သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အင်တာနက် ဖြတ်တောက်မှုကြောင့် ဒေသခံတွေ အခက်ကြုံ


ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)
ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက် ခံထားရတာ အခုဆိုရင် သီတင်း ၃ ပတ်လောက် ရှိလာပြီ ဖြစ်တဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံနိုင်ငံရေး အသိုင်းအဝန်းနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ အင်တာနက် ဖြတ်တောက်မှုကြောင့် ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မတင်ပြနိုင်ဘဲ ဖြစ်နေရသလို၊ သတင်း အတုအယောင်တွေ ပြန့်နှံ့မှာကိုလည်း စိုးရိမ်နေကြတာပါ။ အကြောင်းစုံကိုတော့ မြန်မာ့သတင်းပညာ သိပ္ပံကျောင်းက ဗွီအိုအေရုံး အလုပ်သင် မအဂနွန်က သတင်းပေးပို့ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုး မြို့နယ်မှာ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့က စတင်ပြီး အင်တာနက် အသုံးပြုတာတွေကို ဖြတ်တောက်ခဲ့ပြီးနောက် အခက်အခဲတွေ ကြုံနေရတာပါ။ ဒီအတွက်လည်း ရခိုင်ပြည်နယ် လွှတ်တော်မှာ အရေးကြီး အဆိုတရပ် တင်သွင်းဆုံးဖြတ်ပြီး အစိုးရကို အင်တာနက် ဆက်သွယ်မှုတွေ ပြန်လည်ဖွင့်လှစ်ပေးဖို့ တောင်းဆိုထားပေမဲ့ အခုအထိ ဘာတုံ့ပြန်ချက်မှ မရသေးဘူးလို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်က ဒီတစ်ခေါက် အရေးပေါ်အစည်းအဝေးမှာ ကုန်ခဲ့တဲလ ၂၄ ရက်နေ့က အရေးကြီး အဆိုအဖြစ် တင်ခဲ့ပါတယ်။ အဲ့ဒါကို လွှတ်တော်မှာလည်း ကန့်ကွက်တဲ့သူ မရှိတဲ့အတွက် အတည်ပြုခဲ့ပါတယ်။ သို့သော်လည်း ဒီနေ့ထက်ထိတော့ အစိုးရက အကောင်အထည်ဖော်ခြင်း မရှိသေးပါဘူး။ ကျနော်တို့ မင်းပြားမြို့နယ်မှာတော့ တပ်နဲ့အနီးတစ်ဝိုက် တပ်ထဲမှာတော့ အင်တာနက်လိုင်းတွေ သုံးလို့ရတယ်ဆိုတာကို အဲ့နားမှာ သွားပြီးတော့ သုံးနေကြတဲ့ လူတွေပြောကြားချက်အရ သိနေရပါတယ်။”

မြန်မာစစ်တပ် အသိုင်းအဝန်းမှာ အင်တာနက် သုံးလို့ရနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ -

"အဲ့ဒါလေ ကျနော်မသိဘူး ခင်ဗျ။ ကျနော်က တောထဲမှာ နေတဲ့လူဆိုတော့ အဲ့ဒါတွေ ဘာမှမသိဘူး။ ဟုတ်ကဲ့ ကျနော်က ဘာမှမသိဘူး။ ကျနော်နေတဲ့ နေရာက အစက မရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ကျနော် အဲ့ဒါတွေ ဘာမှမလိုဘူး။"

မြန်မာအစိုးရကတော့ လုံခြုံရေးအတွက် လိုအပ်ချက်အရ အင်တာနက် ဆက်သွယ်မှုတွေကို ဖြတ်တောက်ထားကြောင်း ပြောဆိုထားတာပါ။ ဒီလို အင်တာနက်ကို ဖြတ်တောက်ခံထားရတာကြောင့် အဲ့ဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေက လတ်တလောမှာ ဆိုးကျိုးတွေ ခံစားနေကြရပါတယ်။

ဒေသခံတွေက သူတို့တွေ ခံစားနေရတာကို ဖော်ထုတ်ခွင့်မရတဲ့ အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အခုလိုပြောပြထားပါတယ်။

"ပြည်သူတွေဖို့ တစုံတရာ တုံ့ပြန်တဲ့ စွမ်းအားမရှိအောင် လုပ်ပေးလိုက်တဲ့သဘော ဖြစ်တယ်။ ပြီးရင်ညှင်းပန်းနှိပ်စက်မှုတွေလည်း ဒီထက်မက အကြမ်းဖက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ အဲဒီအကြမ်းဖက်မှုတွေကိုလည်း အချိန်နဲ့တပြေးညီ အများပြည်သူ သိရှိအောင်တင်ပြခွင့်တွေကို ပိတ်ပင်လိုက်တယ်။အဲဒါတွေကြောင့် ကျနော်တို့က ပြည်သူတွေကို ဒုက္ခတွင်းထဲကို တွန်းထည့်လိုက်တယ်လို့ပဲ ကျနော်တို့က သုံးသပ်တယ်။"

ရခိုင်ပြည်နယ်ကို အင်တာနက် ဖြတ်တောက်ထားတဲ့အတွက် တကယ့်မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အမှန်အတိုင်း မသိနိုင်တဲ့အတွက် သတင်းအမှားတွေ အတုတွေကို ပြည်သူတွေ ယုံမှားမိတာမျိုး ဖြစ်လာနိုင်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အခုလိုပြောပါတယ်။

"ကျနော်တို့ကို သတင်းအမှောင်ကို ချလိုက်တာပေါ့ဗျာ ယခုဆိုလိုရှိရင် ရက် ၂ဝ လောက်ရှိနေပြီပေါ့လေ။ ဒီကြားထဲမှာကတော့ တပ်မတော်ကနေပြီးတော့မှ ကျေးရွာတွေကို ပိုပြီးတော့မှ စစ်ဆေးတာတွေ နောက်ပြီးတော့ ဖမ်းဆီးတာတွေ နောက်တခြား လူ့အခွင့်အရေးချိုးဖောက်တာတွေ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်ပေါ့။ ဒီလိုအခြေအနေမျိုးတွေက အင်တာနက်လိုင်းပိတ်ထားတဲ့ အခါမျိုးမှာ တွေ့ရတယ်ဆိုတော့ ကျနော်တို့က ဒီအပေါ်မှာ အများကြီး စိုးရိမ်တာပေါ့လေနော်။ နောက်ဒီအနေအထားတွေကိုလည်းပဲ အစိုးရဘက်က တာဝန်ရှိတဲ့ သူတွေက သိစေချင်တယ်ပေါ့လေ။ ဘာလို့ဆိုတော့ တကယ့်မြေပြင်မှာ ဖြစ်နေတဲ့ အခြေအနေတစ်ခုခုဟာ ဘာဖြစ်နေမှန်း မသိလောက်အောင် သတင်းအမှောင်ချထားခံရပြီဆိုရင် ကျနော်တို့ဟာ သတင်းအမှားတွေရော၊ သတင်းအတုတွေရော အမျိုးမျိုးတက်လာနိုင်တာပေါ့လေ။"

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသမှာ အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ခဲ့တဲ့ အပေါ်မှာတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ပြောဆိုထားကြတာပါ။ အထူးသဖြင့် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ဒေသမှာ အခြေခံ ဆက်သွယ်မှုတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်မှုတွေ မလုပ်ဖို့လည်း တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG