သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသား ၇,ဝဝဝ နီးပါး ခြွင်းချက်မရှိလွှတ်ပေး


၂၀၁၉ ဧပြီ ၁၇ ရက် ပြန်လွတ်လာသူနှစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ တွေ့ဆုံပျော်ရွှင်နေကြပုံ။
၂၀၁၉ ဧပြီ ၁၇ ရက် ပြန်လွတ်လာသူနှစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ တွေ့ဆုံပျော်ရွှင်နေကြပုံ။
တိုက်ရိုက် လင့်ခ်

တိုင်းနဲ့ပြည်နယ် အကျဉ်းထောင် ၇ ခုက အကျဉ်းသား (၇,၀၀၀) နီးပါးကို ဒီကနေ့မှာ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မြန်မာနှစ် ဆန်းတရက်နေ့က အကျဉ်းသား ၉,၀၀၀ ကျော် ကို သမ္မတလွတ်ငြိမ်းခွင့်ပေးခဲ့ပြီး တဲ့ နောက် ဒီဧပြီလအတွင်း ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ အခုတခေါက်မှာလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်သူဦးရေ အနည်းအကျဉ်းသား ပါပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

ဒီလအတွင်း နိုင်ငံတော် သမ္မတရဲ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တာ မှာ တိုင်းနဲ့ပြည်နယ် ၇ ခု က အကျဉ်းသား (၇,၀၀၀) နီးပါးကို လွတ်ငြိမ်းခွင့် ပေးလိုက် တာပါ။ အခုတခေါက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာနဲ့ပက်သက်ပီး နိုင်ငံတော် သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလိုပြောပါတယ်။

“အခု ဒီနေ့ပြန်လွတ်တာက ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း တိုင်း နောက် တနသာၤရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ မကွေးတိုင်းပြည်နယ်တိုင်း ၇ ခု က အဖွဲ့တွေကို ပြန်စိစစ်ပီးတော့ ၆,၉၄၈ ဦး ၊ နောက်တသုတ်လည်း ကျနေု်ာတို့က ပြန် စိစစ်ပီးတော့ ပြန်လွှတ်ဖို့ရှိတယ်။ နောက်တခုက အဓိကအားဖြင့် မူးယစ်ဆေးဝါးနဲ့ အကျဉ်းချခံနေရတဲ့သူတွေ ပုဒ်မ ၁၅၊ နောက်တခုက ပုဒ်မ ၁၆ ဒါတွေနဲ့ ပက်သက်လို့ အကျဉ်းချ ခံနေရတဲ့သူတွေ ဦးစားပေး ကျနော်တို့ပြန်လွှတ်ပါတယ်။ တချို့ EO အဖွဲ့တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက သမ္မတနဲ့ အတိုင်ပင်ခံဆီကို အကျဉ်းထောင်ထဲ မှာ ကျခံနေတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့တင်ပြထားတာ အဖွဲ့ ၃ ဖဲ့ွရှိတယ်ပေါ့နော်။ အဲ့ကအဖွဲ့တွေလည်း ကျနော်တို့ ပြန်လွှတ်ဖို့ ရှိတယ်။ နောက် နိုင်ငံရေးနဲ့ပက်သက် တာတွေ လည်း ပြောထားတာရှိတယ်။ အဲ့ဒါတွေလည်း ပြန်လွှတ်ပေးဖို့ရှိတယ်။”

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတရက်နေ့ကလည်း အကျဉ်းသား ၉,၀၀၀ ကျော်ကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကြောင့် ဒီတကြိမ်ဟာ ဧပြီလအတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ မကြာခင်မှာ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးဖို့ရှိတယ်လို့လည်း ဦးဇော်ဌေးကပြောပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းခွင့်နှစ်ခုစလုံးမှာ မူးယစ်ဆေးနဲ့ ထောင်ချခံထားရသူတွေအများစု ပါဝင်တာဖြစ်ပါတယ်။ နှစ်ဆန်းတရက်နေ့က လွတ်ငြိမ်းထဲမှာတော့ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်ပြီး ဒီကနေ့ လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသား ၃ ဦး ပါဝင်ပါတယ်။ ဒီသုံးဦးထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကချင်ပြည်နယ်တွင်း ဒုက္ခသည် အရေး ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ ကိုလွန်ဇောင်းနဲ့ ကိုဇော်ဂျက်တို့နှစ်ဦးလည်း ပါဝင်ပါတယ်။

သမ္မတရဲ့လွတ်ငြိမ်းခွင့်နဲ့ တလအတွင်း အကျဉ်းသား ၁၅,၀၀၀ ကျော် လွတ်ငြိမ်းခွင့် ရတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသားကတော့ ၁၀ ဂဏန်းတောင် ပါဝင်မှုမရှိတဲ့အပေါ် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေ သူတွေက ဝေဖန်နေကြတာပါ။

တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွတ်မြောက်လာဖို့ မျှော်လင့်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရေးအသင်း AAPPB က ကိုအောင်မျိုးကျော်က အခုလိုပြောပါတယ်။

“အခုဟာက တိုင်းနဲ့ပြည်နယ် ၇ ခုက လွှတ်တာလေ၊ နောက်ထပ်ကျန်ခဲ့တဲ့ တိုင်းနဲ့ ပြည်နယ် ၇ ခုက သူတွေ ကိုလည်း လွှတ်မယ်။တတိယတကြိမ်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးပါလာဖို့ကျနော်တို့ မျှော်လင့်တယ်။ အကုန်လုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးပါလို့ ပြောချင်တယ်။ နိုင်ငံရေး အကျဉ်းသားတွေက ပြည်သူလူထု ကို ဒုက္ခပေးနေတဲ့သူတွေမဟုတ်ဖူး။ ပြုပြင်ပြောင်းလဲရေးမှာ ကိုယ့်ယုံကြည်ချက်ကို လုပ် ကိုင်ရင်းနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ သဘောထားမတူတဲ့အခါ ဖမ်းဆီးထိန်းသိမ်းခံ ရတာ ဖြစ်တယ်။ ဒါကြောင့်မလို့ ဒီတကြိမ်မှာ ဒီလူတွေကို ခြွင်းချက်မရှိ လွှတ်ပေးမယ်လို့ မျှော်လင့်တယ်။ လွှတ်ပေးပါလို့လည်း တောင်းဆိုတယ်။”

မြန်မာနိုင်ငံမှာ အကျဉ်းထောင်နဲ့ အကျဉ်းသား မျှတမှုမရှိဘူးဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေသလို အကျဉ်း ထောင်အတွင်း ကျပ်တည်းမှုတွေကို ဖြေရှင်းဖို့ အကျဉ်းထောင်တွေ တွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိနေတာပါ။

မြန်မာနိုင်ငံအကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမင်းထွန်းစိုးကတော့ နောက်ထပ် အကျဉ်းထောင် ၂ ခုနဲ့ အချုပ် ၁ ခု တိုးချဲ့ ဆောက်လုပ်ဖို့ ရှိနေကြောင်း ပြောပါတယ်။

“မကွေးထောင်နဲ့ သထုံထောင်ကို ဆောက်နေတာ၊ နောက်တခုက ဖားကန့်အချုပ်ဆောင် ကို ဆောက်နေတာပါ။”

ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းထောင်တချို့က အကျဉ်းသားတွေအနေနဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ထဲမပါတဲ့အပေါ် ဆူပူ ဆန္ဒပြတာတွေ ရှိခဲ့တာပါ။ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမယ့်ထဲမှာတော့ အကျဉ်းကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း လွှတ်သင့်လွှတ်ထိုက်သူတွေ လွှတ်ပေးမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူကပြောပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG