သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား၊ ထိခိုက်သေဆုံးမှု ရှိ


ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် သေဆုံးသွားတဲ့ ရခိုင်အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို မြေမြှုပ်ဖို့ သယ်ဆောင်လာစဉ် (ဖေဖော်ဝါရီ၊ ၂၁၊ ၂၀၁၉)
ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် သေဆုံးသွားတဲ့ ရခိုင်အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို မြေမြှုပ်ဖို့ သယ်ဆောင်လာစဉ် (ဖေဖော်ဝါရီ၊ ၂၁၊ ၂၀၁၉)

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက် ဖြစ်ပွားနေရာမှာ နှစ် ဘက် အကျအဆုံးတွေ ရှိနေသလို၊ အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ လည်း တိမ်းရှောင်ခဲ့ကြရတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မဟာမုနိဘုရား အရှေ့ဘက်မှာ ဒီမနက်အစောပိုင်းက မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့မှာ ကျောက်တော်မြို့နယ် မဟာမုနိဘုရားရဲ့ အရှေ့ဘက်ပေါ့နော်။ အဲဒီအုတ်ပုံတောင်တန်းမှာ ဒီမနက်အာရုဏ်တက်ပေါ့။ ၄ နာရီ ၂၀ မိနစ်ကနေပြီးတော့ ၆ နာရီ ၂၀ မိနစ်အထိ ဗမာစစ်တပ်ရဲ့ စစ်ကြောင်းတခုကို ကျနော်တို့ရဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကနေပြီးတော့မှ အဲဒီမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာတော့ ရန်သူဘက်က နေပြီးတော့ ထိခိုက်ကျဆုံးမှုကတော့ ၂၀ ကျော် ရှိတာပေါ့။ နောက်ပြီးတော့ ဒဏ်ရာရတာလည်း သူတို့အများအပြား ရှိတယ်လို့ သိရတယ်။”

ဒီတိုက်ပွဲဖြစ်စဉ်အတွင်း သာယာကုန်းကျေးရွာအရပ်သား တဦး ကျည်ထိမှန်သွားတယ်လို့ ဒေသခံရွာသားတဦး ကပြောပါတယ်။

“မနက် ၄ နာရီ ၁၀ မိနစ်က ဖြစ်တာပါ။ တိုက်ပွဲကတော့ ပြင်းတော့ပြင်းထန်ပါတယ်။ အမြှောက်ကြီးတွေ ဘာတွေတော့ ပစ်သံကြားပါတယ်။ ကျနော်တို့နဲ့ တမိုင်လောက်တော့ ဝေးမှာပါ။ ဒဏ်ရာကျတော့ ထိခိုက်ဒဏ်ရပါတယ်လို့ ပြောပါတယ် ရွာသားတဦး။ ”

သာယာကုန်းကျေးရွာသား ဦးဝင်းမောင်ဟာ ကျွဲကျောင်းရင်း ပေါင်ရင်းမှာ လက်နက်ကျည်မှ ထိမှန်တယ်လို့ အဆိုပါ ရွာသား က ပြောပါတယ်။

မနေ့ကလည်းပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AAတပ်ဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“မနေ့ကနေပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာအကြားမှာလည်းပဲ ဗမာစစ်တပ်ရဲ့ စစ်ကြောင်းတခုကို ကျနော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ နေ့လယ် ၁၁ နာရီ ၅၀ မိနစ်မှာပေါ့။ ရန်သူဘက်ကတော့ ထိခိုက်ကျဆုံးမှုကတော့ ၅ ယောက် ရှိပါတယ်။"

မနေ့ကနဲ့ဒီကနေ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ကျဆုံးမှု များပြားတယ်လို့ AA ဘက်ကပြောဆိုပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီကနေ့ကျောက်တော်မြို့နယ်နဲ့ မနေ့က ပုဏ္ဏားကျွန်းမြို့နယ် တိုက်ပွဲအခြေအနေကို မသိရှိသေးကြောင်း ပြောဆိုခဲ့သလို မနေ့က မြောက်ဦးမြို့နယ်အတွင်း နှစ်ဘက် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ပြောဆိုပါတယ်။

“ကျောက်တော်ဘက်က မကြားမိဘူး။ မနေ့ကတော့ ကျနော်တို့ မြောက်ဦးအရှေ့ခြမ်းက ထိတွေ့မှု ဖြစ်သွားတာရှိတယ်။ မြောက်ဦးနဲ့ တော်တော်ဝေးသေးတယ်။ အဲဒီတောင်ကုန်းတခုမှာ ဖြစ်ခဲ့တာရှိတယ်။ နေ့ခင်းပိုင်းလောက် ထိတွေ့မှု ဖြစ်တာပေါ့။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု အနည်းငယ်ရှိတယ်။ ကျဆုံးမှုတော့ မရှိဘူး။ ဟိုဘက်ကတော့ လက်နက်ခဲ ယမ်း တချို့ရလိုက်တယ်။ ဒီနေ့တော့ကျနော် မသိရသေးဘူး။ မနေ့က ပုဏ္ဏားကျွန်းဘက် ကျနော် မကြားပါဘူး။”

အလားတူ မနေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်သည်ရွာဘက်မှာဖြစ်တဲ့ တိုက်ပွဲကြောင့် ရွာသားတွေ ရွာကနေ တိမ်းရှောင်နေရတယ်လို့ ဆင်သည်ကျောင်းထိုင်ဆရာတော်က အခုလိုမိန့်ပါတယ်။

“မနေ့ကတော့ ၁၀ နာရီလောက်မှာပေါ့။ ရွာထဲကနေ လက်နက်သံ ကြားရတယ်။ ပြင်းပြင်းထန်ထန် ဖြစ်တာတော့ မဟုတ်ဘူး။ ပစ်တဲ့နေရာကတောင် တောင်ခြေရင်းမှာဖြစ်တာ။ ရွာက လူတွေက ထွက်ပြေးသွားကြတာ။ အကုန်လုံးလောက်ပါပဲ တရွာလုံးလိုလိုပါပဲ ရွာသားတွေ။”

မနေ့ကဖြစ်တဲ့ တိုက်ပွဲကြောင့် ဆင်သည်ကျေးရွာသားတွေဟာ ပိုးရွှီပြင်၊ ပေါက်တောပြင် ကျေးရွာဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆရာတော်ကမိန့်ပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ဘဲငါးရာတောင်တန်းမှာရှိတဲ့ ထုံးဗူး ကျေးရွာသား တဦး မိုင်းနင်းမိလို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံရွာသား တဦးက ပြောပါတယ်။

“ဒီမှာမိုင်းတလုံး ထိမိတယ်... ထုံးဗူးမှာလေ။ သူတို့ရွာအနားမှာ လာထောင်ထားတာလေ။ ခြေထောက်ဖြတ်လိုက်ပြီလေ။ ဒညင်းသီးအခင်း ရှိတယ် သူတို့ရွာနားမှာ။ အဲတာ လယ်ထွန်ပြီးတော့ ၈ နာရီအချိန်မှာ သူခဏသွားလိုက်တာ မိုင်းနင်း သွားတာပေါ့။”

ထုံးဗူးရွာသား ဦးထွန်းမောင်ဟာ ရွာနဲ့ တမိုင်လောက် အကွာအဝေးမှာရှိတဲ့ တညင်းခင်းကို သွားရာမှာ မိုင်းနင်းမိ ပေါက်ကွဲသွားလို့ ခြေထောက်တဘက် ပြတ်လုနီးပါး ဖြစ်ပြီး လက်ရှိမှာ စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ထားရပါတယ်။

ဒီမိုင်းကို ဘယ်အဖွဲ့က ထောင်ထားတာ မသိရှိဘူးလို့ အဆိုပါ ရွာသားက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း မိုင်းထိသေဆုံးသူ ၁၆ ဦးလောက်ရှိပြီး ဒဏ်ရာရသူ ၄၂ ဦးလောက် ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ စာရင်းကောက်ယူထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သလို ရခိုင်ပြည်နယ် ရှစ် မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက်မှာ ပြီးခဲ့တဲ့ရက်တွေတုန်းက အင်တာနက် ဆက်သွယ်ရေး လိုင်းဖြတ်တောက်ထားပြီး ဆက်လက် ထိုးစစ်ဆင်သွားမယ့် အခြေအနေကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမဲ့ အရိပ်လက္ခဏာ ရှိနေတယ်လို့လည်း ရခိုင်လက်နက်ကိုင် AA ဘက်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG