သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ကော်မတီဖွဲ့ဖို့အဆို လွှတ်တော်ဆွေးနွေး


ပြည်ထောင်စုလွှတ်တော်အစည်းအဝေး (ဖေဇော်ဝါရီလ ၅ ရက် ၂၀၁၉)
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး (ဖေဇော်ဝါရီလ ၅ ရက် ၂၀၁၉)

အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ တင်သွင်းထားတဲ့အဆို ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ထောက်ခံသူက အများစုဖြစ်ပေမယ့် ကန့်ကွက်သူတွေလည်း ရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြင်ဆင်ဖို့လိုတယ်လို့ ထောက်ခံသူတွေ ဘက်က ဆွေးနွေးပြီး ကန့်ကွက်သူတွေဘက်ကတော့ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုတာကို ထောက်ပြဆွေးနွေးကြပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပါဝင်ဆွေးနွေးတာမရှိခဲ့ပါဘူး။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါ တယ်။

ဇန်နဝါရီလ ၂၉ရက်နေ့က အရေးကြီးအဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆောလျင်စွာပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းရေးအဆိုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရာမှာ ထောက်ခံဆွေးနွေးသူ ၂၁ ဦး၊ ကန့်ကွက်သူ ၅ ဦးနဲ့ အကြံပြုဆွေးနွေးသူ ၄ ဦးရှိပါတယ်။

ထောက်ခံဆွေးနွေးသူအများစုမှာ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ က ဒေါ်ထုမေက အခုလို ဆွေးနွေးခဲ့ပါတယ်။

“ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အနှစ်သာရပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သေးတဲ့အတွက် ဒုက္ခအမျိုးမျိုးခံစားနေရတဲ့ တိုင်းရင်းသားပြည်သူများ၊ အရွယ်နဲ့မမျှအောင်ဒုက္ခရောက်နေကြရတဲ့ စစ်ဘေးဒဏ်ခံ ကလေးသူငယ်များ၊ အမျိုးသမီးများနဲ့ သက်ကြီးရွယ်အိုများ၊ စစ်ပွဲများကြောင့် အရွယ်မတိုင်မီကြွေလွင့်နေကြရတဲ့ လူငယ်များအပေါ် ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်ထားရှိပြီး သဘောထားကြီးစွာနဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို လေးနက်စွာအကြံပြုဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်။”

ပျော်ဘွယ်မဲဆန္ဒနယ်က လွှတ်တေ်ာကိုယ်စားလှယ်ဦးသောင်းအေးကတော့ အရေးကြီးအဆိုတင်ပြချက်ဟာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆ (က)နဲ့ ကိုက်ညီမှုရှိမရှိ တင်ပြခဲ့သလို ဖွဲ့စည်းပုံပြင်ဆင်ရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ပါ ပုဒ်မတွေအပြင် ပြည်ထောင်စုလွှတ်တော် ဥပဒေ ၊ နည်းဥပဒေတွေနဲ့ ကိုက်ညီမှုမရှိကြောင်း တင်ပြခဲ့ပါတယ်။ ဒီလို မကိုက်ညီတာကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဆုံးဖြတ်ချက်နဲ့ သဘောထားကို ရယူဖို့ ဦးသောင်းအေးက တင်ပြထားပါတယ်။

“ ဒီနေ့ အမျိုးသားရင်ကြားစေ့ရေးုလို့ ကြွေးကြော်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြဌာန်းထားတဲ့ ဥပဒေများနဲ့အညီ ငြိမ်းချမ်းစွာ အားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းကသာအကောင်းဆုံးဖြစ်ပါတယ်။ နာယကကြီးအပါအဝင် ကျနော်တို့အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ပါ ဇယား၄နဲ့ အညီ ကတိသစ္စာပြုထားသူတွေဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ရဲ့ဥပဒေများကိုလည်း လိုက်နာပါမယ်လို့ ဖော်ပြထားပါတယ်။ ဒီကတိသစ္စာတည်ဖို့ လိုပါတယ်။ နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ကျနော်နဲ့ ကိုယ်စားလှယ်အချို့ တင်ပြချက်အရ ဦးအောင်ကြည်ညွှန်ရဲ့အဆိုဟာ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုတဲ့အတွက် ဒါကို လက်မခံရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောထားကို ရယူ ပေးနိုင်ပါရန် နာယကြီးအား လေးစားစွာ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။”

ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၁၃က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကတော့ အရေးကြီးအဆိုတင်ပြထားတဲ့ ပူးပေါင်းကော်မတီဖွဲ့စည်းရေးနဲ့ပတ်သက်လို့အခုလို ပြောဆိုပါတယ်။

“ပြင်ဆင်ရေးဆိုတာနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ကိုပဲ အားလုံးက ပြေးမြင်ကြပါတယ်။ အဲဒီပုဒ်မတွေမှာ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်း မပြုရလို့လည်း မကန့်သတ်ထားပါဘူး။ ပြင်ဆင်ရေးဆိုတဲ့ စကားရပ်တစ်ခုပေါ်မှာပဲ အနက်ကောက်ဖို့ မသင့်ပါဘူး။”

ပူးပေါင်းကော်မတီဖွဲ့စည်းတာဟာ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပါတီတစ်ရပ်တည်းကမဟုတ်ဘဲ အခြားပါတီတွေအပြင် တပ်မတော်သားကိုယ်စားလှယ်တွေပါ ပါဝင်ရေးအတွက် ဖြစ်ကြောင်းလည်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

အကြံပြုဆွေးနွေးချက်တွေမှာတော့ ပူးပေါင်းကော်မတီဖွဲ့စည်းတာဟာပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံရဲ့ အခြေခံဖြစ်တဲံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA မူဘောင်တွေကို ကျော်လွန်နေသလားဆိုပြီး မေးမြန်းဆွေးနွေးတာတွေ ရှိသလို ကော်မတီကို အချိန်ကာလသတ်မှတ်ပြီး ထိရောက်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ် ဆောင်ရွက်ဖို့လည်း တိုက်တွန်းတာတွေ ရှိပါတယ်။

ဒီကနေ့ပြည်ထောင်စုလွှတ်တော်ဆွေးနွေးပွဲမှာ တပ်မတော်သား လွှွတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးတာတော့ မရှိခဲ့ပါဘူး။ လွှတ်တော်ရပ်နားချိန်မှာတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ်မောင်မောင်က သူတို့ရဲ့ လိုလားချက်ကိုအခုလို ပြောဆိုထားပါတယ်။

“ ကျနော်တို့က ဒီပြင်ချင်တယ်ဆိုရင် ပြင်ချင်တဲ့ ပုဒ်မကို ဥပဒေမူကြမ်းအဖြစ် ရေးတင်ရမှာ။ ရေးတင်ပြီးရင် အဲဒီမှာ ဝိုင်းဆွေးနွေးရမှာ၊ဆွေးနွေးတဲ့အခါကျရင်တော့ သူတို့ တင်လာတဲ့ မူကြမ်းပေါ်မူတည်ပြီးတော့ ကျနော်တို့ ဝင်ရောက်ဆွေးနွေးမှာပေါ့။ ဆွေးနွေးပြီးမှသာလျှင် လုပ်ထုံးလုပ်နည်းအတိုင်းပဲ လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်တာ ဆက်သွားမှာပေါ့။ အဲဒီအတိုင်းပဲ သွားစေချင်တာပေါ့။”

လောလောဆည်မှာတော့ ကော်မတီ ဘယ်လိုဖွဲ့စည်းမလဲဆိုတာကို စောင့်ကြည့်နေဆဲရှိပြီး ကော်မတီဖွဲ့စည်းမှုပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

ဒီကနေ့တင်ပြတဲ့အဆိုတွေတဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဒုတိယနာယက က ပြန်လည်ဆွေးနွေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အစည်းအဝေးအပြီးမှာ ကြေညာသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG