သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေ/ဥ ပြင်ရေး အစီရင်ခံစာ လွှတ်တော်တွင်းအချေအတင် ဆွေးနွေး


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ပူးပေါင်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဒီကနေ့လွှတ်တော်အတွင်း အပြင်းအထန်ဆွေးနွေးခဲ့ကြပြီး၊ အတိုက်အခံပါတီတွေဖက်ကတော့ ဒီပူးပေါင်းကော်မတီလုပ်ဆောင်မှုဟာ ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေနဲ့မညီဘူးလို့ ကန့်ကွက်ခဲ့ကြပါတယ်။

တိုင်းရင်းသားအချို့ကတော့ ဒါဟာ အာဏာရပါတီနဲ့ တပ်မတော်အကြား နိုင်ငံရေးကစားကွက်လို့ ယူဆပုံရပါတယ်။ ဒီနေ့ လွှတ်တော်ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ မမေခက စုစည်းတင်ပြပေးမှာပါ။

နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချသွားဖို့ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေ ထွက်လာပြီးနောက် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အထူးသဖြင့် ဒီပူးပေါင်းကော်မတီရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ထောက်ခံမှုတွေရော ကန့်ကွက်မှုတွေပါ ရှိနေတာပါ။ တိုင်းရင်းသားတွေဘက်ကတော့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ခံစားခွင့်တို့အတွက် အာဏာရ NLD ဘက်ကကော တပ်မတော် ဘက်ကပါစဉ်းစားဖို့လိုတယ်လို့ထောက်ပြကြပါတယ်။ ပူးတွဲအစီရင်ခံစာ အဆိုပြုချက်တွေမှာဆိုရင်လည်း တိုင်းရင်းသားပါတီရဲ့ ပြင်ဆင်ရေးအဆိုပြုချက်က ပိုများပါတယ်။

ဒါပေမယ့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဒါဟာ နိုင်ငံရေးကစားကွက်လားဆိုပြီး တိုင်းရင်းသားတွေဖက်က သံသယရှိနေတာလည်း တွေ့ရပါတယ်။

ရခိုင်အမျိုးသားပါတီက ဦးဖေသန်းကတော့ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကိုသွားနိုင်ဖို့ လိုအပ်နေပြီလို့ထောက်ပြလာခဲ့သလို နိုင်ငံ ရေးကစားကွက်တွေထပ်မကစားကြဖို့ လက်ရှိအာဏာရပါတီကိုကော တပ်မတော်ကိုကောတောင်းဆိုသွားပါတယ်။

“သွေးကြောင်းစီးတဲ့ စစ်ပွဲတွေကို ရပ်ပြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ချင်တယ်ဆိုရင် ပြည်နယ်များကို မဖြစ်စလောက် လုပ်ပိုင်ခွင့်တွေပေးထားပြီးတော့ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ဆက်သွားလို့မရပါဘူး။ ဖက်ဒရယ်တံခါးကို ရဲရဲဝံ့ဝံ့ ဖွင့်ပေးဖို့ လိုပါတယ်။ အခုမြင်တွေ့ရတာက လွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေတောင်မစရသေးဘူး အပြင်မှာ အစိမ်းရောင်၊ အနီရောင်အုပ်စုတွေက လမ်းပေါ်မှာ ပွဲဆူနေကြပါပြီ။ ပြည်သူ့သဘောထားဆိုတာလည်း ပါတီအဖွဲ့အစည်းတွေရဲ့ မဲဆွယ်မှု ပုံရိပ်တွေနဲ့ ပိုပြီးတော့ တူနေပါတယ်။ လွှတ်တော်ကို နိုင်ငံရေးစင်မြင့်အထိ အသုံးမချမိကြဖို့ အားလုံးကို သတိပေးရင်း နိဂုံးချုပ်ပါတယ်။”

အဖွဲ့ဝင် ၄၅ ဦးပါဝင်တဲ့ ပြင်ဆင်ရေးပူးပေါင်းကော်မတီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့တာပါ။ ပြည်ခိုင်ဖြိုးပါတီကတော့ ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်တာဟာ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးလို့ ခံယူထားကြောင်းနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေလိုပဲ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့ အနေနဲ့သာ ပူးပေါင်းကော်မတီမှာ ပါဝင်ခဲ့တာဖြစ်ကြောင်းလည်း သဘောထား မှတ်ချက်ပေးထားပါတယ်။

ပြည်ထောင်စု ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးသောင်းအေးကတော့ ပြင်ဆင်ရေးပူးပေါင်းကော်မတီလုပ်ဆောင်မှုတွေဟာ ဖွဲ့စည်းပုံပါ ဖော်ပြပြဌာန်းချက်တွေနဲ့ကိုက်ညီမှုမရှိသလို ဒို့တာဝန်အရေး ၃ပါးကို လိုက်နာဖို့ သတိပေးပြောဆိုလိုက်ပါတယ်။

“ခွင့်ပြုမယ်ဆိုရင် ဒီအစီရင်ခံစာမှာပါတဲ့ ၃၇၆၅ ချက်ကို အကျိုးအကြောင်းဖော်ပြချက်နဲ့ တကွ တနိုင်ငံလုံးက ပြည်သူတွေကို ချပြပေးဖို့ တောင်းဆိုပါတယ်။ ဥပဒေနဲ့ မညီတဲ့ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ပယ်ဖျက်ပေးပါရန် ပြင်ဆင်လိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက် တရပ်ရပ်ကို ဒို့တာဝန်၃ ပါး ဦးထိပ်ထားပြီး ဥပဒေနဲ့အညီ ကျနော်တို့တွေ အားလုံးဝိုင်းဝန်းပြင်ဆင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးကြပါလို့ လေးစားစွာတိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျ။”

လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အခြေအတင်ဆွေးနွေးနေချိန်မှာပဲ၊ လွှတ်တော်ပြင်ပမှာတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပျက်ပြယ်ကြောင်း ၉၀ရွေးကောက်ပွဲနိုင်ရအမတ်တချို့ဦးဆောင်တဲ့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့က တရားလွှတ်တော်ချုပ်ကို စာခွျှန်လွှာတင်ခဲ့တဲ့အပေါ်၊ တရားလွှတ်တော်ချုပ်ကလည်း ဒါကို ကြားနာစစ်ဆေးဖို့လက်ခံထားပါတယ်။

ဒီလိုတင်ပြတာနဲ့ပတ်သတ်လို့ ညီညွှတ်သောအမျိုးသားဒီမိုကရေစီ အဖွဲ့ကဦးဒေးဗစ်လှမြင့်က

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက လက်ရှိကျနော်တို့ နိုင်ငံအတွက် ဘယ်လိုမှ မဖြစ်သင့်တဲ့ ဥပဒေတွေဗျ။ ကျနော်တို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စ အစစအရာရာ အတွက်ကို အဟန့်အတား အနှောင့်အယှက်ဖြစ်နေတယ်။ ဒီလိုဥပဒေမျိုးမှာ ကျနော်တို့ မလွဲမသွေပြင်ရပါမယ် ပြင်လို့မရရင်လည်း ကျနော်တို့ တခုခု ရေးရမှာပါပဲ။ ဒါကို ပြင်လို့ မရ ပြင်ဆင်တဲ့ကိစ္စတွေမှာရော ဆန့်ကျင်ဘက်တွေ လိုက်ပြောနေတာ ကျနော်တို့ နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှု ကို သွားဖို့အတွက်ကို အဟန့်အတားဖြစ်နေတယ်ခင်ဗျ။”

လွှတ်တော်တွင်းမှာတော့ တင်သွင်းထားတဲ့ ပူးတွဲကော်မတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြချက် အစီရင်ခံစာအပေါ် လွှတ်တော်တွင်း အကျိတ်အနယ်ဆွေးနွေးမှုတွေရှိတာကြောင့် နောက်ဆုံးမှာ မဲခွဲဆုံးဖြတ်မယ့်အလားအလာရှိတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေကယူဆပါတယ်။ အဆိုပြုချက်တွေကို မဲခွဲလက်ခံတာမဟုတ်ပဲ၊ အစီရင်ခံစာတခုလုံးကို ပြန်လည်သုံးသပ်ဖို့လက်ခံတဲ့သဘောလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဒီ အစီရင်ခံစာကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ဖွဲ့စည်းပုံပြင်ရေး ဒီအဆိုပြုချက်တွေကို ဘယ်လိုစုစည်းပြီး ဘယ်လို မူကြမ်းဆွဲမလဲဆိုတဲ့ အသေးစိတ်တွေအပေါ်မှာ ဘာမှ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG