သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကြိုးပမ်းမှု ပြည်ပရောက် တိုင်းရင်းသားတချို့ အမြင်


၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် NLD အစိုးရက လွှတ်တော်တွင်း ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ အများက လိုလားနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အာမခံနိုင်မယ့် ပြင်ဆင်မှုမျိုး ဖြစ်မလာနိုင်သေးဘူးလို့ လူ့အခွင့်အရေး ရှေ့နေကြီးတဦးက သုံးသပ်သလို၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက သွားနေတဲ့ နှုန်းကိုကြည့်ရင် NLD အစိုးရရဲ့ ဒီသက်တမ်းအတွင်း ဖွဲ့စည်းပုံဥပဒေထဲက အရေးကြီး အချက်တွေ ပြင်ဆင်နိုင်ပါ့မလားလို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးကလည်း သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

စစ်အစိုးရလက်ထက် ညောင်နှစ်ပင်အမျိုးသားညီလာခံမှာ ရေးဆွဲပြီး ၂၀၀၈ ခုနှစ်က အတည်ပြုလိုက်တဲ့ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲက အခြေခံကျောရိုးတွေ ပြင်မှသာ အများကလိုလားနေတဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ကိုက်ညီတဲ့ ဥပဒေတရပ် ဖြစ်လာလိမ့်မယ်လို့ ဆွီဒင်နိုင်ငံမှာ ခေတ္တနေထိုင်တဲ့ ဥပဒေအထောက်အကူပြုကွန်ရက်ကို တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ထောက်ပြ ပါတယ်။

" ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံကျတဲ့ ကျောရိုးတွေကို ပြင်တော့မှသာလျင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ ကျပြီးတော့ ဖယ်ဒရယ် ပြည်ထောင်စု အခြေခံကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။ အဲဒီတော့ အခြေခံ ကျတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီလို့ ခေါ်တဲ့ ကာလုံနဲ့ ပတ်သက်ပြီးတော့ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ၊ နောက် စစ်တပ်ရဲ့ ဥပဒေပြုရေး အုပ်ချုပ်ရေး ကဏ္ဍတွေမှာ ပါဝင်ပတ်သက်ခွင့် ပေးထားတဲ့ ပြဌာန်းချက်တွေ၊ နောက်တခါ သမ္မတ ရွေးချယ်တင်မြှောက်ခွင့် စနစ် ကိစ္စပေါ့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မကျင့်သုံးတဲ့ စစ်ဗိုလ်လုပ်တဲ့ ပုဂ္ဂိုလ်၊ စစ်ဗိုလ် လူထွက်လုပ်တဲ့ ပုဂ္ဂိုလ်က သမ္မတ ဖြစ်စေ ဒုသမ္မတ ဖြစ်စေ ဖြစ်လာခွင့် ပေးထားတဲ့ ပြဌာန်းချက်တွေ၊ ဒီပြဌာန်းချက်တွေကို ပြင်ကို ပြင်မှ ရမယ်။ ဒီပြဌာန်းချက်တွေကို ပြင်လိုက်တာနဲ့ သူနဲ့ ဆက်စပ်တဲ့ဟာတွေ လျှောက်ပြင်ရတော့မယ်ဆိုရင် ဖွဲ့စည်းပုံ တခုလုံးက သုံးလို့ကို မရတော့ဘူး။ မပြင်ဘဲ ထားပြန်တော့လည်းဘဲ စစ်အာဏာရှင် စနစ်က ဆက်လက် သက်ဆိုးရှည်သွားမယ်။ ဒီလို အခြေအနေ အောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆိုတာ လက်တွေ့ ဘယ်တော့မှ မဖြစ်နိုင်တဲ့ ကြိုးပမ်းချက် ဖြစ်တယ်။ အရေးမပါတဲ့ ပြဌာန်းချက် တချို့လောက်ကို ပြင်ခွင့်ပေးပြီးတော့ ဖွဲ့စည်းပုံဆိုတာ ပြင်လို့ ရတယ်ဆိုတဲ့ နိုင်ငံရေး မျက်လှည့် ပြပွဲကြီး အောက်ကနေပြီးတော့ ရေရှည် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်မယ့် လမ်းကြောင်း မျိုးကို ဒီကနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာက သွားနေတာလို့ ကျနော် နားလည်ပါတယ်။ "

ကိုညဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ခင်ဗျ။ NLD အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ လမ်းကြောင်းကို တဖက်က ကိုင်စွဲထားတာ တွေ့ရပါတယ်။ ဆိုတော့ စစ်တပ်ဘက်ကလည်း လက်ခံနိုင်လောက်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာမျိုးကို ကြိုးပမ်းကြမယ်ဆိုရင် ဘယ်လို အချက်တွေကို ပြင်မယ်၊ အဆိုတင်သွင်းကြမယ်လို့ ဆရာ ဦးအောင်ထူး ခန့်မှန်းပါလဲ။

ဦးအောင်ထူး။ ။ တပ်ဘက်က လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မယ်ဆိုရင်ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာကို တိုးလို့ကို မရဘူး။ ဒါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဟုတ်ဘူး။ စစ်တပ် အလိုကျ လိုက်နာဆောင်ရွက်ရေးဘဲ။ ကျနော် ဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာက တမျိုးသားလုံးပါဝင်တဲ့ လူထု တရပ်လုံးရဲ့ ဒီမိုကရေစီ အခွင့်အရေး ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ပိုင်ခွင့် အခွင့်အရေး အခြေခံ အပြင်ကို ဖြစ်ပွားကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးတွေ အပေါ်မှာ အရေးယူ ဆောင်ရွက်နိုင်ရေး ပါဝင်တဲ့ အခြေခံနဲ့ ချဉ်းကပ်တော့မှသာလျင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်နိုင်တယ်။ အဲလို မဟုတ်ဘဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နာမည်ကို သုံးပြီးတော့မှ စစ်တပ်က စစ်ခေါင်းဆောင်တွေ သဘောကျစေမယ့် ဟာမျိုးတွေကို လိုက်လုပ်နေသမျှ ကာလပတ်လုံးတော့ ဘယ်တော့မှ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ဘူး။ ဒီလို အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာက ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

ဘယ်ဥပဒေ ပုဒ်မတွေကို ပြင်ဆင်မလဲဆိုတာ NLD အစိုးရက ပြည်သူတွေကို အခုထိ ချမပြနိုင်သေးတာကိုကြည့်ရင် တကယ်ပြင်ဆင်သင့်တဲ့ အချက်တွေကို လာမယ့် ၁ နှစ်ကျော်ကာလအတွင်း ပြင်ဆင်နိုင်ပါ့မလားဆိုတာ စိုးရိမ်မိသူက အမေရိကန် အရီဇိုးနားပြည်နယ်မှာနေတဲ့ SNLD ကျားခေါင်းပါတီရဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် စိုင်းဝင်းဖေ ဖြစ်ပါတယ်။

" အခုမှ သူက ပြင်ဖို့ကြိုးစားတဲ့ ကော်မတီ စဖွဲ့တုန်း ရှိသေးတယ်ဗျ။ ကော်မတီစဖွဲ့တဲ့ ပုံစံကို ကြည့်လိုက်တော့လည်း ဘာနဲ့သွားတူနေလဲ ဆိုတော့ ပထမဆုံး ညောင်နှစ်ပင် ညီလာခံနဲ့ သွားတူနေတယ်။ ဘယ်ဥပဒေ ပုဒ်မကို ပြင်ရမလဲ၊ ဘယ်အပိုင်းကို ပြင်ရမလဲ ဆိုတဲ့ဟာတွေ အခုထက်ထိ လှည့်တောင် မကြည့်နိုင်သေးဘူး ဘယ်သူမှ။ အဲဒီဟာတွေ အတွက်ရော ဘယ်လောက် ကြာမလဲ။ ဟို အီလည်လည်ကြီး ဘယ်တော့မှ မပြီးတော့မယ့် ဟာကြီး။ အဲဒီ ဘယ်တော့မှ မပြီးတော့မယ့် ဟာကြီးကို ရှေ့တင်ပြီးတော့မှ နောက် ၂ နှစ်တာဘဲ ကျန်တော့မယ် လက်ရှိ အစိုးရ အနေနဲ့ လုပ်ငန်းပြစရာ မရှိဘူး။ ဒါ လုပ်ငန်းပြတာလား အဲသလို မေးစရာ ရှိတယ်။ တကယ်လို့များ ကျနော်တို့ တိုင်းပြည် အမြန်တိုးတက်စေချင်လို့ ရှိရင် ခင်ဗျားတို့ ကျနော်တို့ တော်လှန်ရေးဆိုပြီး အပြင်ထွက်လာသူတွေ မြန်မြန် ပြန်လက်ခံနိုင်တဲ့ ဥပဒေများ အရင် ပြင်ရင် ကောင်းမလားလို့ ။ "

NLD အစိုးရက သူ့ရဲ့ကျန်ရှိနေသေးတဲ့ သက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်နိုင်ရေးအတွက် ဇန်နဝါရီ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းဖို့ အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ချိန်မှာ ဖွဲ့စည်းပုံပြင်ဖို့ ဘယ်သူကမှ တောင်းဆို နေတာမျိုးမရှိတာကြောင့် အရေးကြီးအဆိုနဲ့ မကိုက်ညီဘူးလို့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အခုရက်ပိုင်းတွေအတွင်းမှာတော့ ဖွဲ့စည်းပုံပြင်ရေးကို ထောက်ခံတဲ့ ဆန္ဒထုတ်ဖေါ်ဟောပြောပွဲတွေကို ရန်ကုန်အပါအဝင် အခြားမြို့တွေမှာပါ တောက်လျှောက်ဆိုသလို ပြုလုပ်လာကြတာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG