ရခိုင်မြောက်ပိုင်း မြို့နယ်တချို့မှာ internet ကို မြန်မာအာဏာပိုင်တွေ ဘာရည်ရွယ်ချက်နဲ့ ပိတ်ပင်လိုက်တာလဲ၊ သူတို့ရဲ့ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ပါရဲ့လား။ မြန်မာအရေး သုံးသပ်သူ မီဒီယာသမား ကိုသီဟသွေးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖြေ ။ ။ ဒီကိစ္စက ငြင်းခုံဖွယ်ရာ ကိစ္စတခုလို့တော့ ကနဦးပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတွေမှာတောင်မှ နိုင်ငံတော်လုံခြုံရေးနဲ့ မီဒီယာလွတ်လပ်ခွင့်ဆိုပြီး ငြင်းခုံနေကြတယ်။ လူတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့နေရာမှာ နိုင်ငံတော်လုံခြုံရေးနဲ့ဆိုတဲ့ အကြောင်းပြချက်က ပေးသင့်၊ မပေးသင့်။ နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်က ဘာလဲ။ ဘယ်လောက်အထိ တကယ်ခိုင်မာမှုရှိလဲဆိုတဲ့ ငြင်းခုံမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။ အခုတော့ ရခိုင်ပြဿနာက အဲဒီငြင်းခုံမှုထဲကို ရောက်သွားပြီ။
မေး ။ ။ သတင်းလွတ်လပ်ခွင့်နဲ့ နိုင်ငံတော်လုံခြုံရေးကိစ္စဟာ ဒီလိုထိပ်တိုက်တွေ့တတ်တယ် ဆိုပေမယ့် အခုလို ရခိုင်မြောက်ပိုင်းက မြို့တွေမှာ အင်တာနက်ပိတ်လိုက်တာ သူတို့လုံခြုံရေးအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်လို့လဲ။ ဘယ်လောက်အထိများ လုံခြုံရေးအတွက် အထောက်အကူ ဖြစ်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ကျနော် စဉ်းစားကြည့်တာက အင်တာနက်ဆိုတာ Network တခုပေါ့ - Live ဆွဲလို့ရမယ်။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ အလျင်အမြန် ပို့လို့ရမယ်ဆိုတဲ့ စနစ်တခုပါ။ ဒါပေမဲ့ တဘက်မှာပြန်ကြည့်ပြန်တော့ ဖုန်းတွေကတော့ သုံးလို့ရအုံးမယ်ဆိုတဲ့ သဘောရှိတယ်။ ဆိုတော့ အင်တာနက်ကို ပိတ်ဖို့အထိ အစိုးရနဲ့ တပ်မတော် စဉ်းစားတာက သူတို့မှာ အဓိက ရည်ရွယ်ချက်တခု ရှိပါလိမ့်မယ်။
မေး ။ ။ ဒါက သတင်းလွတ်လပ်ခွင့်ကိုတော့ တစုံတရာ ထိခိုက်နိုင်မယ်ဆိုတာကို ကျနော်တို့ တွက်ကြပါတယ်။ ဒီသတင်းလွတ်လပ်ခွင့်အပြင်၊ တခြားနည်းနဲ့ လူထုကို ထိခိုက်နိုင်စေတဲ့ကိစ္စတွေ ရှိရင်လဲ ပြောပါအုံး။
ဖြေ ။ ။ တကယ်တမ်း နစ်နာသွားတာ၊ ခက်ခဲသွားတာက ပြည်သူတွေ မဟုတ်ဘူး။ Viber သုံးနေတဲ့၊ အင်တာနက် သုံးနေတဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ။ နောက်တခါ NGO လို အဖွဲ့အစည်းတွေ အကုန်လုံးပါပဲ။ အကန့်အသတ်တော့ ဖြစ်သွားတယ်။ အစိုးရပိုင်းနဲ့ တပ်မတော်ပိုင်းကတော့ ဆက်သွယ်ရေးလမ်းကြောင်းတွေ၊ သုံးလို့ရတာတွေ ရှိတယ်။ သို့သော် ပြည်သူလူထုကိုတော့ အထိုက်အလျောက် အရမ်းအဆင့်မြင့်တဲ့ တပ်မတော်က သုံးနေတဲ့ ဆက်သွယ်ရေးစနစ်တွေ သုံးခွင့်မရှိတဲ့ အခြားအုပ်ချုပ်ရေးအပိုင်းတွေမှာပါ အခက်အခဲ ရှိသွားတယ်။ ကျနော်တို့ စိတ်ပူတာက ဘာလဲဆိုတော့ ဆက်သွယ်ရေးလမ်းကြောင်းက လူတွေရဲ့ ရပ်တည်နိုင်ရေးအတွက် တိုက်ရိုက်မပတ်သက်သော်လဲ ဘာပြဿနာ ရှိနိုင်လဲဆိုတော့ လူတွေရဲ့ စိုးရိမ်ပူပန်မှုက အထူးသဖြင့် ပြည်သူလူထု ပြင်ပမှာနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ ပြည်သူလူထုနဲ့ ဆက်သွယ်ပတ်သက်နေကြတဲ့ ဆွေမျိုးတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်း အားလုံးရဲ့ စိတ်ပူပန်မှုကို ပိုပြီးကြီးထွားအောင် လုပ်လိုက်သလို ဖြစ်သွားတယ်။ ကျနော်တို့ မျှော်လင့်နေတာက ရခိုင်မှာဖြစ်နေတဲ့ ကိစ္စတွေကို ရိုဟင်ဂျာ/ဘင်္ဂလီ ကိစ္စတွေကစပြီး ကျနော်တို့က Transparency ရှိရှိလုပ်မှ ကမ္ဘာကြီးက နားလည်မှုရှိမယ်။ ပြင်ပလောက နားလည်မှုရှိမယ်ဆိုပြီး ဒါကို ဖြတ်နေတဲ့အချိန်မှာ နောက်ထပ်ဒီထက် ပိုဆိုးတဲ့အခြေအနေကို ရောက်သွားတယ်ဆိုတော့ ကျနော်တို့က အားလုံးရဲ့ စိတ်ပူပန်မှု၊ သံသယတွေကို ပိုကြီးထွားအောင်လုပ်တဲ့ အကျိုးဆက်က ကြာရင်ပိုဆိုးလာမယ့် အနေအထားကို အစိုးရကလည်း ကြုံရနိုင်ပါတယ်။
မေး ။ ။ အာဏာပိုင်တွေဘက်က ဒီဟာကို ပိတ်လိုက်တဲ့အတွက် သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သတင်းတွေ သူတို့နဲ့ တိုက်နေတဲ့ ရန်သူလက်နက်ကိုင်အဖွဲ့တွေကို သတင်းပေးနိုင်တာကို ဟန့်တားလိုလို့ ဖြစ်ကောင်းဖြစ်နိုင်မယ် ထင်ရပေမယ့် တယ်လီဖုန်းလိုင်းတွေတော့ ဖွင့်ထားတာပဲဆိုတော့ သူတို့ကတော့ သူတို့ဘာသာသူတို့ ဆက်သွယ်တဲ့နည်းလမ်း ရှိနေတယ်ပေါ့။ နောက်ပြီးတော့ သူတို့မှာလည်း စစ်ရေးအားဖြင့် ဆက်သွယ်နိုင်တဲ့ ပစ္စည်းကိရိယာတွေ ရှိနေမှာပေါ့။ တကယ်တမ်း ဒီလိုပိတ်လိုက်တာ အဲဒီဒေသမှာ ဖြစ်နေတဲ့ အခြေအနေမှန်ကို သတင်းမှန်ကို ဖော်ထုတ်ခွင့်၊ တင်ပြခွင့် မရအောင် ပိတ်တဲ့သဘောမျိုး၊ သတင်းအမှောင်ချတဲ့ သဘောမျိုး ဖြစ်နေတယ်။
ဖြေ ။ ။ ကျနော့်အမြင်ပြောရရင် ဆက်သွယ်ရေး နည်းပညာအရ အင်တာနက် ဖွင့်ပေးထားရင်တောင်မှ တချို့မြန်မာပြည်က အင်တာနက်ကို အသုံးပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်း AA ကိုတောင်မှ တခါတလေ တချို့နေရာတွေမှာ တပ်မတော်က ခြေရာခံနိုင်တဲ့ အခြေအနေတောင်ရှိတယ်။ ဒါပေမဲ့ အဲဒါကိုတောင်မှ သူက အသုံးမချဘဲနဲ့ အင်တာနက်ကို လုံးဝပိတ်လိုက်တာ ကျနော့်အမြင် ပြန်ပြောရရင်တော့ ပြည်သူလူထုတွေကဖြစ်ဖြစ် ဒီလို Live လွှင့်တာ၊ ဓါတ်ပုံတွေ - နှစ်ဘက်အဖွဲ့အစည်းတွေ - ပြီးခဲ့တဲ့ ရိုဟင်ဂျာကိစ္စမှာ ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်တဲ့ ဗီဒီယိုဖိုင်တွေ ထွက်လာတာတွေ ရှိတယ်။ ဆိုတော့ အကယ်၍ မထိန်းချုပ်ဘူးဆိုရင် အစိုးရနဲ့ တပ်မတော်တို့ သိပ်စိုးရိမ်တဲ့ ရုပ်ပုံကားချပ်တွေ၊ အသံတွေ လွယ်လွယ်ကူကူ ပျံ့နံှ့သွားနိုင်တယ့် အနေအထားကို ပိတ်ပင်ဖို့ ရည်ရွယ်ပုံရပါတယ်။ သတင်းကိုပိတ်ဖို့ကြတော့ စောစောကပြောသလို တယ်လီဖုန်းကလည်း ဖွင့်ထားသေးတယ်ဆိုတော့ ကျနော့်အမြင်ပြောရရင် ခေတ်ကအရမ်းကျယ်ပြန့်လာတယ်။ Facebook ရှိတယ်ဆိုတော့ Facebook ကနေ လေယာဉ်ပျံတွေ ပျံလာတာကို Live တိုက်ရိုက်လွှင့်တာတွေ ရှိတယ်။ ပဋိပက္ခဒေသထဲမှာရှိတဲ့ လူတွေက မီဒီယာကွန်ရက်ကို ထိထိရောက်ရောက် အသုံးချကြတယ်။ အထူးသဖြင့် ဗီဒီယို Streaming တွေက အရမ်းကောင်းတော့ အဲဒီကနေ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို အဓိကတားမြစ်တယ်လို့ ထင်တယ်။
မေး ။ ။ အဓိကတော့ ဒီလိုအင်တာနက် ပိတ်လိုက်တဲ့အတွက်ကြောင့် စစ်ရေးမှာလည်း အရေးသာစရာအကြောင်းတော့ မရှိဘူး။ သို့သော်လဲ သူတို့နဲ့ ဖြစ်နေတဲ့ ကိစ္စမှာ - အဲဒီမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ။ သူတို့မမြင်စေချင်တဲ့ မြင်ကွင်းတွေကို မမြင်အောင်လုပ်ဖို့ ရည်ရွယ်တယ်ဆိုတော့ တကယ်တမ်းကောင်းတဲ့ အကျိုးသက်ရောက်မှု - ဥပမာ ငြိမ်းချမ်းရေးအတွက် အလားအလာ ဖြစ်စေမယ်။ အနည်းဆုံး လက်နက်ကိုင် တိုက်ခိုက်နေတဲ့ လူတွေကို အပြတ်ချေမှုန်းလိုက်နိုင်တယ် ဆိုကြပါစို့ သူတို့ဘက်ကဆန္ဒ။ အဲဒါတွေ တခုမှတော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးပေါ့။ သတင်းမှန် အမှောင်ချတာကလွဲလို့။
ဖြေ ။ ။ ကျနော်က အဲဒီလိုမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူပုန်အဖွဲ့အစည်းတွေကလည်း အစိုးရရဲ့ တရားဝင်ပြည်တွင်းမှာ သုံးစွဲနေတဲ့ ဆက်သွယ်ရေး Network တွေအပြင် သူတို့ဘာသာသူတို့ ဂြိဟ်တုဆက်သွယ်ရေး Network တွေလည်း သုံးနိုင်တယ်။ သူပုန်အဖွဲ့အစည်းတွေမှာ စဉ်းစားထားပြီးသော အခြားသော ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှိနိုင်တယ်။ ဆက်သွယ်ရေးဂြိုဟ်တုလမ်းကြောင်းတွေ သုံးနိုင်တယ်။ ဆိုတော့ သူပုန်အဖွဲ့အစည်းတွေကို တိုက်ရိုက်ပိတ်စို့ပြီးတော့ ဆက်သွယ်ရေး ဖြတ်တောက်ရာ မရောက်ဘူးလို့မြင်တယ်။ ကျနော့်အမြင် ပြောရရင်တော့ ဒေသခံပြည်သူလူထုက အခုနောက်ပိုင်းမှာ နည်းပညာတွေ အရမ်းမြင့်မားလာတဲ့အတွက် Internet streaming ချက်ချင်းအချိန်နဲ့ တပြေညီ တင်ဆက်နိုင်တဲ့ Video streaming ဟာမျိုး၊ Live streaming ဟာမျိုးတွေကို တားချင်တယ်။ နောက်တခါ ဓါတ်ပုံလိုဟာမျိုး၊ ဗီဒီယိုလိုဟာမျိုး ချက်ချင်း တကမ္ဘာလုံးကို လွယ်လင့်တကူ ပျံ့သွားနိုင်တဲ့ဟာမျိုးတွေကို အတိုင်းအတာတခုအနေနဲ့ ထိန်းချင်တယ်လို့ ထင်တယ်။
မေး ။ ။ အဲဒီတော့ ဒီလိုထိန်းလိုက်တဲ့အတွက် သူတို့မှာ လောလောဆယ် စစ်ရေးအားဖြင့် အလေးသာသွားစရာ မရှိတဲ့အပြင် ဘာဖြစ်လာလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ ထောက်ခံမှုလည်း ပိုဆုံးရှုံးမှာပေါ့။ တကယ်တော့ စစ်ဆိုတာ လူထုထောက်ခံမှုကလည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ ထိုနည်းတူစွာ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေလည်း ဆုံးရှုံးတယ်။ နိုင်ငံတကာကလည်း ဝေဖန်နေကြတယ်။ ဒါတွေကို မြန်မာအာဏာပိုင်တွေ မတွက်ကြလေသလားဆိုပြီးတော့ ကျနော် စဉ်းစားမိတယ်။
ဖြေ ။ ။ ကျနော်တို့လည်း အဲဒီလို အင်တာနက်ကို ပိတ်လိုက်လို့ ပြောစရာပဲ ဖြစ်သွားတယ်။ ဒီဘက် စစ်ဆင်ရေးမှာ ကိုယ်ဘက်ကနေ အားသာချက်ကြီး မဖြစ်သွားတဲ့အပြင် ပိတ်လိုက်တဲ့အတွက် တခုခုများ ဖြစ်လေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ - တခြားစောင့်ကြည့်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်ပမိတ်ဆွေနိုင်ငံတွေ၊ ကြက်ခြေနီလိုအဖွဲ့တွေ၊ ပဋိပက္ခမှာ ဝင်ကူဖို့ - ဘယ်နေရာမှာ သွားကူဖို့လိုသလဲဆိုပြီး သတင်းကို စောင့်စားနေတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအားလုံးက သို့လောသို့လောနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ကုန်ကြတယ်။ အဲဒီလို ဖြစ်သွားတဲ့အတွက်ကြောင့် ဘာမှတောင်မဖြစ်ရသေးဘူး အစိုးရနဲ့ တပ်မတော်ပေါ် အားလုံးက တမျိုးတွေမြင်လာကြတယ်။ ဒီလိုလုပ်လိုက်တာ လောလောဆယ် သူတို့ဘက်မှာ စစ်ဆင်ရေးဘက်မှာ ဘယ်လောက်အားကောင်းသွားသလဲ မသိဘူး။ လောလောဆယ်တော့ စိုးရိမ်မှုတွေနဲ့ ဖိအားတွေရှိတဲ့အပြင် ဒီလိုဆောင်ရွက်မှုက လူတွေရဲ့ လွတ်လပ်ခွင့်ကို ရုတ်သိမ်းရာဖြစ်တဲ့အတွက်ကြောင့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ညီရဲ့လားဆိုတဲ့ မေးခွန်းနဲ့ ရင်ဆိုင်ရတာပေါ့။ လောလောဆယ်မှာတော့ ဒီလိုဆောင်ရွက်လိုက်တာကို ကျနော်တို့မြင်တာကတော့ အကောင်းထက် အဆိုးကို ပိုပေးနေတယ်လို့ပဲ မြင်ပါတယ်။
မေး ။ ။ ဆိုတော့ ဒီလုပ်ရပ်ပြီးရင် မီဒီယာတွေဘက်ကို လှည့်လာနိုင်သလား။ သူတို့က ဒီဟာတွေကို မပေါ်စေချင်လို့ ဇစ်မြစ်ကိုပိတ်ဖို့ လိုက်ပြီးပိတ်ဖို့ ကြိုးပမ်းနေတယ်။ ဒါပေမဲ့ မီဒီယာသမားဆိုတာတော့ လိုက်ရှာပြီးတော့ သတင်းလုပ်ကြမှာဆိုတော့ နောက်တဆင့် သူတို့ရဲ့ ပစ်မှတ်က မီဒီယာကိုများ ပစ်မှတ်ထားလာနိုင်သလား။ ဒါတွေမလုပ်ရဘူး။ ဒီသတင်းတွေ လုပ်တဲ့အတွက် ဖမ်းတယ်၊ ဆီးတယ် ဖြစ်လာနိုင်သလား။
ဖြေ ။ ။ မီဒီယာလွတ်လပ်ခွင့်ကို ကျနော်တို့ နားလည်တာကတော့ ရှိပြီသား ဥပဒေအရ ကျနော်တို့မှာ ထုတ်ပြန်ခွင့်ရှိတယ်။ အဲဒီအတွက် ကျနော်တို့မှာ ဥပဒေရဲ့ အကာအကွယ်နဲ့ အရေးယူမှုကနေ လွတ်လပ်ခွင့် အတိုင်းအတာတခု ရှိတယ်။ လုံးဝကြီး ရာနှုန်းပြည့်တော့ မဟုတ်ဘူး။ ကျနော်တို့မှာ လုပ်လို့တော့ရတယ်။ သို့သော် ပြဿနာက ဘာလဲဆိုတော့ ဒီလိုသတင်းတွေကို ထုတ်ပြန်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်များ တချိန်မှာ ဒီလိုသတင်းကြောင့် မဟုတ်ဘဲ၊ အခြားကိစ္စတခုနဲ့များ ပြဿနာ ရှိလာနိုင်သလား။ ကိုယ့်ကို အငြိုးအတေး ထားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကလဲ ကိုယ်တချက်လေး မှားသွားရင်။ သူတို့ဥပဒေနဲ့ တချက်လေး ငြိတွယ်သွားတာနဲ့ တရားစွဲဆိုခံရမှု ကိစ္စတွေက အခုတောက်လျှောက်ဖြစ်နေတယ်ဆိုတော့ အဲဒီလိုမျိုးတွေက သို့လောသို့လော ဖြစ်နေတယ်။ အဲဒီလိုတော့ မီဒီယာသမားတွေအပေါ် ဘယ်လိုဖိအားရှိမလဲဆိုတော့ ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခတွေကို အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ ပဋိပက္ခတွေမှာ ကျနော်တို့ သတင်းပို့၊ သတင်းတင်၊ သတင်းဖတ်တဲ့အခါမှာ ကျနော်တို့က အရိပ်အကဲကြည့်ရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကိုယ်ကြည့်ရတယ်။ Self-censorship ကိုယ့်ကိုယ်ကို တည်ဖြတ်နေရတဲ့ အနေအထားကိုတော့ ရောက်လာတာတော့ အမှန်ပဲ။ အထူးသဖြင့် ပြည်တွင်းမှာ အခြေစိုက်တဲ့ မီဒီယာတွေက ပိုဆိုးတာပေါ့။ တကယ်တမ်း ပဋိပက္ခ ပိုပြင်းထန်လာလေ မီဒီယာသမားတွေ သတင်းပို့ရတာ ပိုခက်ခဲလာပြီး အရမ်းကို အကဲဆတ်လာ၊ အန္တရာယ် ပိုကြီးမားလာတဲ့ အနေအထားကို ဦးတည်နေပါတယ်။
မေး ။ ။ မြန်မာနိုင်ငံက နိုင်ငံရေးကို ပြည်ပကလူတွေ သုံးသပ်လိုက်ရင် စစ်တပ်နဲ့ NLD အစိုးရကြားမှာ သဘောထားကွဲလွဲမှုတွေ အများကြီးရှိနေတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့လဲ အခုလို သတင်းမှန် ဖော်ထုတ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်လိုတဲ့ နေရာမှာ စစ်တပ်နဲ့ အရပ်သားအစိုးရတို့ တသဘောတည်း ဖြစ်နေတယ်၊ သဘောထား ညီညွှတ်နေကြတယ်လို့ဆိုရင် မှန်ပါသလား။
ဖြေ ။ ။ အဲဒါကို ကျနော့်အမြင်ပြောရရင် အခုလို အင်တာနက်ကိစ္စကို ပြောမယ်ဆိုရင်တော့ နှစ်ပိုင်းရှိတယ် - NLD အစိုးရနဲ့ ပတ်သက်လို့ ကျနော့်အမြင်ပြောရရင် NLD အစိုးရရဲ့ သဘောထားလို့ ကျနော် တီးခေါက်ကြည့်၊ ယူဆသုံးသပ်နားလည်လိုက်တာက ကျနော်တို့ တိုင်းပြည်က မလွတ်လပ်သေးဘူး - သူတို့လည်း ပြောပါတယ် မလွတ်လပ်သေးဘူး။ ဥပဒေတွေ မပြင်နိုင်သေးဘူး။ အဲဒီလို ဥပဒေတွေ မပြင်နိုင်သေးတဲ့အချိန်မှာ Reuters က ဖြစ်သွားတဲ့ နိုင်ငံတော်လျှို့ဝှက်သတင်း အက်ဥပဒေလို့ဟာမျိုးကို မပြင်နိုင်သေးတဲ့အချိန်မှာ မီဒီယာများအနေနဲ့ သွားမထိရင်ကောင်းမယ်။ ထိရင်တော့ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ သဘောမျိုး အရပ်သားအစိုးရ ရပ်တည်နေတယ်လို့ ကျနော် နားလည်တယ်။ ဒါက တပိုင်းပေါ့။ အခု အင်တာနက်ကို ပိတ်ပင်တဲ့ ကိစ္စမျိုးကြတော့ ဘယ်လိုနားလည်ထားသလဲဆိုတော့ တပ်မတော်အနေနဲ့ စစ်ဆင်ရေး လုပ်တဲ့အခါမှာ အခုနောက်ပိုင်း သူတခုတည်းမဟုတ်ဘဲနဲ့ အားလုံးလည်း ကြားမှာပါ နိုင်ငံတော်အတိုင်ပင်ခံက ဘယ်လိုညွှန်ကြားတယ်ဆိုတာတွေ ပြောလာတယ်ဆိုတော့ အစိုးရကို တိုင်ပင်ပြီးတော့၊ အစိုးရကို ချပြပြီးတော့မှ လုပ်တာမျိုးတွေ ရှိလာတယ်။ ဆိုတော့ ကျနော့်အမြင် ပြောရရင်တော့ တပ်မတော်အနေနဲ့ စစ်ဆင်ရေးကိစ္စတွေမှာ တတ်ကျွမ်းနားလည်တဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အရပ်သားအစိုးရကို ပိုင်ပိုင်နိုင်နိုင် ရှင်းပြပြီးတော့မှ အရပ်သားအစိုးရကိုပါ ဆုံးဖြတ်ချက်တွေမှာပါအောင် ဆွဲခေါ်သွားနိုင်တဲ့ ပုံစံရှိတယ်။ အဲဒီမှာ တသားတည်းရှိတယ်လို့ အများက ယူဆလာတဲ့ အနေအထား ဖြစ်လာပါတယ်။