သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှာ နယ်စည်းမထားအဖွဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးခွင့်မရ


မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲကြောင့် အိုးအိမ်ရွှေ့ပြောင်းနေကြပုံ
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့အကြား တိုက်ပွဲကြောင့် အိုးအိမ်ရွှေ့ပြောင်းနေကြပုံ

တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကြောင့် ဒေသခံတွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ မရနိုင်ပဲ ဖြစ်နေရတယ်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ပြင်းလာတဲ့ ဇန်နဝါရီလဆန်းကစလို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို ခွင့်မပြုတော့တဲ့အကြောင်း ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော် AA က ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ကန့်သတ်ခံလိုက်ရတဲ့အတွက် ပဋိပက္ခဖြစ်ရာ ဒေသမှာ အကူအညီတွေ မရနိုင်ပဲ ဖြစ်နေရတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းတဲ့ ရခိုင်ပြည်နယ် ကျေးလက်ဒေမှာ အခြေစိုက်ထားတဲ့ နယ်လှည့်ဆေးခန်း မဖွင့်နိုင်တာ ၂ လ ရှိလာတဲ့အတွက် တခြားဝေးလံတဲ့ နေရာတွေကို ဆေးကုသမှုခံယူဖို့ သွားကြရတဲ့ ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ မင်းပြားမြို့နယ်က ငှက်ဖျားဝေဒနာသည်တဦး အပြင်းအထန် နာမကျန်းဖြစ်ရာက မြောက်ဦးဆေးရုံကို ပို့ဆောင်စဉ် လမ်းခရီးမှာ မြန်မာစစ်တပ်က ဖမ်းဆီးခံရပြီး၊ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ MSF အဖွဲ့ရဲ့ ကြေညာချက် ထွက်ပေါ်ခဲ့တာပါ။

စစ်တပ်က ဖမ်းဆီးသွားတဲ့ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့တော့ မြန်မာစစ်တပ်ဖက်က တစုံတရာ တုံ့ပြန်ပြောဆိုထားတာ မရှိပါဘူး။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနေရာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အပေါ်မှာတော့ ကုလသမဂ္ဂကလည်း စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG