရာခိုင်နှုန်းကျော်လို့ နယကပြောသလို ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်တွေကရော ၂ ရပ်စလုံးမှာရှိတဲ့ ဥပဒေကြမ်းကော်မတီ၂ရပ်ပါတဲ့ သုံးသပ် ကော်မတီကစိစစ်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

တပ်မတော်သားကိုယ်စားလှယ်တွေဘက်က တင်သွင်းတဲ့ အဆိုပြုချက်ဟာ တခြားနိုင်ငံတွေမှာတောင် မရှိဘူးတဲ့ အဆိုပြုချက်မျိုး ဖြစ်နေတယ်လို့လည်း ဒေါက်တာ မြတ်ညာဏစိုးက ပြောပါတယ်။

“၁၉၄၇ အခြေခံဥပဒေမှာရော၊ ၁၉၇၄ အခြေခံဥပဒေမှာရော မရှိပါပြီး ။ ပြီးတော့ ကျနော်တို့က ဖွဲ့စည်းပုံ ဆိုတာက ကျန်တဲ့ နိုင်ငံတကာမှာ ပြဌာန်းတဲ့ အခြေခံဥပဒေတွေနဲ့လည်း ချိန်ပြီး ကြည့်ရပါတယ်။ ဆိုတော့ အခြားသော နိုင်ငံတွေမှာလည်း ဒီလိုကန့်သတ်ချက်မျိုးမရှိပါဘူး။ ကျနော်တို့ နိုင်ငံတနိုင်ငံတည်းကပဲ ထူးထူးခြားခြားဖြစ်နေတဲ့ ကန့်သတ်ချက်မျိုး နောက် ဒီကန့်သတ်ချက်ကလည်း ပုဂ္ဂိုလ် တဦးတယောက်ကို ရည်ရွယ်ပြီးတော့ ကန့်သတ်ထားတဲ့ ကန့်သက်ချက်မျိုးဖြစ်နေမလားဆိုတာ အများကြီး စဉ်းစားစရာရှိပါတယ်။”

တပ်မတော်ဘက်က အခုလိုတင်သွင်းလာတဲ့ အတွက် မြန်မာ့နိုင်ငံရေးပြောင်းလဲမှု၊ လက်ရှိ ဖွဲ့စည်းပုံပြင်ရေးမှာ တပ်မတော်ကို အခွင့်အရေးများစွာ ပေးထားတာကြောင့် တပ်မတော်နဲ့ လက်ရှိ အာဏာရပါတီ ပွတ်တိုက်မှုတွေကြောင့် ဖွဲ့စည်းပုံပြင်ရေးဟာ လိုရာခရီးမရောက်နိုင်ဘဲ ရှိနေမယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။

တပ်မတော်ဘကက် အခုလို တင်သွင်းလာတာကို ကြည့်ခြင်းအားဖြင့် စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆောင်တွေကြားမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ သဘောထား ကွဲပြားမှုတွေ ကြီးကြီးမားမား ဖြစ်နေတယ်လို့ ယူဆနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

“ကျနော့်အမြင်ကတော့ လက်ရှိ တပ်မတော်ရဲ့ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်သွင်းတဲ့ အနေအထားရော လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားလုံးကို ဆက်စပ် စဉ်းစားမယ်ဆိုရင်တော့ နိုင်ငံရေးအပြောင်းအလဲက အကောင်းဘက်ကို သွားနေသလား ၊ အဆိုးဘက်ကို သွားနေသလား ဆိုတာထက် စိန်ခေါ်မှုတွေ အကျပ်အတည်းတွေကတော့ ပိုပြီးတော့ မြင့်တက်လာနေတယ်လို့ ပြောလို့ရပါတယ်။”

အခု လွှတ်တော်သက်တမ်းအတွင်း ပြည်ခိုင် ဖြိုးပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခု တင်သွင်းခဲ့ပါတယ်။

..................

{Unicode}

















တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG