သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုမှာ ငလျင်အသိပညာ ပိုပြည့်ဝဖို့လိုအပ်


ဧပြီလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၄)နာရီ၊ (၅၈)မိနစ်က ဖြူးမြို့ အနောက်တောင်ဘက် (၂၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွား
ဧပြီလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၄)နာရီ၊ (၅၈)မိနစ်က ဖြူးမြို့ အနောက်တောင်ဘက် (၂၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွား

ဒီနှစ်အစပိုင်း ဖြူးမြို့မှာလှုပ်သွားတဲ့ ငလျင်ကြီးရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ အခုရက်ပိုင်းမှာ ဖြူးမြို့အနီးမှာ ငလျင်ငယ်လေးတွေ ဆက်တိုက် လှုပ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း ဖြူးမြို့အနီး ၂၅ မိုင် အကွာမှာ ပြင်းအား (၅.၂) အင်အားရှိတဲ့ငလျင်လှုပ်ခဲ့သလို မနေ့တုန်းကလည်း ဖြူးမြို့အနီး အနောက်တောင်ဘက် ၂၉ မိုင်ခန့်အကွာမှာ ပြင်းအား (၄.၈) အဆင့် အင်အားရှိတဲ့ မြေငလျင်လှုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ရန်ကုန်နဲ့အနီးတဝိုက်မှာ ငလျင်ငယ်လေးတွေ ဆက်တိုက်ဆိုသလို လှုပ်နေတဲ့အတွက် ပြည်သူတွေအကြား ငလျင်နဲ့ပတ်သက်ပြီး ပိုပြီးတော့ စိုးရိမ်မှုတွေမြင့်တက်လာနေပြီး စိတ်ပူနေကြပါ တယ်။ ဒီလိုအခြေအနေတွေမှာ ငလျင်ကြီးလှုပ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေတာမို့လို့ ဒီအပေါ် အရမ်းမစိုးရိမ်ကြဖို့နဲ့ ငလျင်လှုပ်ချိန် ဆောင်ရန်ရှောင်ရန် သတိပေးပညာပေးမှုတွေကို အထူးလိုက်နာကြဖို့ မိုးဇလညွှန်ကြားရေးမှူးချုပ်က သတိပေး ပြောဆို လိုက်ပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကို အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် မြေငလျင် လှုပ်နေတာနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မိုးဇလညွှန်ကြားရေးမှူးချုပ်။ ။ အဲဒီ ဖြူး ပတ်ဝန်းကျင်မှာတော့ မနေ့က (၄.၈) ပေါ့နော်၊ ဒီမနက်အစောပိုင်းမှာတော့ (၅.၈) နဲ့ လှုပ်တယ် ဆိုတော့ ဖြူးကတော့ အရင်လှုပ်ထားတဲ့ နောက်ဆက်တွဲမြေငလျင်အနေနဲ့ ဆက်ပြီးတော့ လှုပ်တာပေါ့နော်။ ဒီရက်ပိုင်းတွေမှာတော့ တခြား နေရာတွေမှာလည်း လှုပ်နေတာပေါ့။ ငလျင်နဲ့ပတ်သက်ပြီးတော့ တော့ အမျိုးမျိုး ယူဆကြတယ်ပေါ့နော်။ တချို့ကလည်း မြေငလျင် ငယ်လေးတွေ လှုပ်လာမယ်၊ မြေငလျင်ကြီးတွေလှုပ်လာမယ်ဆိုပြီးတော့ မြေငလျင်ပညာရှင်တွေက ယူဆကြတယ်ဆိုပြီး တချို့သော မြေငလျင် အငယ်လေးတွေလှုပ်ခြင်းအားဖြင့် မြေငလျင်ကြီးမဖြစ်နိုင်တော့ဘူးဆိုပြီး ယူဆပြီးတော့မှ သူတို့ရဲ့ စူးစမ်းတွေ့ရှိချက်တွေကို ထုတ်ဖော်ရေးသားကြတယ်ပေါ့နော်။ မြေငလျင်ကြီးလှုပ်လာမယ်ဆိုတဲ့ကိစ္စကလည်း တထစ်ချမပြောနိုင်သလိုပဲ မြေငလျင်ကြီးဖြစ်လာနိုင်တဲ့ အနေအထားကိုလည်း တထစ်ချပြောလို့မရဘူးပေါ့နော်၊ ငလျင်အတွက်ကိုတော့ ဘာလုပ်ထားဖို့လိုလဲဆိုတော့ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဆရာ့။ ဒီ အရေးကြီးတဲ့နေရာတွေပေါ့နော်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအနီးတဝိုက်တွေမှာ တကယ်လို့များ ငလျင်လှုပ်ခဲ့တယ်ဆိုလို့ရှိရင် ပြည်သူတွေအတွက် ပညာပေးမှုပေါ့နော်၊ အဲဒီအခြေအနေတွေလည်း ရှင်းပြပေးပါဆရာ။

ဦးကျော်မိုးဦး။ ။ အဓိက ကတော့ မြေငလျင်နဲ့ပတ်သက်ပြီးတော့ ပညာပေးတာတွေတော့ လိုက်ပြီးတော့ လုပ်နေတာပေါ့နော်။ နောက်ပြီးတော့ သတင်းဌာနတွေကလည်း မြေငလျင်နဲ့ပတ်သက်ပြီးတော့ awareness … တတ်နိုင်သလောက်တော့ ဆောင်ရွက်နေတဲ့ အနေအထားမျိုးလေးတွေ ရှိတယ်ပေါ့နော်။ ဒီ awareness ကို သိနေရုံနဲ့လည်း ဆောင်ရွက်လို့မရဘူးပေါ့နော်။ ဒီ awareness ကို ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို အမြင်ပါရှိမှ ဘေးအန္တရာယ်ကင်းနိုင်မှာဖြစ်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဆရာ၊ အဲဒီတော့ ဆရာ့အနေနဲ့ တကယ်လို့ မြေငလျင်လှုပ်လာလို့ရှိရင် ပြည်သူလူထုအတွက် သူတို့ အဓိက ဆောင်ရန်၊ ရှောင်ရန်တွေကိုရော ဘယ်လိုများ ပညာပေးချင်တာ ရှိပါလဲရှင့်။

ဦးကျော်မိုးဦး။ ။ ဟုတ်ကဲ့။ အဓိက ကတော့ မြေငလျင်တွေ လှုပ်လာပြီဆိုရင် အချိန်ရမယ်ဆိုရင်တော့ မိမိတို့က တိုက်ထဲမှာရှိနေရင် နီးစပ်တဲ့ကွင်းပြင်တွေမှာ၊ အဆောက်အဦးတွေနဲ့ကင်းလွတ်တဲ့ကွင်းပြင်တွေမှာ ခေတ္တ ခန သွားသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အချိန်မရတော့ဘူးဆိုရင်လည်း မိမိတို့တိုက်ထဲမှာပဲ ရှိနေတယ်ဆိုရင် မိမိတို့ ခေါင်းတွေမှာ ကာကွယ်တဲ့ပစ္စည်းတွေပေါ့နော် - ဒီ သတိထားပြီးတော့မှ - မိမိတို့အိမ်ကနေပြီးတော့မှ ပစ္စည်းတွေ ငလျင်လှုပ်နေချိန်မှာ ယမ်းခါပြီးတော့ မိမိပေါ်ကို ကျနိုင်တဲ့ပစ္စည်းတွေ ရှိနိုင်တယ်ဆိုရင် အဲဒီပစ္စည်းတွေကျလာရင် ဒဏ်ခံနိုင်ဖို့အတွက်ကို ဆောင်ရွက်ထားသင့်ပါတယ်-ပေါ့နော်။ အဓိက ကတော့ မြေငလျင်ဖြစ်လာပြီဆိုရင် အဖြစ်နိုင်ဆုံးကတော့ ဘေးအန္တရာယ်ကင်းရှင်းတဲ့ကွင်းပြင်တွေမှာ သွားနေခြင်းကတော့ ဘေးအကင်းဆုံး ဖြစ်တယ်ပေါ့နော်။ နောက်တချက်ကတော့ မြေငလျင်မတိုင်ခင်မှာ ကျနော်တို့က မြေငလျင်ရပ်ဝန်းဇုံမှာ ကျနေတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အဆောက်အဦးတွေဆောက်တော့မယ်ဆိုရင် မြေငလျင်ဒဏ်ခံနိုင်အောင် ဒါမျိုးတွေ စဉ်းစားပြီးတော့မှ ဆောက်လုပ်ထားဖို့ လိုပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့။ အခု ရန်ကုန်နဲ့အနီးတဝိုက်မှာလည်း ငလျင်ငယ်လေးတွေ ဆက်တိုက်ဆိုသလိုလှုပ်တာမျိုးတွေ ရှိတယ်။ မနေ့ကလည်း ဖြူးမှာ (၄.၈) အဆင့်ရှိတဲ့ ငလျင်လှုပ်ခဲ့တာရှိတဲ့အခါကျတော့ လူထုကြားထဲမှာ ဒီလို ငလျင်လှုပ်တာနဲ့ပတ်သက်ပြီး သို့လော သို့လော ပေါ့ နော်။ တခုခုများ နောက်ထပ်ဖြစ်လာနိုင်မလားဆိုတဲ့ဥစ္စာ မျိုးလည်း စိုးရိမ်ပူပန်နေတာလည်းရှိတော့ ပြည်သူလူထုကို ဆရာ့အနေနဲ့ ဘယ်လိုများ သတင်းစကားပါးချင်တာ ရှိပါလဲရှင့်။

ဦးကျော်မိုးဦး။ ။ အဓိက-ကတော့ ဒီမြေငလျင်နဲ့ပတ်သက်ပြီးတော့ စောစောကပြောသလို ကောလာဟလ သတင်းတွေကို ပြည်သူလူထု အနေနဲ့ မယုံကြည်ဖို့အတွက်ကို ကျနော့်အနေနဲ့ အဓိက ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစောကပြောသလို မြေငလျင်နဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ ကမ္ဘာပေါ်မှာ ဘယ်သူမှ - ဒါ ဘယ်အချိန်မှာလှုပ်မယ်၊ ဘယ်နေရာမှာလှုပ်မယ်၊ အင်အား ဘယ်လောက်နဲ့လှုပ်မယ်၊ အနက်ဘယ်လောက်မှာလှုပ်မယ်ဆိုတာကို အခုချိန်ထိ ဘယ်သူမှ မသိနိုင်သေးပါဘူး။ မသိနိုင်သေးတဲ့အတွက်ကြောင့်မို့လို့ စောစောက ပြောတဲ့ မြေငလျင်ပညာရှင်တွေမှာလည်း ယူဆချက်အမျိုးမျိုး ကွဲပြားနေတဲ့အတွက်ကြောင့်မို့လို့ မြေငလျင်နဲ့ပတ်သက်ပြီးတော့ awareness တော့ ရှိဖို့လိုပါတယ်။ အလွယ်တကူ ကောလာဟလ ထုတ်ပြန်တဲ့သတင်းတွေကိုတော့ မယုံကြည်ဖို့ ကျနော့်အနေနဲ့အဓိက ပြောလိုပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့၊ ဆရာ့။ အဓိက ကတော့ သူတို့အနေနဲ့ ငလျင်လှုပ်ခတ်လာလို့ရှိရင်တောင် ဘယ်လိုမျိုး နေထိုင်ရမလဲ၊ ဘယ်လိုမျိုး ကာကွယ်ရမလဲဆိုတဲ့ ပညာပေးမှုတွေကိုပဲ လုပ်ထားသင့်တယ်ဆိုတဲ့သဘောပေါ့နော်-ဆရာ။

ဦးကျော်မိုးဦး။ ။ မြေငလျင်အတွက်ကိုတော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကြိုတင်ပြင်ဆင်ထားဖို့ ဆိုတာ အခုနကပြောတဲ့ မိမိတို့ရဲ့ နေရပ်ဒေသတွေက မြေငလျင်ကျရောက်နိုင်တဲ့အန္တရာယ် စက်ဝိုင်းဇုံမှာရှိနေတယ်ဆိုရင် မြေငလျင်ဒဏ်ခံနိုင်အောင် မိမိတို့နေထိုင်တဲ့ အဆောက်အဦးတွေပေါ့နော်၊ မြေငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားဖို့ လိုပါတယ်။

မဆုမွန်။ ။ ဆရာဦးကျော်မိုးဦး - အခုလိုဖြေပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။

ဦးကျော်မိုးဦး။ ။ ဟုတ်ကဲ့၊ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG