သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်း Internet ပြန်ဖွင့်ပေးဖို့ ကန် တောင်းဆို


ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတွေမှာ မြန်မာ အစိုးရဘက်က အင်တာနက် ဖြတ်တောက်ထားတာကို အမြန်ဆုံး ပြန်ပြီး ဖွင့်ပေးဖို့ အမေရိကန်က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်မှုတွေ သက်ရောက်ခံစားနေရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ် အတွင်းမှာ အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အပေါ် အမေရိကန်က အထူးပဲ စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Rotagus က ကြေညာချက်ထုတ် ပြောဆိုတာ ဖြစ်ပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တို့က ဒေသတချို့မှာ အင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် လူဦးရေ တသန်းလောက် အင်တာနက် အသုံးပြု ဆက်သွယ်မှုတွေ ပြတ်တောက် သွားစေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အင်တာနက်တွေ ပြန်လည် အသုံးပြုခွင့်ရအောင် ဖွင့်ပေးလိုက်ခြင်းအားဖြင့် ဒေသတွင်းမှာ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်အောင် တရားဥပဒေ စိုးမိုးရေး အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ပိုပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလာမယ့် အပြင် နိုင်ငံတကာမှာ မြန်မာ အစိုးရ ဂုဏ်သိက္ခာ ထိခိုက်မှုကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားစေမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့ အကြမ်းဖက်မှု ဖြစ်နေတဲ့ ဒေသတွေအတွင်း လူသားချင်း စာနာထောက်ကူမှု အပြည့်အဝ ရရှိစေရေး၊ မီဒီယာတွေ ဝင်ရောက်ခွင့်ရရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တရားဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ချက်တွေ အပေါ် အမေရိကန် ပြည်ထောင်စုဘက်က ဆက်ပြီး ထောက်ခံ ပံ့ပိုးပေးသွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းနဲ့ ချင်းပြည်နယ်တွင်း တချို့ ဒေသတွေမှာတော့ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ဒဏ်ကို ခံနေကြရဆဲ ဖြစ်ပါတယ်။ ဒေသတွင်းက လူပေါင်း ၃၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပြီး အခုအချိန်ထိ ဌာနေ မပြန်နိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG