သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး အခက်ခဲနိုင်ဆုံးအလားအလာ


တိုက်ရိုက် လင့်ခ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့အနေနဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ရဲ့မဲဆန္ဒအတိုင်း ခန့်အပ်လာနိုင်ပေမယ့် တိုင်းရင်းသားတွေအတွက် ဘာမှအကျိုးမထူးနိုင်ဘူးလို့ ဥပဒေအထောက်အကူပြု ကွန်ယက်တည်ထောင်သူ ဦးအောင်ထူး က သုံးသပ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံကို တိုင်းပြည်ငြိမ်းချမ်းတိုးတက်စေမယ့် ဖွဲ့စည်းပုံနဲ့ အစားထိုးနိုင်ရေးအတွက် လူထုလှုပ်ရှားမှုနည်းနဲ့သာ ဖြစ်နိုင်မယ်လို့လည်း ဆိုပါတယ်။ လူအခွင့်အရေးရှေ့နေ ဦးအောင်ထူးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခုမြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ ပြောဆို၊ ကြိုးပမ်းချက်တွေ အတော်လေးကြာနေရပါတယ်။ ပထမဦးဆုံး အကြမ်းမျဉ်းသိချင်တာက ဒီလိုပြောဆိုကြိုးပမ်းချက်တွေ ကြာလာရတော့ ဦးအောင်ထူးရဲ့ တုံ့ပြန်မှု၊ ဘယ်လောက်အကောင်းမြင်တဲ့ သဘောထားနဲ့ တုံ့ပြန်မိပါသလဲ။ အလကားပါဆိုပြီး တုံ့ပြန်မိပါသလား။ အဲဒါကို အကြမ်းမျဉ်း သိချင်ပါတယ်။

ဖြေ ။ ။ ရိုးရိုးအရပ်သားစကားနဲ့ ပြောရမယ်ဆိုရင်တော့ အဲဒီအတိုင်းပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တာ ခြောက်နှစ်လောက် ရှိသွားပြီ။ ဖွဲ့စည်းပုံပြင်မယ်ဆိုပြီးတော့ အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့တယ်။ လွှတ်တော်ထဲမှာ ကြိုးပမ်းတယ်။ လွှတ်တော်ပြင်ပမှာလည်း ကြိုးပမ်းတယ်။ လက်မှတ်ထိုးတာလည်း ငါးသန်းလောက် ရနေပြီ။ မဖြစ်ဘူး။ အင်မတန်ကို အရေးကြီးတဲ့ နိုင်ငံတကာပြစ်မှုကြီးတွေ ကျူးလွန်တဲ့အဆင့်ကိုရောက်ပြီးတော့ ကုလသမဂ္ဂ ရှာဖွေရေးမစ်ရှင်းက စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ လိုအပ်တယ်လို့ တင်သွင်းတဲ့အဆင့်အထိကို ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်းဆောင်တွေရှေ့မှာ မားမားရပ်ပြီးတော့ ကာကွယ်ပေးတဲ့အဆင့်မျိုး လုပ်လာခဲ့သော်ငြားလဲ ဘာမှဖြစ်မလာခဲ့ဘူး။

ဖြစ်မလာတော့ ၂၀၂၀ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ ကတိကို တစုံတရာ လုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုး ဖန်တီးပေးလိုက်ဖို့တော့ လိုအပ်လာတယ်။ တကယ်တော့ အနှစ်သာရကျတဲ့ ကျောရိုးကျတဲ့ ဘယ်ဖွဲ့စည်းပုံ ပြဌာန်းချက်ကိုမှ ပြင်ပေးမှာ မဟုတ်ဘူး။ အရေးမပါလောက်တဲ့ ပြဌာန်းချက်ပေါ့။

မေး ။ ။ အဲဒီမှာ အဓိကကျတဲ့ ကျနော်တို့ နားလည်သလောက်ပြောရရင်တော့ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားတဲ့ကိစ္စ ဥပဒေပြု အဖွဲ့အစည်းမှာ။ နောက် ဝန်ကြီးဌာန (၃) ခုကို ချုပ်ကိုင်ထားတဲ့ကိစ္စ။ နောက်တခုက တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေမှာ အုပ်ချုပ်ရေးအာဏာ (Executive Power) ကို ပြည်နယ်တွင်းက အမတ်တွေရဲ့ဆန္ဒထက် ဗဟို NLD ရဲ့ ဆန္ဒအတိုင်း ခန့်အပ်တယ်လို့ ထင်ပါတယ်။ အဲဒီအထဲမှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ လုံးဝမဖြစ်နိုင်ဘူးလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်တပ်ဘက်ကလည်း သဘောတူမယ်ဆိုတဲ့လေသံ ထွက်ပါတယ်။

ဖြေ ။ ။ နောက်ဆုံးပြောတဲ့ထဲမှာ ပုဒ်မ (၂၆၁) အဲဒါက တိုင်းရင်းသားအရေးနဲ့ ဆိုင်လာတယ်။ အဲဒီလို ပြဌာန်းချက်မျိုးကို ပြင်ကောင်းပြင်နိုင်တယ်။ ပြင်ကောင်းပြင်နိုင်တယ်သော်ငြားလဲ တိုင်းရင်းသားတွေက ကိုယ့်ပြည်နယ်မှာကိုယ် ကိုယ့်ရဲ့လူမျိုးကို ကိုယ်စားပြုတဲ့ ပြည်နယ်ဥက္ကဋ္ဌတွေ ဖြစ်လာနိုင်သော်ငြားလဲ အနှစ်သာရအားဖြင့်တော့ ဘာမှတိုးတက်လာမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဖယ်ဒရယ်ပြည်ထောင်စုပုံစံကို သွားတယ်အခါမှာ အဓိက အရင်ခံအကျဆုံးက တရားစီရင်ရေး ဖြစ်တယ်။ တရားစီရင်ရေးက လွတ်လပ်ဘက်မလိုက် ထက်မြက်ပြီးတော့ အင်မတန် Powerful အားကောင်းတဲ့ တရားစီရင်ရေး ဖြစ်ရမယ်။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်မှာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးက ယှဉ်ပြိုင်တရားစီရင်ရေး ဖြစ်နေတယ်။ ဒါကြောင့် စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးကို လုံးဝမဖြုတ်နိုင်ဘဲနဲ့ ဘယ်တော့မှ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု မသွားနိုင်ဘူး။

မေး ။ ။ ဆိုတော့ အခုဖွဲ့စည်းပုံထဲမှာ တရားစီရင်ရေးဟာ တကယ့်ကို separation of powers ကို ပြတ်ပြတ်သားသား ပြဌာန်းမထားဘူးဆိုတဲ့ သဘောလား။

ဖြေ ။ ။ အရပ်ဘက်ဆိုင်ရာ တရားစီရင်ရေးကို အဲဒီလို ပြဌာန်းမထားတဲ့အပြင် ယှဉ်ပြိုင်ရှိနေတဲ့ စစ်ဘက်ဆိုင်ရာခုံရုံးမှာ သိပ်ကိုဆိုးဝါးတယ်။ ဆိုးဝါးလွန်အားကြီးတယ်။ တကမ္ဘာလုံးမှာ ဘယ်တုန်းက၊ ဘယ်နိုင်ငံမှာမှ မရှိဘူး။ အဲဒီအောက်မှာ ဘာမှလုပ်လို့ မရဘူး။ ဘာပြဿနာတက်လာလာ စစ်တပ်ကျူးလွန်တဲ့ကိစ္စတွေကို ဘာမှအရေးယူလို့ မရဘူး။ အဲဒီတော့ ကိုယ့်ပြည်နယ်မှာ ကိုယ့်အမတ်က ပြည်နယ်ဝန်ကြီးချုပ် ဖြစ်သွားသော်ငြားလဲ အဲဒီပြည်နယ်ဝန်ကြီးချုပ်မှာ ဘာ အာဏာမှ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်တော့မယ်ဆိုရင် ငွေလိုတယ်။ ငွေဘယ်က စီးဆင်းလာမလဲ။ အဲဒီငွေကြေးစီမံခန့်ခွဲမှုကို ကိုယ့်ဟာနဲ့ကိုယ် ပြည်နယ်မှာ လည်ပတ်နိုင်တဲ့ အနေအထားမရှိဘူး။ ဥပမာဆိုကြပါစို့ ကျောက်ထွက်တဲ့ပြည်နယ်မှာ ကျောက်ကရလာတဲ့ ဘဏ္ဍာငွေကြေးကို သူ့ပြည်နယ်မှာ သူ စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး။ ဗဟိုကို ဘယ်လောက်ပေးရမယ်ဆိုတာမျိုးနဲ့ ပြည်နယ်မှာ စီမံခန့်ခွဲပိုင်ခွင့် ရှိသေးတယ်။ အခုတော့ ကျောက်ထွက်တဲ့ပြည်နယ်မှာကြတော့ ကျောက်သွေးခွင့်ပဲ ပေးထားတယ်။ ကျောက်ကဝင်လာတဲ့ ဝင်ငွေတွေအကုန်လုံးကို ဗဟိုကစီမံခန့်ခွဲ ယူထားလိုက်တယ်။ ဘယ်လိုလို့လုပ်ပြီး ဒီပြည်နယ်တိုးတက်မလဲ။ ဒီပြည်နယ်မှာ ဘာဝင်ငွေ ရှိမလဲ။ ဒီလိုအခြေအနေမျိုးအောက်မှာ ပုဒ်မ (၂၆၁) လောက်ကို ပြင်ပေးလိုက်ရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

မေး ။ ။ နောက်တခုက စစ်တပ်က လွှမ်းမိုးနေတဲ့ကိစ္စ။ ဆိုတော့ ပြည်နယ်တွေရဲ့ စီးပွားရေးစီမံခန့်ခွဲခွင့် သူတို့ပြည်နယ်ထွက် သယံဇာတပေါ်မှာ သူတို့ရဲ့သြဇာ တစုံတရာအတိုင်းအတာအထိ သူတို့ရပိုင်ခွင့်တွေကို မပြင်နိုင်ဘူးဆိုရင် စစ်တပ်က ပိုချုပ်ကိုင်ထားတယ်ဆိုတဲ့ကိစ္စတွေနဲ့ဆို ပိုပြီးခက်ခဲမယ့်သဘော ရှိနေတာပေါ့။

ဖြေ ။ ။ သိပ်ကိုခက်ခဲတာပေါ့။ အဓိက ဘာကြောင့်ခက်ခဲလဲ။ ဒီအရာကိစ္စတွေအားလုံး ကာလုံလက်ထဲမှာ ရှိတယ်။ တကယ်တော့ ကာလုံဟာ အာဏာရေးတဝက်ကို ချုပ်ကိုင်ထားလိုက်တာ။ ကာလုံက ဆုံးဖြတ်ချက်မပေးဘဲ ဘာမှလုပ်လို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်တောင် လက်တွေ့ဘာမှလုပ်လို့ မရဘူး။ သူကို နိုင်ငံတော်ကျင့်ဝတ်တရားရုံးတွေက … ကာကွယ်ပေးထားတဲ့အတွက် ဆုလာဘ်ပြန်ပေးတဲ့သဘောမျိုးနဲ့ အဲဒီလိုပုဒ်မမျိုးလေးတွေကို ပြင်ပေးကောင်း ပြင်ပေးနိုင်တယ်။ အဲဒီလိုပြင်ပေးလိုက်ပြီးတော့ အဲဒါကို လက်ခံရင်ဆက်သွားနေသမျှပတ်လုံးတော့ စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်နေပြီးတော့ စစ်ကျွန်းစက် ဆက်ခင်းနေအုံးမှာပါ။

မေး ။ ။ အဲဒီတော့ ဒီဖွဲ့စည်းပုံတခုလုံးက ဟိုတစဒီတစ ပြင်နေရုံနဲ့ မဖြစ်ဘဲနဲ့ တကယ့် နေလို့မရတဲ့ အိမ်အိုကြီးလိုပဲ လုံးဝဖြိုချပြီးတော့ အသစ်ပြန်ဆောက်ရမယ့်သဘော ဖြစ်နေတာပေါ့။

ဖြေ ။ ။ သိပ်ရှင်းတာပေါ့။ အဲဒီအတိုင်းပဲ ဦးကိုနီ ပြောခဲ့တယ်။ ဦးကိုနီပြောခဲ့တာ သိပ်ရှင်းတယ်။ ကျနော်တို့လည်း အဲဒီအတိုင်း ပြောခဲ့တာ ကြာပါပြီ။ ဆက်သွားလေ တိုင်းပြည်အခြေအနေ ပိုဆိုးလေ။ လူတွေ ဆင်းရဲတွင်းနက်လေ။ ပြဿနာပေါင်းစုံတက်လေ။ အခက်အခဲပေါင်းစုံတက်လေ။ အခုကြည့်လေ အဓိပ္ပါယ်မှ မရှိဘဲ … ရခိုင်ပြည်နယ်မှာ ဒီလောက်ထိ စစ်ပွဲတွေဖြစ်ပြီး တိုင်းပြည်မတည်မငြိမ် ဖြစ်နေတဲ့ကိစ္စကြီးမှာ Investment တွေ လာလုပ်ကြပါဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တယ်ဆိုတဲ့အသံတွေ ထွက်လာတာ ဘယ်လောက်များ သဘာဝမကျလိုက်တာကို စဉ်းစားကြည့်လိုက်ပါအုံး။ ငြိမ်းချမ်းရေးရအောင် မလုပ်နိုင်ဘဲနဲ့ ဘယ်တော့မှ တိုးတက်ခွင့်မရနိုင်ဘူး။

မေး ။ ။ နောက်တခုက ဖွဲ့စည်းပုံပြင်ဆင်ရေးက သိပ်ခက်အောင်လုပ်ထားတယ်။ လွှတ်တော်မှာ မဲစနစ်နဲ့သွားမယ်ဆိုရင် သို့ပေမဲ့ လူထုဆန္ဒခံယူပွဲ လုပ်ပြီးတော့ ဒီဟာကို ရုတ်သိမ်းနိုင်မယ် ဘာညာဆိုတဲ့ အလားအလာတခုလည်း ထောက်ပြကြတာ ရှိပါတယ်။ ဥပဒေပညာရှင်တွေက ဆိုတော့ အဲဒီလောက်အထိ လုပ်မယ့်အခြေအနေကော ဗမာပြည်မှာ ပေးပါ့မလား။

ဖြေ ။ ။ လူထုဆန္ဒခံယူပွဲလောက်နဲ့တော့ ရုတ်သိမ်းဖို့ မဖြစ်ဘူး။ လူထုလှုပ်ရှားမှုနဲ့ ရုတ်သိမ်းမှရတယ်။ လူထုဆန္ဒခံယူပွဲ လုပ်ခွင့်ကိုပေးမှာ မဟုတ်ဘူး။

မေး ။ ။ လူထုလှုပ်ရှားမှုကိုကော စစ်တပ်ဘက်က ခွင့်ပြုပါ့မလားဆိုတာ မေးစရာရှိလာတယ်။

ဖြေ ။ ။ ဖြစ်လာတယ်။ သို့သော်လဲပဲ လူ့အဖွဲ့အစည်း အပြောင်းအလဲတွေဖြစ်တာ အာဏာရှင်တွေ အလိုကျနဲ့ ဖြစ်သွားတာ မဟုတ်ဘူး။ အာဏာရှင်တွေရဲ့ အလိုဆန္ဒကို ဆန့်ကျင်ပြီး ဖြစ်သွားကြတာလို့ အဲဒီလို ကျနော်တို့ စဉ်းစားကြရမှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်တခု နမူနာနှိုင်းယှဉ်ပြီး လူတွေတော်တော်များများ နှိုင်းယှဉ်ပြောကြတယ် စစ်တပ်ရဲ့ ကြီးစိုးမှုကနေ တဖြည်းဖြည်း ဒီမိုကရေစီအသွင် ပြောင်းသွားတဲ့အထဲမှာ အင်ဒိုနီးရှားနဲ့ နှိုင်းယှဉ်ပြီး ပြောကြတာလည်း ရှိကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးအောင်ထူး ဘယ်လိုနှိုင်းယှဉ်သုံးသပ်လိုပါလဲ။

ဖြေ ။ ။ အင်ဒိုနီးရှားနမူနာက လူ့အဖွဲ့အစည်း အခြေခံပြောင်းသွားတာ။ အင်ဒိုနီးရှားမှာ အဓိက မီဒီယာတွေ ဖိနှိပ်မှုတွေ တက်လာတဲ့အခါမှာ မီဒီယာတွေဘက်က ဝိုင်းရပ်ကြတယ်။ အင်ဒိုနီးရှား Legal Aid Foundation ဆိုတာ ရှိတယ်။ နောက်က အများကြီး Backing ပေးလိုက်တယ်။ ဒီ Pressure နဲ့ အင်ဒိုနီးရှား ပြောင်းသွားတာ။ ရိုးရိုးပြောင်းသွားတာ မဟုတ်ဘူး။ အာဏာရှင်က ဆူဟာတိုက သဘောကျလို့ အသားလေးနောက်ဆုတ်ပေးလိုက်တာ မဟုတ်ဘူး။ လူထုက တိုက်ပြီးတော့ ယူလိုက်တာ ဖြစ်တယ်။

မေး ။ ။ မြန်မာပြည်မှာလည်း ၈၈ တုန်းက တိုက်ခိုက်ခဲ့ကြတာပဲ။ နောက်ပြီးတော့ မြန်မာပြည်က မီဒီယာက အင်ဒိုနီးရှားမီဒီယာနဲ့ ဘယ်လိုကွဲလွဲနေလို့လဲ။ ပြည်တွင်းမီဒီယာကို ပြောတာလား။ နိုင်ငံတကာ မီဒီယာကို ပြောတာလား။

ဖြေ ။ ။ ပြည်တွင်းမီဒီယာ - ပြည်တွင်းမှာ မီဒီယာတွေ ပြဿနာတက်သွားတဲ့အခါကြတော့ မီဒီယာတွေဘက်က လူထုကရပ်တယ်။ နောက်ပြီးတော့ ဥပဒေအဖွဲ့အစည်းတွေက ရပ်ပြီးတော့ လူထုလှုပ်ရှားမှု ဖြစ်သွားတယ်။ အဲဒီမှာ အဓိက အပြောင်းအလဲ ဖြစ်သွားတာပဲ။

မေး ။ ။ ဆိုတော့ နောက်ဆုံးအနေနဲ့ မြန်မာပြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းလဲရင် တိုင်းပြည်တိုးတက်စရာ၊ ရှေ့တိုးစရာ ဘာမှလမ်းမရှိဘူးဆိုတော့ ဖွဲ့စည်းပုံ ပြောင်းလဲနိုင်မယ့် အသင့်လျော်ဆုံး လူထုတွေ အသက်မစတေးဘဲ ပြောင်းလဲနိုင်မယ့်နည်းကော ရှိပါသေးလား။

ဖြေ ။ ။ ရှိတာပေါ့ - အခု ဖြစ်လာတဲ့အခြေအနေကို ကိုင်ပြီးတော့ ပထမတချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေသမျှကာလပတ်လုံး ငါ့တို့ဘဝ၊ ငါ့တို့ပြည်ထောင်စုတခုလုံးဘဝ ဘယ်တော့မှ မကောင်းဘူးဆိုတာကို ရှင်းရှင်းနားလည်လက်ခံဖို့ လိုပါတယ်။ ဒုတိယအချက်က ကိုယ်လိုချင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံက ဘာလဲ။ ကိုယ့်ပြည်နယ်တွေ လိုချင်တဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘာလဲ။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ့်ဟာကိုယ် ပြင်ဆင်ရေးဆွဲလှုပ်ရှားမှု အားကောင်းပေါ်လာကြည့်စမ်းပါ နိုင်ငံတကာက ကြည့်မနေပါဘူး။ အပြောင်းအလဲတွေ ဖြစ်လာမှာပါ။

မေး ။ ။ ဒါပေမဲ့ ဒါပြောင်းလဲမှ ကိုယ့်ပြည်ထောင်စုကောင်းမယ်။ တိုင်းပြည်ကောင်းမယ်။ ကိုယ့်အတွက်လည်း အကျိုးရှိမယ်ဆိုတဲ့ အသိမျိုး အထူးသဖြင့် စစ်တပ်ဘက်က ဒီလိုအသိမျိုး ဝင်လာဖို့တော့ အရေးကြီးတာပေါ့။ အဲဒါကော ဖြစ်နိုင်ပါ့မလား။ အခုကြည့်ရတာတော့ ဝင်လာပုံ မရသေးဘူးဆိုတဲ့ သဘောပေါ့။ အဲဒီအသိမျိုး စစ်တပ်ဘက်မှာ။

ဖြေ ။ ။ တကယ့်တကယ်ကြတော့ အခုအခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောရင်မကောင်းပါဘူး ဒါပေမဲ့ တိုင်းပြည်နာလွန်အားကြီးလို့ ပြောတာပါ။ စစ်အာဏာရှင်တွေကို ကာကွယ်ပေးနေသေးလို့ပါ။ အဲဒီတချက်က ရှေ့မှာဆက်ပြီးတော့ ခံနေသေးလို့ပါ။ အဲဒီအခြေအနေကြီးသာ မရှိတော့ဘူးဆိုရင် စစ်တပ်ရဲ့ အာဏာတည်မြဲရေးဟာ မေးခွန်းထုတ်စရာများစွာ ရှိလာမှာပါ။

မေး ။ ။ လောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နေရာမှာ အစားထိုးမယ့်လူက အတော်လေး ရှားတယ်လို့ တော်တော်များများက သုံးသပ်ကြပါတယ်။ ဦးအောင်ထူး ဘယ်လိုသဘောရလဲ။

ဖြေ ။ ။ အဲဒီအတွေးအခေါ်ကိုက မှားနေတာ။ ကျနော်တို့တိုင်းပြည် သွားရမယ့်လမ်းကြောင်းက သူရဲကောင်းဝါဒ မဟုတ်ဘူး။ မှန်ကန်တဲ့ လူ့အဖွဲ့အစည်းတခုမှာ ရှိသင့်ရှိအပ်တဲ့ စနစ်ကောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကောင်းတရပ်ကို ရှာဖွေရမှာ ဖြစ်တယ်။ လူကောင်းလူတော်က ဒုတိယ နောက်ကလိုက်ရမှာဖြစ်တယ်။ အဲဒီတော့ စနစ်ကောင်းအောက်မှာ လူကောင်းတွေ ပေါ်လာမယ်။ ဒီလိုစဉ်းစားဖို့ လိုပါတယ်။

နိဂုံးချုပ်မှတ်ချက် ။ ။ သောတရှင်များခင်များ … ကြားခဲ့ရတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အဆိုးဝါးဆုံးနဲ့ အခက်ခဲဆုံး အခြေအနေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အခြေအနေအရပ်ရပ်ကို ထဲထဲဝင်ဝင်နဲ့ အလားအလာ ဘယ်လိုရှိနိုင်မလဲဆိုတာကို နားလည်သဘောပေါက်နိုင်ဖို့အတွက် တင်ပြလိုက်ရတာ ဖြစ်ပါတယ်လို့ ပြောကြားရင် ဒီတပတ်အစီအစဉ်ကို ဒီမှာတင် နိဂုံးချုပ်လိုက်ပါတယ်။

XS
SM
MD
LG