သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ချီတက် တောင်းဆို


၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ချီတက် တောင်းဆို (ဓါတ်ပုံ ခရက်ဒစ်- အောင်ဇော်ထွေး)
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ချီတက် တောင်းဆို (ဓါတ်ပုံ ခရက်ဒစ်- အောင်ဇော်ထွေး)

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်က လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့ နဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူတွေ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး လူထုလှုပ်ရှားမှုကနေ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ချီတက်လမ်းလျှောက်ပွဲကနေ ဦးဆောင်လှုပ်ရှားသူတွေက နိုးဆော်လိုက်ကြတာပါ။ ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင်းက ဆောင်ရွက်နေချိန်မှာ ပြည်သူတွေဘက်ကလည်း မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့ နဲ့ တိုင်းရင်းသားပြည်သူလူထု လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဝိုင်းဝန်းတောင်းဆိုကြဖို့ အရေးကြီးတဲ့အချိန် ရောက်နေတဲ့အတွက် အခုလို လူထု လှုပ်ရှားမှုကို ဆောင်ရွက်တာဖြစ်တယ်လို့ ဦးဆောင်သူတွေကပြောပါတယ်။

ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဦးဆောင်သူတဦးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်ကွက်သူတွေ စုဖွဲ့ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လူထုလှုပ်ရှားမှု ကော်မတီက ကိုအောင်ဇော်ထွေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“လွှတ်တော်ထဲမှာလည်း အခုဆိုရင် ကော်မတီဖွဲ့ထားတယ်ပေါ့နော် ပူးပေါင်းကော်မတီဆိုပြီးဖွဲ့ပြီးတော့ ဒါကို ပြုပြင်ပြောင်းလဲဖို့လုပ်နေတာတွေရှိတယ်။ ကျနော်တို့ကတော့ အမြန်ဆုံး တနည်းနည်းနဲ့တော့ ပြုပြင်ပြောင်းလဲစေချင်တာပေါ့နော်။ ဒီရွှေးကောက်ပွဲမတိုင်ခင် ပြုပြင်ပြောင်းလဲစေချင်တယ်။ လွှတ်တော်ထဲမှာလည်း သူတို့ကတော့ ၇ လပိုင်း ၁၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ သူတို့ဆွေးနွေးမယ်လို့ သတင်းရရှိထားပါတယ်။ အဲဒီအတွက် သူတို့လည်း လုပ်ဆောင်နေတယ် မြန်မြန်လေးတော့ အမြန်ဆုံးတော့ ကျနော်တို့ ဆောင်ရွက်စေချင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှသာလျင် ကျနော်တို့ ဒီမိုကရေစီအစစ်ကိုရမှာပါ။ ဒီမိုကရေစီ လမ်းကြောင်းနဲ့ သွေဖည်နေတာတွေ ၂၀၀၈ အခြေခံဥပဒေက ။ အဲဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှသာလျင် တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကိုလည်း ရမယ်၊ ငြိမ်းချမ်းရေးကိုလည်း ရမယ်ဆိုတာ မျှော်လင့်တဲအတွက် ဒီပွဲကို လုပ်ရခြင်း ဖြစ်ပါတယ်ခင်ဗျ။”

ဒီကနေ့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လူထုလှုပ်ရှားမှုနဲ့ ဟောပြောပွဲတွေကို ခွင့်ပြုမိန့်နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ လူထုအားနဲ့ပြင်ဆင်ကြ၊ အခြေခံဥပဒေ အကြပ်အတည်း လက်တွဲတိုက်ကြ Change Constitution စတဲ့ တောင်းဆိုချက်တွေ ကိုင်ဆောင်ပြီး အဓိက တောင်းဆိုခဲ့တာတွေနဲ့ပတ်သက်လို့လည်း ကိုအောင်ဇော်ထွေးက အခုလိုပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အင်္ကျီတွေကို ဝတ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လှော်ကားရတနာ ခန်းမအထိကို ကျနော်တို့က လမ်းလျောက်ပြီး ဆန္ဒပြ ကြွေးကြော်တယ်ပေါ့နော်။ ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပါတယ်ခင်ဗျ။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး တို့အရေးဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပါတယ်။ ရွေးကောက်ခံမဟုတ်တော့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းမပါဝင်ရေးဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပါတယ်။ အာဏာရှင်တွေ ခင်းခဲ့တဲ့လမ်းက ခွဲထွက်ကြဆိုတဲ့ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပါတယ်။ ခွင့်ပြုမိန့်ယူပြီး လုပ်တဲ့ပွဲပါ။ ဒီနေ့ပွဲမှာတော့ ကျနော်တို့ကို တားဆီးခြင်း နှောင့်ယှက်ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ခွင့်ပြုမိန့်တင်တဲ့အချိန်မှာ ကျနော်တို့ကို ထွေအုပ်ရယ် ၊ မြို့နယ်မှူးရယ်က ခေါ်ယူပြီး ညှိနှိုင်းတာတော့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ကြွေးကြော်တဲ့အထဲမှာ တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်အထဲမပါဝင်ရေး ဆိုတဲ့ ကြွေးကြော်သံကို ဖြုတ်ပေးပါ တခြားတမျိုးမျိုးသုံးပြီး ပြောင်းပေးပါဆိုပြီး ကျနော်တို့ကို ခေါ်ယူညှိနှိုင်းပါတယ်။ ရွေးကောက်ခံမဟုတ်သော လွှတ်တော်ကိုယ်စားလှယ်များလို့ ကျနော်တို့ သုံးပေးလိုက်ပါတယ် ခင်ဗျ။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို လူထုအားနဲ့ ပြောင်းလဲပစ်နိုင်ဖို့ လူထုက ပူးပေါင်းပါဝင်ဖို့လိုသလို ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲဂတိပေးခဲ့တဲ့ အရပ်သားအစိုးရဘက်ကလည်း တစိုက်မတ်မတ်ဆောင်ရွက်သွားဖို့ အရေးကြီးတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လူထုလှုပ်ရှားမှု ကော်မတီဝင်ကပြောပါတယ်။

“ ကျနော်တို့ လူထုအားနဲ့ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လို့ရမှာပါ။ လွှတ်တော်ထဲမှာ ဘယ်လိုပဲ လုပ်နေတာတွေ အမှန်အတိုင်းပြောရရင် လွှတ်တော်ထဲမှာ လုပ်နေတယ်ဆိုတာထက် အပြင်က လူထုကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထဲထဲဝင်ဝင် လေ့လာပြီးတော့ ဘယ်အခန်းကဏ္ဍတွေကတော့ ပြည်သူတွေအဆင်ပြေတာမျိုး ၊ ဘယ်အခန်းကဏ္ဍတွေကတော့ ပြည်သူတွေ အတွက် အဆင်မပြေတာဆိုတာ လေ့လာပြီးတော့ ပြည်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အစဉ်တစိုက်လုပ်သွားဖို့လိုတာလေး ပြောချင်ပါတယ်ခင်ဗျ။”

လက်ရှိလွှတ်တော်တွင်းမှာတော့ နိုင်ငံရေးပါတီ၊ တပ်မတေ်ာသားနဲ့ တသီးပုဂ္ဂလ စတဲ့ ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အဆိုပြုချက်တွေနဲ့၂၀၀၈ ဖွဲ့စည်းပုံပါ အခန်းတွေအားလုံးကို ဆွေးနွေးပြီးစီးသွားပြီး သတ်မှတ်ရက်အတိုင်း အစီရင်ခံစာ တင်ပြဖို့ ရှိနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာအပေါ်မှာ ပြည်ထောင်စုလွှတ်တော်က အကျေအလည် ဆွေးနွေးပြီးမှသာ ပြင်ဆင်မယ့် အချက်တွေဟာ အတည်ဖြစ်လာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG