သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးကြဖို့ သမ္မတ တိုက်တွန်း


အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရေး နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ့ဆုံ
အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရေး နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ့ဆုံ

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးအတွက် နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြပြီး တဲ့နောက် လက်မှတ်ရေးထိုးမယ့်ရက်ကို အကြမ်းအားဖြင့် သတ်မှတ်ခဲ့ကြပါတယ်။

ဒီလို လက်မှတ်ရေးထိုးဖို့ကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အပြီးအပြတ်ဆုံးဖြတ်ချက် ပေးတာတော့ မရှိသေးပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က နေပြည်တော်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေဟာ ဒီကနေ့ မနက် ၉ နာရီကနေ နေ့ခင်း ၁၂ နာရီကျော်အထိ နေပြည်တော်က Myanmar International Convention Center MICC 2 မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အစိုးရဘက်ကတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးသားဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ထိုးဖို့ ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကတော့ အစိုးရက ဖိတ်ကြားမထားတဲ့ အဖွဲ့ ၆ ဖွဲ့ ထည့်သွင်းပြီး အားလုံးပါဝင်ရေး မှုအရ လက်မှတ်ရေးထိုးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲရဲ့ ရလဒ်ကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“အစိုးရဘက်က ၁၅ ဖွဲ့ကို ကျနော်တို့ ဖိတ်သားပြီးဖြစ်တယ်။ ကျန်တဲ့ ၆ ဖွဲ့ ရှိတယ်ဆိုရင် အဲဒီ ၆ ဖွဲ့ကနေပြီးတော့ ၃ ဖွဲ့ပေါ့လေ။ ဒီအခု ANC နဲ့ WNO ကို နိုင်ငံရေးဆွေးနွေးပွဲတက်ဖို့ ဖိတ်ကြားတာဖြစ်တဲ့အတွက် သူကနိုင်ငံရေးဆွေးနွေးပွဲကနေပြီးတော့ စောင့်ဖို့ဆိုတဲ့ သဘောဖြစ်တဲ့အတွက် NCA ထိုးဖို့ မလိုအပ်ဘူးဆိုတာကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေကို ရှင်းပြပါတယ်။ MNDAA ကိုတော့ နိုင်ငံတော်သမ္မတကြီးက MNDAA ရဲ့ခေါင်းဆောင်နဲ့ တိုက်ရိုက်ကို ဆက်သွယ်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အခုဒီစာရင်းထဲကလည်း ကျနော်တို့ အစိုးရဘက်ကလည်း ဖြုတ်ထားပါတယ်။ အဲဒီတော့ ၂ ဖွဲ့ကျန်တဲ့ TNLA နဲ့ AA ကျန်ပါတယ်။ TNLA ကိုတော့ Bilateral ဆက်သွားမယ်။ သူတို့နဲ့ Bilateral Agreement တွေယူမယ်။ ပြီးလို့ရှိရင်တော့ NCA ကို သူတို့အနေနဲ့ ထိုးနိုင်ဖို့အတွက် လမ်းဖွင့်ထားမယ်ဆိုတဲ့ သဘောရှိပါတယ်။ ”

လောလောဆယ် လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့အဖွဲ့တွေက LDU ခေါ် လားဟူဒီမိုကရက်တစ်သမဂ္ဂ၊ WNO ခေါ် ဝအမျိုးသားအဖွဲ့ချုပ်၊ ANC ခေါ် ရခိုင်အမျိုးသားကောင်စီ၊ တအာန်း(ခေါ်) ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့၊ (TNLA)၊ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAAနဲ့ ရက္ခိုင်တပ်မတော် (AA) တို့ ဖြစ်ပါတယ်။

ရက္ခိုင် တပ်မတော် AA ကိုတော့ နည်းလမ်းရှာနေဆဲဖြစ်ပြီး လက်ရှိလက်မှတ်ရေးထိုးရာမှာ ပါဝင်မယ့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဦး ALP၊ နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်မယ့် ANC တို့နဲ့ ပူးပေါင်းရေးကို ဆွေးနွေးဖို့ တိုင်းရင်းသားခေါင်းဆောင်တွေဖက်က အကြံပြုထားရာမှာ နိုင်ငံတော်သမ္မတဘက်ကလည်း လက်ခံထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ တခြားသဘောတူညီချက်တွေကို ဦးလှမောင်ရွှေက အခုလို ဆက်ပြောပါတယ်။

“ဒီမှာ အရေးကြီးတဲ့အချက်ကတော့ တိုင်းရင်းသားတွေတောင်းဆိုတဲ့အထဲမှာ တကယ်လို့များ အားလုံးမပါဝင်နိုင်သေးဘူးဆိုရင် နောက်အဖွဲ့တွေအတွက် စစ်ရေး၊ နိုင်ငံရေး၊ လုံခြုံရေး အာမခံချက်တွေ တောင်းပါတယ်။ ဒါတွေကိုလည်း သမ္မတ အနေနဲ့ ဦးဆောင်းပြီးတော့ ပြန်ပြီးတော့ ညှိနှိုင်းပြီးသားဖြစ်ပါတယ်။ ဒီထဲမှာ အရေးကြီးတဲ့အချက်တချက်ကတော့ မတရားအသင်း ကိစ္စပါပဲ။ အဲဒီတော့ နိုင်ငံတော် သမ္မတအနေနဲ့ကတော့ ဒီမှာ ကတိကဝတ်ပေးခဲ့တာကတော့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ လက်မှတ်မရေးထိုးခင်မှာ ဒီခုန လက်မှတ်ရေးထိုးမယ့် အဖွဲ့တွေအားလုံးဟာ မတရားအသင်းက ပယ်ဖျက်ပြီး ဖြစ်ပါမယ်ဆိုတဲ့ ကတိကဝတ်ပြုတဲ့အတွက် ဒါတခုကောင်းပါတယ်။”

လက်မှတ်ရေးထိုးပွဲကိုတော့ လာမယ့် အောက်တိုဘာလ ပထမပတ်မှာ ကျင်းပနိုင်ဖို့ အကြမ်းဖျဉ်း ရက်သတ်မှတ်ကြပြီး ရက်အတိအကျကိုတော့ ဆက်လက် ညှိနှိုင်းသွားမှာဖြစ်ပါတယ်။

ဒီဆွေးနွေးချက်တွေအရ အစိုးရက ဖိတ်ခေါ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်မလား ဆိုတာကိုတော့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD ခေါင်းဆောင် ပူးဇင်ကျုံးက အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဒီ လက်မှတ်ရေးထိုးမယ် ။ မထိုးဘူးဆိုတာ ကတော့ ကျနော်တို့ ဆုံးဖြတ်ချက် မချသေးပါဘူး။ ကျနော်တို့ရဲ့ ဒီကနေ့ဆွေးနွေးတဲ့ အချက်တွေကို ကျနော်တို့ ဒီကနေ့ရလာတဲ့ ရလဒ်တွေကို CEO အစည်းအဝေးကို ကျနော်တို့ ပြန်တင်မှာဖြစ်တယ်။ ပြီးတော့ ကျနော်တို့ အနေနဲ့ အဲဒီအချိန်ကျမှ ဘယ်လိုလုပ်ကြမယ်။ ဘယ်လို လက်မှတ်ထိုးကြမယ်။ ဘယ်သူတွေသွားကြမယ် ဆိုတဲ့ကိစ္စကိုတော့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”

ဒီကနေ့ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲအပေါ်မှာတော့ ပူးဇင်ကျုံးက အခုလို သုံးသပ်ထားပါတယ်။

“ကျနော်အနေနဲ့ အကောင်းမြင်သဘောမျိုးတော့ ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ ညှိနှိုင်းလာခဲ့တဲ့အခြေအနေကို ကြည့်ခြင်းအားဖြင့် ကျနော် လေးဖွဲ့ကတော့ ကျနော်တို့ အဆင်ပြေတဲ့ အနေအထားမျိုးရောက်သွားပြီလို့ ပြောလို့ရပါတယ်။ ဆိုတော့ MNDA ကိစ္စလည်းဘဲ နိုင်ငံတော့ သမ္မတကြီးက တိုက်ရိုက် ကိုင်တွယ်နေတယ်ဆိုတော့ ဒါလည်းပဲ ဒါအလုပ်ဖြစ်မယ့် အနေအထားရှိတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်။ ပြီးတော့ ကျနော်တို့ AA ကိစ္စကို ခုနလိုပေ့ါ နည်းလမ်းရှာပြီးတော့မှ ကြားထဲမှာလည်း ဆွေးနွေးပြီးတော့မှ ဒါ အဖြေရှာလိုက်လို့ရင်တော့ ဒါဟာဖြစ်နိုင်တဲ့ အနေအထား ရှိကောင်းရှိနိုင်တယ်လို့ ကျနော့်အနေနဲ့ပြောချင်ပါတယ်။”

တကယ်လို့ လာမယ့် အောက်တိုဘာလဆန်းမှာ လက်မှတ် ရေးထိုးပြီးနောက် ၃ လအကြာမှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ရှိနေပါတယ်။ မြန်မာပြည်ရဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေမှာ အကြေအလည် ညှိနှိုင်းနိုင်မှုအပေါ်မှာ မူတည်နေပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးတာကတော့ နိုင်ငံရေးဆွေးနွေးပွဲအတွက် ပထမခြေလှမ်းလည်းဖြစ်ပါတယ်။

XS
SM
MD
LG