သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ပြည်ခိုင်ဖြိုးအဆို ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ဆွေးနွေးဖွယ်ရှိ


သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချဖို့ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီမှာသာ ထည့်သွင်းဆွေးနွေးဖို့ ဥပဒေကြမ်းကော်မတီ တာဝန်ရှိသူတွေ ဒီကနေ့ပဲ လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်ရဲ့ ထောက်ခံမှုနဲ့ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက တင်သွင်းခဲ့တဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ လွှတ်တော်ထဲက နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခ ပြောပြပေးမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချမယ့် ပုဒ်မ ၄ ခု အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီရဲ့ အဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီက ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်က အဆုံးအဖြတ်ပေးဖို့ တင်ပြလိုက်တာပါ။ ပြည်ခိုင်ဖြိုးပါတီရဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း မေလကုန်မှာ တင်သွင်းခဲ့တဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတို့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာမြတ်ညဏစိုးက လွှတ်တော်မှာ တင်ပြခဲ့တာပါ။

“ နာယကကြီးခင်ဗျာ ပူးပေါင်းကော်မတီရဲ့သဘောထားမှတ်ချက်ကိုတင်ပြပါမယ်။ ဒေါက်တာမောင်သင်းအပြင် ပြည်သူ့လွှတ်တော် ၁၅ဦးကတင်သွင်းလာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်တဲ့မူကြမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဆက်လက်ဆောင်ရွက်မယ့် ဥပဒေမူကြမ်းရေးဆွဲမယ့် လုပ်ငန်း စဉ်မှာ တပေါင်းတည်း ထည့်သွင်း စီစစ် ဆောင်ရွက်သင့်ပါတယ်။ ဒါကြောင့် ကျနော်တို့ ပူးပေါင်းကော်မတီ အစီရင်ခံစာကို လွှတ်တော်ဘက်က အဆုံးအဖြတ်ပြု အတည်ပြုပေးနိုင်ပါရန် လေးစားစွာ အစီရင်ခံစာတင်အပ်ပါတယ်။”

ဒီဥပဒေကြမ်းမှာတော့ နိုင်ငံတော်သမ္မတ အနေနဲ့ ပုဒ်မ ၂၄၈ (ဂ) အရ ဝန်ကြီးဌာနတွေကို ပြင်ဆင်ဖွဲ့စည်းရင် “တိုင်းနဲ့ဲပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ရမယ်” ဆိုတဲ့စာသား ထည့်သွင်းဖို့၊ ပုဒ်မ ၂၆၄ အရ တာဝန်မကျေပွန်တဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို ရာထူး ကနုတ်ထွက်ဖို့ ညွှန်ကြားရာမှာ “ဖွဲ့စည်းပုံကို ထိန်းသိမ်းကာကွယ် စောင့် ရှောက်ဖို့ ပျက်ကွက်ခြင်း” ဆိုတဲ့စာသားထည့်သွင်းဖို့တွေ ပါဝင်ပါတယ်။

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး၊ အခြေခံဥပဒေပုဒ်မ ၃၂၂ ပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့လုပ်ပိုင်ခွင့် ကိစ္စတွေလည်း ထည့်သွင်းထားတာပါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကိစ္စတွေဟာ အတူတကွပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မယ်လို့ ပြောပါတယ်။

“ ပထမအချက်ကတော့ ကြံခိုင်ရေးကနေ တင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားဝင်တင်လာတဲ့ ဥပဒေက ကျနော်တို့ဘာမှသေချာမသိရပါဘူး။ သူတို့တင်တာနဲ့ပတ်သတ်လို့ လောလောဆည် ဘာမှပြောစရာမရှိပါဘူး။ နောက်တချက်ကတော့ ဖွဲ့စည်းပုံပြင်ရေးက တခုတလေသွားပြင်တာနဲ့ တဖက်ကပြင်တာနဲ့က ချိတ်ဆက်မိမိ လုပ်ဖို့လိုပါတယ်။ တကယ်လို့ တခုနဲ့ တခု ချိတ်ဆက်မမိရင်လုပ်လို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ရေးက အားလုံးသဘောတူညီတဲ့ အားလုံးစိတ်ဆန္ဒနဲ့ ဆောင်ရွက်တဲ့ကိစ္စမျိုးက ဖြစ်နိုင်တဲ့ အနေအထားရှိလိမ့်မယ်လို့ ထင်ပါတယ်။”

လွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ ပြည်ခိုင်ဖြိုးပါတီက ဒုတိယအကြိမ် ထပ်မံတင်ပြခဲ့တဲ့ ဥပဒေကြမ်းကိုတော့ မတ်လ၁၅ရက်နေ့က တင်သွင်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG