သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းစုစီ ပြင်ဆင်ရေးမူကြမ်း တတ်ကြွသူများ ကန့်ကွက်လှုပ်ရှား


ငြိမ်းစုစီ ပြင်ဆင်ရေးမူကြမ်း ကန့်ကွက်လှုပ်ရှားနေစဉ် (မတ်လ ၅ ရက်နေ့)
ငြိမ်းစုစီ ပြင်ဆင်ရေးမူကြမ်း ကန့်ကွက်လှုပ်ရှားနေစဉ် (မတ်လ ၅ ရက်နေ့)

လွတ်လပ်စွာစုဝေးဆန္ဒပြခွင့်ကို ထိန်းချုပ်ကန့်သတ်ထားတဲ့ ငြိမ်းစုစီဥပဒေပြင်ဆင်ချက်မူကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပြီး၊ လာမယ့် ရှေ့သီတင်းပတ်ထဲကျရင်တော့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမဲခွဲမယ်လို့ မျှော်လင့်ရပါတယ်။ ဒီမူကြမ်းအပေါ် တက်ကြွလှုပ်ရှားသူတွေဖက်က အပြင်းအထန်ဝေဖန်နေသလို၊ လွှတ်တော်တွင်းမှာလည်း ကန့်ကွက်မှုတွေရှိတာကြောင့် လာမယ့် ပြည်သူ့လွှတ်တော်မှာ ဒီကိစ္စဟာ အတော်လေး အချေအတင်ဖြစ်မယ့် အနေအထားပါ။ တချိန်တည်းမှာပဲ ဒီမူကြမ်းအပေါ် ကန့်ကွက်လှုပ်ရှားမှုတွေလည်း ရန်ကုန်မှာ ဒီကနေ့ စတင်လှုပ်ရှားခဲ့တဲ့အကြောင်း မဆုမွန်က စုစည်းပြောပြပါလိမ့်မယ်။

ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီပဲ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် အခြေခံအခွင့်အရေးကို ထိပါးစေတယ် ဒီမိုကရေစီနောက်ကြောင်းပြန်စေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုတွေက ဆန္ဒပြဝေဖန်ကန့်ကွက်နေတဲ့ကြားက အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ တပ်မတော်သားကိုယ်စားလှယ် အယောက် ၆၀ နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၀ ကိုယ်စားလှယ်ပေါင်း ၈၀ တင်သွင်းမယ့်အဆိုကို ဥပဒေကြမ်းကော်မတီမှာ စတင်ဆွေးနွေးခဲ့ကြပြီဖြစ်ပါတယ်။

မကြာခင်ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ရှိတဲ့ ငြိမ်းစုစီ ပြင်ဆင်ချက်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေအပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လုံးဝပယ်ဖျက်ဖို့နဲ့ ပြင်ဆင်တဲ့ဥပဒေကြမ်းထဲမှာ ထုတ်ပယ်ပေးဖို့အဆိုတွေကိုပါ တင်သွင်းဖို့ပြင်ဆင်နေကြတယ်လို့ ကိုယ်တိုင်အဆိုတင်သွင်းဖို့ရှိတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလိုပြောပြပါတယ်။

" နောက်ကလက်မည်းကြီးတွေလို့ သူတို့ မကြာခဏပြောလေ့ရှိတဲ့ လူတွေ ပါဝင်ပတ်သက်မှုကို စိုးရိမ်ပြီးတော့ ဒီလူတွေ မြှောက်ပေးရင် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်မယ်၊ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ ပျက်စီးသွားမယ်။ အဲ့ဒီ့လို စိုးရိမ်ပြီးတော့ ဒီဥပဒေကို ပြဋ္ဌာန်းဖို့ပြင်တယ်လို့ ကျနော်တို့ဘက်က မြင်တယ်။ ငြိမ်းစုစီဥပဒေသက်ဝင်လှုပ်ရှားဖို့ဆိုရင် ပြည်သူတွေ ဝန်းရံပေးဖို့လိုတယ်။ တဖြေးဖြေးနဲ့နေသားကျလာပြီးတော့ ရည်ရွယ်ချက်ကောင်းတွေနဲ့ဖြစ်လာဖို့ အဲ့ဒီ့အချိန်အခါကို မစောင့်ပဲနဲ့ ဒီလိုစိုးရိမ်ချက်နဲ့ပြဋ္ဌာန်းလိုက်ခြင်းကို ကျနော်တို့က ကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေတယ် ဒီမိုကရေစီကို နောက်ပြန်ဆုတ်တယ်။ နိုင်ငံသားအရေးကို ကန့်သတ်တယ်ဆိုပြီးတော့ လူတွေက စိတ်မှာမခံစားနိုင်လို့ ဒီဥပဒေကို ကောင်းစေချင်လို့ဆန္ဒထုတ်ဖော်ကြတာလို့မြင်တယ်။ ကျနော်တို့ကလည်း ဒီဥပဒေကို ကောင်းစေချင်လို့ ကိုယ့်အစိုးရမှ မဟုတ်ဘူး ဘယ်အစိုးရပဲဖြစ်ဖြစ် ဒီဥပဒေကို မှန်ကန်စေချင်လို့ ကိုယ့်အလှည့် သူ့အလှည့်ဆိုတာ နိုင်ငံရေးမှာတော့ ရှိတာပေါ့။ အဲ့တာမျိုး မဖြစ်စေချင်တဲ့။ နိုင်ငံရေးမှာ သမိုင်းကြောင်း ကောင်းစေချင်လို့ ဥပဒေကို ကောင်းစေချင်လို့ ကျနော်တို့ကလည်း ဒါကို ဆွေးနွေးနေတာဖြစ်ပါတယ်ခင်ဗျ။"

ပြည်သူတွေကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့အသံကို နားထောင်ပေးဖို့ ပြည်သူ့အသံ လွှတ်တော်အသံဆိုတာနဲ့အညီ ပြည်သူတွေရဲ့ နိုင်ငံသားအခွင့်ရေးဒီမိုကရေစီစံနဲ့မညီတဲ့ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုတွေကို အလေးထားဖို့လိုတယ်လို့လည်း ငြိမ်းစုစီပြင်ဆင်သည့်ဥပဒေကြမ်းဖျက်သိမ်းရေး လှုပ်ရှားဆောင်ရွက်နေတဲ့ လှု့အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။

" ပြည်သူ့လွှတ်တော်မှာက လူအင်အားလည်းပိုများသလို နောက် အမျိုးသားလွှတ်တော်အပေါ်မှာ သူတို့အတည်ပြုလိုက်တဲ့အပေါ်မှာ တုန့်ပြန်မှုကလည်း တော်တော်လေး ပြင်းထန်ကြတဲ့အခါကျတော့ ပြည်သူ့လွှတ်တော်အတွင်းမှာတော့ အတော်လေးကို အကြိတ်အနယ် ဒီပါတီတွင်းမှာဖြစ်စေ၊ အစုအဖွဲ့တွေကြားမှာပဲဖြစ်စေ ကော်မတီကြားမှာပဲဖြစ်စေ အတော်လေးကို လှုပ်လှုပ်ရှားရှားတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ရွှမ်းလဲ့ထောက်ပြချင်တဲ့အချက်က ဘာလဲဆိုတော့-ပြည်သူ့အသံ လွှတ်တော်အသံဖြစ်ရမယ်ဆိုရင် လွှတ်တော်က ထွက်လာတဲ့အသံတွေဟာ ဘယ်လောက်အထိ ပြည်သူ့ကို ကိုယ်စားပြုထင်ဟပ်စေမလဲ အဲ့ဒီ့ပြည်သူ့လွှတ်တော်က တယောက်ချင်းစီသော တဦးချင်းစီသော လွှတ်တော်အမတ်တွေကလည်း ဘယ်လောက်များများ သူတို့ရဲ့ သူတို့ကိုယ်စားပြုတဲ့နယ်မြေတွေကပြည်သူတွေရဲ့အသံကို ဦးဆောင်ပြီး ပြန်ပြောမှာလဲ။ ကျမတို့ပြည်သူတွေကတော့ ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ တင်မြှောက်ထားတယ်။ ပြည်သူ့ရဲ့မျက်နှာကို ကိုယ်စားပြုရမယ် ဒါပေမဲ့ တချိန်တည်းမှာပဲ ပါတီဖြစ်တဲ့အခါကျတော့ ပါတီရဲ့မူဝါဒတွေ ပါတီရဲ့စည်းမျဉ်းစည်းကမ်းတွေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအပေါ်မှာ တွန့်ဆုတ်စေတာမျိုး စိုးရိမ်ကြောင့်ကြမှုဖြစ်ပြီးတော့ ပါတီတဦးတဖွဲ့ ဒါမှမဟုတ် တဦးတယောက်ရဲ့အမြင်ပေါ်မှာပဲ လိုက်ပါသွားတာမျိုးဆိုရင် ကျမတို့ပြည်သူတွေအတွက် အရမ်းနစ်နာပါတယ်။ အဲ့လိုမဖြစ်ဖူးလို့ ကျမတို့မျှော်လင့်တယ်ပေါ့နော်။"

ဒီကနေ့ ညနေပိုင်း ရန်ကုန်မြို့မှာ ငြိမ်းစုစီပြင်ဆင်ချက် ဖျက်သိမ်းရေး စတစ်ကာကမ်ပိမ်းနဲ့စတင်လှုပ်ရှားနေကြပြီဖြစ်ပြီး ငြိမ်းစုစီပြင်ဆင်ချက် ဖျက်သိမ်းရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့် ကာကွယ်ရေး လှုပ်ရှားမှုတွေကိုလည်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတွေအပါအဝင် ဒီမိုကရေစီအင်အားစုတွေကလည်း ပူးပေါင်းဆန့်ကျင်လှုပ်ရှားသွားကြမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာလည်း တခြားပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတော်များများနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဘက်က ဒီအဆိုကိုကန့်ကွက်ပြီး ပြင်ဆင်ချက်ဥပဒေကြမ်းကို လုံးဝပယ်ဖျက်ပေးဖို့ တောင်းဆိုသွားကြမှာဖြစ်တယ်လို့လည်း ဦးဖေသန်းကပြောပါတယ်။

" အကုန်လုံးကတော့ ဥပဒေကြမ်းတခုလုံးကို ပယ်ဖျက်ပေးဖို့နဲ့ အဲ့ဥပဒေကြမ်းထဲမှာလည်း တပိုဒ်ချင်း တပိုဒ်ချင်းကို ပယ်ဖျက်ပေးဖို့ပါ သူတို့လက်မခံကြတဲ့အဓိက အကြောင်းပြချက်ကတော့ ဒီမိုကရေစီကိုနောက်ပြန်ဆွဲတာ၊ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်တာတို့ အဲ့တာတွေကို အခြေခံပြီးတော့ သူတို့တွေ ဆွေးနွေးကြပါလိမ့်မယ်။ ကျနော့်အနေနဲ့ကတော့ ဥပဒေပြင်ဆင်ချက် သုံးချက်တင်ပါတယ်။ ကျနော်တို့တွေ ဥပဒေကြမ်းကော်မတီမှာတော့ ညှိနှိုင်းပြီးပြီပေါ့နော်။ နောက်ဆုံးအဖြေတခုကတော့ ကျနော်တို့ကို လွှတ်တော်မှာ ဆွေးနွေးခွင့်ပေးဖို့ ပါပဲ ဘယ်အချိန် တင်ပေးမလဲ ဘယ်အချိန်ပြန်ဆွေးနွေးမလဲဆိုတာကတော့ ကျနော်တို့မသိရသေးပါဘူး ဒီလွှတ်တော်မှာတော့ ဖြတ်မယ် ပြတ်မယ်ထင်ပါတယ် ကြည့်ရတာလေ။ တပ်မတော်သားကိုယ်စားလှယ်အယောက် ၆၀ ဘက်ကတော့ သုံးလေးစု ခွဲပြီး တင်ထားတာဆိုတော့ တူရာတူရာ တအုပ်စုချင်း ဥပဒေတခုချင်း စုလိုက်ပြီးတော့ လူ၂၀လောက်ကိုယ်စားဆိုလိုချင်တာကို နှစ်ယောက် သုံးယောက်လောက် ဆွေးနွေးနိုင်ခြေရှိတယ်လို့ ကျနော်မှန်းကြည့်တာပေါ့ဗျာ။"

ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဒီဥပဒေကြမ်းကို အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးမှာ "နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး အတွက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက် ဥပဒေကြမ်းကို မတ် ၅ရက်နေ့ကစပြီး အမျိုးသားလွှတ်တော်မှာ NLD ပါတီကိုယ်စားလှယ်အချို့ပါ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး အခြေအတင် ဆွေးနွေးကြပေမဲ့လို့ မတ်လ ၇ရက်နေ့မှာ အမျိုးသားလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီးတဲ့ ငြိမ်းစုစီပြင်ဆင်သည့်ဥပဒေကြမ်းကို မတ်လ ၉ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ တင်သွင်းလာခဲ့တာဖြစ်ပြီး မတ်လ ၁၆ရက်နေ့မှာတော့ ဆွေးနွေးမယ့်ဦးရေက တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင် အယောက်၈၀ က အဆိုတင်သွင်းလာခဲ့တာဖြစ်ပြီး လာမယ့်သီတင်းပတ်ထဲမှာတော့ ဆွေးနွေးနိုင်ခြေရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG