သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု ဖွဲ့စည်းပုံပြင်ဆင်ရေး ပိုအလှမ်းဝေးစေ


ဦးကိုနီ ဈာပန။ ဇန်နဝါရီ ၃၀၊ ၂၀၁၇။
ဦးကိုနီ ဈာပန။ ဇန်နဝါရီ ၃၀၊ ၂၀၁၇။

မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က မနေ့က ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။ တချိန်ထဲမှာပဲ NLD ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီ ရန်ကုန် လေဆိပ်မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းမှု အလှမ်းကွာစေတယ်လို့လည်း သူမက ပြောပါတယ်။

အလားတူပဲ မြန်မာ့ နိုင်ငံရေး သုံးသပ်သူတွေကလည်း ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရခြင်းဟာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ တောင်းဆိုသူတွေကို သတိပေးလိုက်ရာ ရောက်တယ်လို့ ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင်မှာ NLD ဥပဒေ အကြံပေး ဦးကိုနီ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခံရမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပိုပြီး အလှမ်းဝေးသွားစေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ၃၄ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံစာ တင်သွင်းရာမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ လက်ရှိအချိန်မှာ အလှမ်းကွာဝေးတဲ့ မျှော်မှန်းချက်တရပ် ဖြစ်နေတာ တွေ့ရပါတယ်။ ပိုပြီး ခက်ခဲစေတဲ့ ဖြစ်ရပ်ကတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ နံမည်ကြီး ရှေ့နေ ဦးကိုနီ သူ့မြေးလေး ချီထားစဉ် ရက်ရက်စက်စက် သတ်ဖြတ် ခံရမှုပါပဲ။ ဒီလို ကြီးမားလှတဲ့ အဟန့်အတားတွေ ကြုံတွေ့နေရပေမယ်လို့လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ လေ့လာမယ့် ကော်မီတီဖွဲ့ဖို့ ကျမ တိုက်တွန်းပါတယ်။ အရပ်သားစစ်စစ် ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်လိုဖို့ မပြင်နိုင်သ၍တော့ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိနိုင်မှာ မဟုတ်ပါဘူး။”

ဦးကိုနီဟာ လက်ရှိအာဏာရ NLD အစိုးရအဖွဲ့အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့ ရှားပါးတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ကျနော် ရှင်းရှင်းပြောလိုတာကတော့ ဦးကိုနီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးဖို့အတွက် အရေးကြီးတဲ့ အကြံပေးတဦး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ် ဆောင်ရွက်ဖို့ သူ့ကို အစားထိုးနိုင်တဲ့သူ NLD အနေနဲ့ မရှိပါဘူး။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အာဏာခွဲဝေမှု အချိုးအစားကို ကြည့်မယ်ဆိုရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံဟာ အားလုံးကို ချုပ်ကိုင်ထားတဲ့ အရာဖြစ်ပါတယ်။”

၁၉၆၂ ခုနှစ်မှာ တပ်မတော်က တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ အရပ်သားတပိုင်း အစိုးရလက်ထဲ အာဏာလွဲပြောင်းလိုက်တဲ့အချိန်ထိ မြန်မာ့နိုင်ငံရေးကို စစ်တပ်က အုပ်စိုးထားခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၇၅% ရရှိမှသာ လူထုဆန္ဒခံယူရေး အဆိုပြုခွင့် ရှိမယ်လို့ ဖော်ပြထားတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အခက်အခဲတွေ ရှိနေတာပါ။

ဒါပေမယ့် အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ပြီး သမားရိုးကျ မဲအသာစီးရယုံနဲ့ ပြင်ဆင်လို့ ရနိုင်တယ်ဆိုတဲ့ အားနည်းချက်ကို ဦးကိုနီက တွေ့ရှိခဲ့တယ်လို့ မြန်မာ့နိုင်ငံရေးကို အနီးကပ် လေ့လာ စောင့်ကြည့်နေသူလည်းဖြစ်၊ ဦးကိုနီရဲ့ မိတ်ဆွေတဦးလည်းဖြစ်တဲ့ Bertil Lintner ပြောပါတယ်။

“လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းခွင့်မရှိဘူးဆိုတဲ့ အချက်ကို ထည့်သွင်း ဖော်ပြထားခြင်း မရှိဘူးလို့ ဦးကိုနီက ပြောဖူးပါတယ်။ သူပြောတာက လွှတ်တော်ထဲမှာ သမားရိုးကျ မဲခွဲ ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံကို ပယ်ဖျက်ပစ်လိုက်လို့ ရနိုင်တယ်တဲ့။ အဲဒီကိစ္စအတွက် သူ ကြိုးပမ်း လုပ်ဆောင်နေခဲ့တာပါ။”

ဒါပေမယ့် အဲဒီလို လုပ်ဆောင်မယ့် အစီအစဉ်ဟာ ရန်လိုတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံပဲ တဖြည်းဖြည်းချင်း ပြောင်းလဲယူတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ Bertil Lintner က ပြောပါတယ်။ ဦးကိုနီကတော့ သူယုံကြည်ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ဆန္ဒရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ဦးကိုနီ အခုလို လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတာဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးပမ်းကြသူတွေကို တနည်းအားဖြင့် သတိပေးလိုက်ရာ ရောက်တယ်လို့ Bertil Lintner က ပြောပါတယ်။

“ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်လိုက်တာဟာ ဖွဲ့စည်းပုံကို ပြောင်းလဲ ပြင်ဆင်ဖို့ ကြိုးပမ်းသူတွေ၊ စဉ်းစား လုပ်ကိုင်သူတွေကို ပြင်းထန်တဲ့ သတိပေးချက် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမြင်ကွင်း လေဆိပ်မှာ ပေါ်ပေါ်ထင်ထင် လုပ်ကြံ သတ်ဖြတ်ပြလိုက်တာ ဖြစ်ပါတယ်။”

ဦးကိုနီက စစ်တပ်ရဲ့ သြဇာလွမ်းမိုးမှုကို ခြိမ်းခြောက်လာနေတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေထဲက အဆင့်မြင့် အရာရှိတွေအနေနဲ့ သူ့ကို လုပ်ကြံ ဖြတ်ရတဲ့အထိ ဖြစ်သွားစေခဲ့တယ်လို့ IHS Jane’s ကာကွယ်ရေးနဲ့ စစ်ဖက်ဆိုင်ရာ မဂ္ဂဇင်းက Tony Davis က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က နောက်ကွယ်ကနေ အာဏာကို ထိန်းချုပ်လို့ ရနိုင်တဲ့ အခွင့်အရေးမျိုး NLD အစိုးရက ဖန်တီးပေးခဲ့တယ်လို့ Tony Davis က ပြောပါတယ်။

“စစ်တပ်ဟာ ဒီမိုကရေစီအပြောင်းအလဲကို မလွဲမရှောင်သာလွန်းလို့သာ လုပ်ပေးလိုက်ရတာပါ၊ ဒီကနေ့ အချိန်အခါမှာ သူတို့အတွက် တခြား ရွေးချယ်စရာ နည်းလို့ မရှိတော့လို့ ဒီလမ်းကို ရွေးချယ်လိုက်ရတာပါ။ ဒါပေမယ့် ဒီလို ပြောင်းလဲမှုဟာ “စည်းကမ်းသေဝပ်တဲ့ ဒီမိုကရေစီ” ပဲ ဖြစ်ရမယ်ဆိုတာကို အစကတည်းက ပေါ်ပေါ်တင်တင် ပြောဆိုထားခဲ့တာပါ။ ဒါကြောင့် ဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့ မပြောနဲ့ဦး ပြင်ဆင်ဖို့အတွက် ကြိုးစားကြမယ်ဆိုရင်တောင် စစ်တပ်ဘက်က အဆင်သင့်ဖြစ်မှ လုပ်လို့ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အဆင်သင့်ဖြစ်ဖို့ကလည်း နောက်ထပ် အနှစ် ၂၀ လောက် ကြာနိုင်ပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကျရင် ရွေးကောက်ပွဲ အသစ်တွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံခဲ့တဲ့ ပြည်သူတွေရဲ့ အားပေးမှုကြောင့် ၂၀၁၅ ခုနှစ် မှာ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတဲ့ အဖြစ်မျိုးထက် သာလွန်ပြီး ဒီတကြိမ်မှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ ပိုပြီး အခြေအနေ ကောင်းလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG