သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရွှေဝါရောင်နှစ်ပတ်လည်မှာ သံဃာတွေတိုက်တွန်း


ရွှေဝါရောင်တော်လှန်ရေး၁၁ နှစ်မြောက်အခမ်းအနား
ရွှေဝါရောင်တော်လှန်ရေး၁၁ နှစ်မြောက်အခမ်းအနား

မြန်မာနိုင်ငံမှာဒီနေ့ရင်ဆိုင်နေရတဲ့အထွေထွေအကြပ်အတည်းတွေဟာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်တာကြောင့်ဒီဖွဲ့စည်းပုံကိုဖျက်သိမ်းပြီးလူထုဆန္ဒနဲ့ကိုက်ညီတဲ့အခြေခံဥပဒေတရပ် ပြင်ဆင်အစားထိုးနိုင်ရေးပြင်ဆင်ဖို့ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့သံဃာတော်တွေကတိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ရန်ကုန်၊သင်္ကန်းကျွန်းမြို့နယ်ကျိုက္ကဆံဓမ္မပီယကျောင်းမှာကျင်းပတဲ့ ရွှေဝါရောင်တော်လှန်ရေး၁၁ နှစ်မြောက်အခမ်းအနားအကြောင်းကိုယ်တိုင်သတင်းသွားယူခဲ့တဲ့VOA သတင်းထောက်ကိုဇော်ထက်ကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့လက်ရှိနိုင်ငံရေးအခြေအနေအောက်တိုင်းရင်းသား ဒေသတွေမှာတိုက်ပွဲတွေ ပြင်းထန်လာသလို၊ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေဆုံးရှုံးလာပြီးတိုင်းရင်းသားပြည်သူအားလုံးရဲ့လူထုဘဝဆင်းရဲကျပ်တည်းမှုတွေအခြေအနေတွေရင်ဆိုင်နေရတဲ့အကြောင်း ရွှေဝါရောင် တော်လှန်ရေး၁၁ နှစ်ပြည့်အဖြစ်ဒီလှုပ်ရှားမှုမှာပါဝင်တဲ့သံဃာတော်တွေက ကြေညာချက်တစောင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အခမ်းအနားမှာမန္တလေး တောင်ခွင်မင်းကြီးကျောင်းကဆရာတော်ဦးကေလာသကအခုလိုမိန့်ကြားပါတယ်။

"နိုင်ငံတစ်နိုင်ငံက ဒီမိုကရေစီရလို့ လွတ်မြောက်သွားတာမဟုတ်ဘူး။ လူထုလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးက ဦးဇင်းတို့က တခြားစီ။ ဒီမိုကရေစီစနစ်တိုင်းမှာ လူထုလွတ်မြောက်ရေးကိုပေးထားပေမဲ့ လူထုလွတ်မြောက်ရေးကိုလက်ရှိမှာမကြိုးစားဘူးဆိုရင်ဦးပဉ္စင်းတို့နိုင်ငံဟာ ပိုပြီးအာဏာရှင်စနစ်ထက်ဆိုးရွားတဲ့စနစ်တစ်ခုကိုပြန်ခံစားရမယ်။ ဒါကလည်း ဦးပဉ္စင်းတို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရဟန်သံဃာတွေပါပေးဆပ်တယ်ဆိုတာ တူတူပေးဆပ်ကြတာပဲ။ ပေးဆပ်တဲ့အခါမှာ ဒီမိုကရေစီစနစ်ကိုရှင်သန်အောင် ပြည်သူလူထုခေါင်းဆောင်ရဲ့အပေါ်မှာ တကယ်အားထားယုံကြည်ပြီးတော့မှလုပ်ဆောင်ဖို့လိုတယ်။လူထုခေါင်းဆောင်အပေါ်မှာ ဝန်းရံဖို့လိုတယ်။"

မဂ္ဂင်ကျောင်းကသစ္စဝါဒီဆရာတော်ဦးစန္ဒိမာကလည်းအခုလိုမိန့်ကြားပါတယ်။

"ပြည်သူလူထုကတော့ သည်းခံပြီးတော့ ၂၀၀၈ အနည်းဆုံး မဖျက်သိမ်းနိုင်ဘူးဆိုရင်တောင်မှ ပြင်ဆင်ရေးပေါ့ သူတို့စောင့်စားနေကြတယ်။ ယုံကြည်တယ်ပေါ့ အားကိုးတယ်ပေါ့ မိမိတို့တင်မြှောက်ထားတဲ့ လူထုအစိုးရကို ယုံကြည်တယ် အားကိုးတယ် လုပ်ပေးလိမ့်မယ်လို့လည်း ဦးပဉ္စင်းတို့ မျှော်လင့်နေတာယနေ့အချိန်အထိပဲ မဖြစ်လာဘူးဆိုရင်လည်း ပြည်သူလူထုအနေနဲ့ တရားသောနည်းနဲ့ မျှမျှတတ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် ဖျက်သိမ်းရေးကို ပြုလုပ်ကြမလဲဆိုတဲ့ဟာမျိုး ဒီနိုင်ငံရေး အင်အားစုတွေကလည်းပြောလာလိမ့်မယ် အဲဒီအပေါ်မှာ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပြီးတော့ ပါဝင်ဖို့ ဦးပဉ္စင်းတို့အနေနဲ့ မေတ္တာရပ်ခံတယ်။"

၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါ်သံဃာ့လှုပ်ရှားမှုဟာပခုက္ကူမြို့မှာသံဃာတော်တပါးကိုအာဏာပိုင်တွေဘက်ကရိုက်နှက်ခဲ့တဲ့အမှုနဲ့၊ ပြည်သူလူထုစားဝတ်နေရေးကြပ်တည်းပြီးကုန်ဈေးနှုန်းကြီးမြင့်မှုကိုတာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေကိုအခြေခံ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာရင်းနှီးပေးဆပ်ခဲ့ရတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ မျှော်မှန်းချက်တွေဟာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံရေးလှေကြုံစီးသူတွေကြောင့်ပျက်ဆီးခဲ့ရတဲ့အကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာကြုံနေရတဲ့အကြပ်အတည်းနဲ့အခြေအနေအရပ်ရပ်ကို ပြောင်းလဲဖို့ နိုင်ငံကိုဦးဆောင်နေတဲ့တာဝန်ရှိသူတွေအကြား နိုင်ငံရေးအရ စေ့စပ်ညှိ့နိုင်းအဖြေရှာတဲ့နည်းနဲ့၊ရဟန်း၊ရှင်လူ၊ ကျောင်းသားပြည်သူတွေပါဝင်ဆုံးဖြတ်အဖြေရှာတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့လည်းသံဃာတော်တွေကမိန့်ကြားသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG