သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင်နဲ့ အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်ဖို့ ပိုမိုလိုအပ်


အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ နှစ်စဉ်အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေး

မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးစောင့်ကြပ်မှုတွေ တိုးတက်လာဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြုပြင်ဖို့ လိုအပ်နေသလို၊ ကော်မရှင်ဥပဒေ ကိုလည်း ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ လိုနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေရော လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ ပြောနေပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ နှစ်စဉ်အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပြီး၊ ကော်မရှင်နဲ့ အစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်မှု ဒီတက်တိုးမြင့်လုပ်ဆောင်ဖို့ လိုတယ်လို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဗွီအိုအေသတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၈ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ အပေါ် လွှတ်တော်ကိုယ်စားလှယ် (၂၄) ကဆွေးနွေးကြတာမှာ အခုလို တင်ပြလာတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကော်မရှင်က သွားရောက်လေ့လာခဲ့တဲ့ထောင်တွေအကျဉ်းစခန်းတွေမှာ ထောင်များရဲ့ အခြေအနေတွေမှာ လူအရမ်းများတာ၊ ၀န်ထမ်းနဲ့ ထောင်သား အရေအတွက် မညီမျှတာတွေ ကျန်းမာရေးနဲ့ တကိုယ်ရည် သန့်ရှင်းရေးတွေ ဆိုးဝါးနေတဲ့ အကြောင်း ကော်မရှင်ကတင်ပြထား ခဲ့တဲ့အပေါ် ထောင်တွင်းအခြေအနေ တိုးတက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းချက်တွေကို လွှတ်တော်ကိုယ်စားလှယ် အတော်များများက ကြိုဆိုထောက်ခံခဲ့ကြပါတယ်။

ထောင်တွင်းအခြေအနေတွေ တိုးတက်ကောင်းမွန်အောင် သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သွားရောက်မစစ်ဆေးရသေးတဲ့ထောင်တွေ အလုပ်စခန်းတွေကို ဆက်လက် စစ်ဆေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ တချို့ကိုယ်စားလှယ်များကတော့ ရဲစခန်းမှာစစ်ဆေးရင်း သေဆုံးသွားတဲ့အမှုတွေ အပေါ်မှာလည်း ကော်မရှင်ဘက်က စုံစမ်းစစ်ဆေးဖို့ တင်ပြလာတာ တွေရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်ကတော့ သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အပေါ် ထောက်ပြဝေဖန်ခဲ့ပါတယ်။

“အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အစိုးရဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ် အများစုမှာ အစိုးရတွေရဲ့ ပူးပေါင်းဆောင်ရွက် မူတွေကို သုံးသပ်တင်ပြထားတာမှာလည်း အမှုတခုချင်းအလိုက် သုံးသပ်တာထက် အမျိုးအစားအလိုက်ခြုံငုံပြီး အနှစ်ချုပ် သုံးသပ်ဖော်ပြမယ်ဆိုရင် ပိုပြည့်စုံမယ်လို့ အကြံပြုလိုပါတယ်။ပြန်ကြားစာရခိုင်နှုန်း အနည်းဆုံးဖြစ်တဲ့ဌာနတွေကို ကော်မရှင်အနေနဲ့ ပြန်ကြားစာတွေအမြန်ဆုံး ရရှိဖို့အတွက် ထပ်မံဆက်သွယ်ပြီးတော့မှ ဆောင်ရွက်ပေးဖို့ အကြံပြုလိုပါတယ်၊”

ဒီလို ပူးပေါင်းဆောင်ရွက်မှုနဲ့ တုံ့ပြန်မှု အားနည်းတဲ့ ဌာနတွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အားကစားနဲ့ ကျန်းမာ ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာနတွေက အများဆုံးဖြစ်တယ် လို့ဆိုပါတယ်။ တုံ့ပြန့်မှု အားနည်းတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေထဲမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့လည်း ပါဝင်နေပါတယ်။

နောက်ပြီးတော့ ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးတဲ့ အမှုတွေနဲ့ တိုင်ကြားလာတဲ့ အမှုတွေထဲမှာ ကလေးသူငယ်နဲ့ပတ်သက်တဲ့ အမှုတွေ၊ သက်ငယ်မုဒိန်းမှုတွေ စတဲ့အမှုအရေအတွက် အလွန်နည်းပါး တဲ့အပေါ် ထောက်ပြတာတွေရှိပါတယ်. ဒီလိုအမှုတွေကို လာတိုင်မှလက်ခံတာ မဟုတ်ဘဲ သီးခြားစုံစမ်းစစ်ဆေးဖို့ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး ကထောက်ပြခဲ့ပါတယ်။

“ကျယ်ပြန့်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကော်မရှင်ဘက်က ဦးဆောင်ဦးရွက်ပြုပြီါ်တော့ စုံစမ်းစစ်ဆေးဆောင်ရွက် နိုင်တယ်လို့ ဖော်ပြထားပါတယ်။ မုဒိန်းမှုနဲ့ သက်ငယ်မုဒိန်းမှုတွေ များပြားနေပါတယ်။ ဒီကိစ္စတွေ ဘာကြောင့်ဖြစ်လဲဆိုတာ စိတ်ထင်ရာပြောနေမယ့်အစား သေသေချာချာစုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတာသိမှ မှန်ကန်ထိရောက်တဲ့ တားဆီးကာကွယ်မှုတွေလုပ်နိုင်မယ်လို့ တင်ပြချင်ပါတယ်။”

လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်ကလည်း ကော်မရှင်ရဲ့ ၂၀၁၈အစီရင်ခံစာ အပေါ်ကြိုဆိုကြပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းကတော့ ကော်မရှင်ရဲ့ လုပ်ငန်း တွေ ဒီထက်ပိုအောင်မြင်နိုင်ဖို့ တည်ဆဲကော်မရှင် ဥပဒေကိုပြင်ဆင်ပေးပြီး အလွှာစုံလူတွေပါဝင်နိုင်ဖို့ အတွက် ကြိုးစားဆောင်ရွက် သင့်တယ်လို့ ထောက်ပြလာခဲ့ပါတယ်။

“ကော်မရှင်တိုးတက်ဖို့ အတွက်အလွှာစုံက လူတွေပါဖို့လိုတယ်။ အစိုးရဌာနဟောင်းကလူတွေ ပါတာ၊ အလွှာစုံပါတာမျိုးကိစ္စကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေမှာ မူတည်တယ်။ ဥပဒေမှာ ဒီလိုမျိုးရွေးချယ်မှုဘုတ် အဖွဲ့ရှိတယ်။ ရွေးချယ်မှုဘုတ်အဖွဲ့ကနေ ရွေးချယ်ထားတဲ့ သူကိုပဲ နိုင်ငံတော်သမ္မတက ခန့်အပ်တာမျိုးရှိတယ်။ ရွေးချယ်မှုဘုတ်အဖွဲ့က ဘယ်လိုလူတွေကို စံနမှုနာနဲ့ ရွေးတယ်ဆိုတာ ကိုလည်း အသိပေးတာမရှိဘူး။ ဒါကြောင့်မို့လို့ .ပိုမိုအားကောင်း ပြီးအလွှာစုံမယ် အထူးသဖြင့် အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ ပါဝင်မယ်၊ လူငယ်တွေလည်းပါဝင်ပြီးတော့ နောက်တတ်ကျွမ်းတဲ့သူတွေပါဖို့ ဆိုရင် ဥပဒေကိုပြောင်းဖို့လိုပါတယ်။ ဥပဒေနဲ့ ဖွဲ့စည်းပုံ ပြောင်းလဲမှု ၊ ရွေးချယ်မှုပုံစံတွေ ပြောင်းလဲမှုက မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။”

ဒီကနေ့ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ် အများစုကတော့ မူးယစ်ဆေးပြဿနာကြောင့် ထောင်တွင်း အကျဉ်းချခံရတဲ့ ကိစ္စတွေကိုထောက်ပြကြတာများပါတယ်။ဒီပြင် ပညာပေးလုပ်ငန်းတွေ တိုးတက် လုပ်ဆောင်လာဖို့ကိုလည်း ထောက်ပြကြတာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG