သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် ဂျပန်ချစ်ကြည်ရေးခရီး ရောက်ရှိ


သမ္မတဦးထင်ကျော် ဂျပန်ချစ်ကြည်ရေးခရီး ရောက်ရှိ (MOI)
သမ္မတဦးထင်ကျော် ဂျပန်ချစ်ကြည်ရေးခရီး ရောက်ရှိ (MOI)

ဂျပန်နိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေးခရီးအဖြစ် ရောက်လာတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုက ကြိုဆိုနှုတ်ဆက်ကြပြီး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဂျပန်နိုင်ငံရဲ့ အကူအညီတွေ ပိုရ လာအောင် သမ္မတရဲ့ခရီးစဉ်အတွင်း ဆောင်ကျည်းပေးနိုင် လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ Prince Hotel မှာ ဒီဇင်ဘာ ၁၂ ကနေ ၁၅ ရက်နေ့ထိကျင်းပမယ့် UHC ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ညီလာခံကို တက်ရောက်ဖို့ သမ္မတကြီး ဦးထင်ကျော် ဗုဒ္ဓဟူးဒီကနေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သမ္မတ ဦးထင်ကျော်ကို Prince Hotel ရှေ့လာရောက် ကြိုဆို နှုတ်ဆက်ရတာနဲ့ ပတ်သက်လို့ မြန်မာ့အရေးလှုပ်ရှားသူ ဒေါ်သန်းသန်းအေးက ခုလိုပြောပါတယ်။

“သမ္မတကြီးက ပြည်သူရွေးချယ်ထားတဲ့ သမ္မတကြီးပေါ့နော် တကယ့်ကို တာဝန်ကျေစွာနဲ့ သူလုပ်ပေးနိုင်တာကို အင်တိုက်အားတိုက်နဲ့ လုပ်ပေးတဲ့အတွက်ကြောင့် သူ့ကို တန်ဖိုးထားလွန်းလို့ လေးစားလွန်းလို့ အမတို့ သွားကြိုတာပါ။ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက်ဆိုတာ ဂျပန်ကလည်း ပံ့ပိုးထားတာ အများကြီးရှိတယ်လေ။ ဒါပေမယ့် အဲဒါတွေက ထိရောက်တာ သိပ်ပြီးတော့ မရှိဘူး။ အဲဒီအတွက်ကြောင့် သမ္မတကြီးက ဂျပန် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာ ထိထိရောက်ရောက်နဲ့ ဘာလုပ်ပေးနိုင်မလဲဆိုတာကို ဒါကိုလုပ်ဖို့ဆိုပြီးတော့ လာပြောတယ်လို့ ယူဆပါတယ်။”

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ UHC ကျန်းမာရေး ညီလာခံကို တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ ဂျပန် နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် သမ္မတ ဦးထင်ကျော် လာရောက်တာဖြစ်တယ်လို့ မြန်မာအစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။ ဒါဟာ သမ္မတ ဦးထင်ကျော်ရဲ့ ပထမဦးဆုံးသော ဂျပန်နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။

သမ္မတခရီးစဉ်အတွင်း မြန်မာနိုင်ငံသားတွေ့နဲ့ တွေ့ဆုံခွင့်ရအောင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က ကြိုးပမ်းနေပါတယ်။ သမ္မတကို ကြိုဆိုနှုတ်ဆက်ရတဲ့အကြောင်းနဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ဂျပန်ခရီးစဉ်ပေါ် မျှော်လင့်ချက်နဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုဖုန်းမြင့်ထွန်းက ရှင်းပြပါတယ်။

“ကျနေ်ာတို့ မြန်မာနိုင်ငံ သံမ္မတကြီးရောက်လာတဲ့အချိန်မှာ ကျနော်တို့ ချမ်းချမ်းစီးစီးကြားထဲက ကြိုဆိုကြတယ်။ သံမ္မတကြီးရောက်လာပြီးတော့ လက်ပြသွားပြီးတော့ သူ့ PA ကဆင်းလာပြီးတော့ ကျနော့်ကို နှုတ်ဆက်တယ်။ သမ္မတကြီးလည်း နှုတ်ဆက် ချင်ပါတယ် ဒါပေမယ့် ဂျပန်ရဲ့ လုံခြုံရေးအရ နှုတ်ဆက်လို့ မရလို့ နားလည်ပေးပါဆိုပြီးတော့ပြောပြီးတော့ အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အားလုံးကို ဓါတ်ပုံမှတ်တမ်းယူပြီးတော့ ပြန်ထွက်သွားတယ်။ ဒီမှာ အခုရောက်နေတဲ့အချိန်မှာပေါ့နော် ကျနော်တို့ တွေ့ဆုံခွင့်တွေရဖို့ အကုန်လုံး ကြိုးစားနေကြတယ် သမ္မတကြီးနဲ့ တွေ့ဖို့အတွက် ။ ကျနော်တို့တွေရဲ့ စွမ်းအားတွေနဲ့ တင်မြောက်ထားတဲ့ သမ္မတကြီးကို ကျနော်တို့တွေ့ချင်တယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာအစိုးရတော်တော်များများက ကျနော်တို့ ဒီမိုကရေစီ တပိုင်းအစိုးရကို ဖိအားတွေပေးနေတဲ့အချိန်မှာ ဂျပန်အစိုးရကနေပြီးတော့ ပြတ်ပြတ်သားသားနဲ့ ကူညီနေတယ်။ အဲဒါကြောင့် ဂျပန်အစိုးရကို ကျေးဇူးတင်တယ်။ ပြီးရင် ဂျပန်နိုင်ငံကနေပြီးတော့ ကျနော်တို့တိုင်းပြည်အတွက် အများကြီး ကူညီပံ့ပိုးပေးမယ်ဆိုတာ ကျနော်တို့မျှော်လင့်တယ် ထပ်ပြီးတော့လည်း ကြိုးစားနေပါတယ်။”

UHC ကျန်းမာရေး ညီလာခံကို တက်ရောက်မယ့် သမ္မတ ဦးထင်ကျော်နဲ့အတူ ကျန်းမာရေးနဲ့ အားကစားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ထွေးလည်း လိုက်ပါသွားပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာအစိုးရကို ဖိအားပေးနေချိန်မှာ ဂျပန်အစိုးရက မြန်မာအစိုးရကို အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။

တကမ္ဘာလုံး လူတိုင်းကျန်းမာ ဆိုတဲ့ဆောင်ပုဒ်နဲ့ ကျင်းပမယ့် UHC ညီလာခံမှာတော့ လူသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်ရ စေမယ့် ဘယ်လို လှုပ်ရှားမှုမျိုးတွေ လုပ်ဆောင်သွားမလဲဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

UHC ညီလာခံကို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲနဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်ခဲ့ပြီး၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ဆွေးနွေးကြပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ကျရင် သမ္မတဦးထင်ကျော် အပါအဝင် ဖိတ်ကြားထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ဆွေးနွေးကြမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၅ အပိတ်နေ့မှာတော့ အရပ်ဖက် အဖွဲ့အစည်းတွေ ထပ်မံဆွေးနွေးကြပါတယ်။ ဒီဇင်ဘာလ ၁၄ ရက် ဂျပန်စံတော်ချိန် ညပိုင်းမှာ သမ္မတဦးထင်ကျော်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တွေ့ဆုံဖို့ရှိတယ်လို့ ဂျပန်သတင်းတွေမှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG