၂၁ ရာစုပင်လုံညီလာခံကနေအစပြုပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ လုံခြုံတည်ငြိမ်ပြီး တိုင်းရင်းသားပြည်သူလူထုဘဝတွေအတွက် ပိုပြီးခိုင်မာလေးနက် လက်တွေ့ကျတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို ဆက်လုပ်ဆောင်သွားဖို့ လိုတယ် လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။ နှစ်ရှည်ကြာ ပြည်တွင်းစစ်မီးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ပြေး ဒုက္ခသည်တွေနဲ့ ဒေသခံတွေရဲ့လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကိုလည်း အရေးတကြီး အလေးထား ဆက်ဆွေးနွေးကြဖို့လည်း တိုက်တွန်းကြပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် စီစဉ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကတော့ ဒီကနေ့ ပြီး ဆုံးသွားပြီဖြစ်ပါတယ်။ တက်ရောက်လာသူတွေရဲ့ မတူကွဲပြားတဲ့ ရပ်တည်ချက် တင်ပြဆွေးနွေးမှုတွေကနေ မပြေလည်မှုတွေကို ဖြေရှင်းနိုင်မယ့် ကောင်းမွန်တဲ့ နည်းလမ်းအဖြေထွက်နိုင်ဖို့ကတော့ အချိန်ယူရလိမ့်မယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ညီလာခံကျင်းပချိန်လေးရက်တာလုံး နိုင်ငံရေး အစုအဖွဲ့က ပါဝင်သင့် ပါဝင်ထိုက်သူအနေနဲ့တက်ရောက်ခဲ့တဲ့ မဟာဗျူဟာနဲ့မူဝါဒ လေ့လာရေးအင်စတီကျု ရဲ့ သင်တန်းပိုင်းဆိုင်ရာ ညွန်ကြားရေးမှူး ဦးအောင်သူငြိမ်းက သူ့အမြင်အခုလိုပြောပါတယ်။
"ဒီညီလာခံမှာတော့ အဖွဲ့အစည်းအသီးသီးက အဖွဲ့အလိုက် တစ်ယောက်ကို ဆိုလို့ရှိရင် ဆယ်မိနစ် တင်ပြခွင့်ရပါတယ်။ အဲ့တော့ စုစုပေါင်းတင်ပြတဲ့သူက ၇၂ယောက်ဆိုတော့ အမြင်တွေကတော့ မျိုးစုံပေါ့နော် တော်တော်လေးလည်း ကွဲပြားကြတဲ့အနေအထားတွေ ရှိပါတယ်။ NCA ထိုးထားတဲ့ အဖွဲ့တွေလည်း တက်သလို လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကလည်း သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့အနေအထားတော့ ရှိပါတယ်။ နောက်တခုက ချက်ခြင်းကြီး ပြေလည် မယ်လို့ မယူဆနိုင်ဘူး။ ဒါငြိမ်းချမ်းရေးလုပ်ငန်းစဉ်က Process ပေါ့ ရေရှည်ဆက် သွားရမယ်။ ရေရှည်လည်း အပြန်အလှန်အပေးအယူတွေနဲ့သွားရမယ်လို့ ထင်ပါတယ်။"
လေးရက်တာကျင်းပခဲ့တဲ့၂၁ရာစုပင်လုံကိုတက်ရောက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုအစုအဖွဲ့တွေရဲ့ သဘောထား ရပ်တည်ချက်တွေကို ဖတ်ကြားတင်သွင်းတဲ့အစီရင်ခံစာတွေ၊ တင်ပြချက်တွေကနေ တဆင့် ပြည်သူတွေ ဘက်က အကြမ်းဖျင်း သိရှိခွင့်ရလိုက်ပြီဖြစ်တဲ့ အတွက် ရှေ့လျှောက် ဆက် လုပ်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုပုံဖော်သွားကြမလဲဆိုတာ အသေအချာ ဆက်ဆွေးနွေးသွားကြရမယ့် အနေအထားဖြစ်နေတာပါ။ တိုင်းရင်းသားအရေးလေ့လာအကဲခတ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့-
"ဒါက ရေရှည်သွားရမှာပဲ ရေရှည်သွားရမယ်။ ရေရှည်သွားရင် တယောက်နဲ့ တယောက် နားလည်မှုရအောင် ဆွေးနွေးရင်းနဲ့ တဖြည်းဖြည်းကျမှ သဘော တူညီချက်ကို ညှိမယ်ဆိုရင်တော့ တပ်မတော်က ပြောသလို သူတို့ဘက်က သုံးနှစ်နဲ့ ငါးနှစ်အတွင်း ရအောင် လုပ်မယ်။ ဆိုတော့ ဒီသက်တမ်းမှာ ရအောင် လုပ်မယ်ပြောတာ။ ဆိုတော့ အဓိက အရေးကြီးတာက တပ်မတော်ရယ်၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရယ်၊ နောက်ပြီးတော့ NLD အစိုးရရယ်ပေါ့နော်။ အဲ့သုံးခုကတော့ အဓိက ဆွေးနွေးကြရမှာပေါ့။"
တိုင်းပြည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ပြည်တွင်းစစ်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေ၊ အပြစ်မဲ့ဒေသခံပြည်သူတိုင်းရင်းသားလူထုရဲ့ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရတဲ့အနေအထားတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက် ကျင်းပခဲ့တဲ့ ဒီ ၂၁ ရာစု ပင်လုံမှာ တင်ပြခဲ့တာ အားနည်းခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။
ဒါပေမဲ့လို့ ရှေ့ဆက်ဆွေးနွေးမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာတော့ လူထုအတွက် အဓိက အရေးကြီးလိုအပ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေ ကို ရှေ့တန်းတင်ဆွေးနွေးဖို့ အဓိက လိုအပ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ညီမျှခြင်းမြန်မာရဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။
"တိုင်းရင်းသားတွေဘက်က သူတို့ဘက်က တိုင်းပြည်နိုင်ငံကို ဘယ်လို ထူထောင်ချင်လဲ ဆိုတဲ့ပုံစံမျိုးရယ်၊ စစ်တပ်ဘက်က ဘယ်လိုယူဆတယ်ဆိုတဲ့ အယူအဆနှစ်ခု အားပြိုင်မှုကို ထင်ထင်ရှားရှား ကျနော်တို့ တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းဒုက္ခသည်တွေ အကြောင်းကိုတော့ နိုင်ငံ တခုလုံး မှာဖြစ်သော တမျိုးသားလုံးမှာဖြစ်သော Issue အနေနဲ့ ဆွေးနွေးတာ သိပ်မတွေ့ရ ဘူးခင်ဗျ။ အမှန်တော့ ကျနော်တို့က တဘက်က ရေရှည် အနာဂတ်တိုင်းပြည်ကို ဘယ်လိုထူထောင်မလဲဆိုတဲ့ ဆွေးနွေးမှုတွေ လိုအပ်သလို အခုလက်ရှိ သိန်းနဲ့ချီသော ပြည်တွင်း ဒုက္ခသည်တွေကိစ္စ နောက်တခါ ပြည်ပမှာရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ပေးတဲ့ကိစ္စ ဒီကိစ္စတွေကိုလည်း အရေးပေါ် လုပ်ဆောင်ရမယ့် ကိစ္စအနေနဲ့ ဆွေးနွေးသင့်တာတွေ ရှိတယ်။ ဒါပေမဲ့ ထင် သလောက် ဆွေးနွေးမှု မရှိဘူး။ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဘယ်လိုမျိုးရပ်တန့်အောင် လုပ်ဆောင်မလဲ ဆိုတဲ့ အကြောင်းအရာကို လက်တွေ့ ကျကျ တင်ပြတာ ဆွေးနွေးတာတွေဟာလည်း အားနည်းတာ တွေ့ရပါတယ်။
အဲ့တော့ အနာဂတ်ပြည်ထောင်စု ထူထောင်ဖို့ ဆွေးနွေးနေတဲ့အချိန်မှာ လက်ရှိ အရေးတကြီးဖြေရှင်းရမယ့် မှေးမှိန်နေတယ်လို့ ယေဘုယျ သတ်မှတ်ချင်ပါတယ် ခင်ဗျ။ အခုဒီနေ့ တွေ့ဆုံတဲ့လေးရက်တာ ဆွေးနွေးမှုဟာ နောက်ထပ် မိုင်ပေါင်းများစွာ ဆက်လက်ပြီး ချီတက်ဖို့အတွက် နောက်ထပ် လုပ်ဆောင်ဖို့ လိုအပ်နေတဲ့လမ်းကြောင်းရဲ့အစဖြစ်တယ်။ အဲ့တော့ လုပ်ဆောင်တဲ့အချိန်မှာ အယူအဆရေးရာအရ အဆင်မပြေမှုတွေကို နောက်တခါ တွေ့တဲ့အချိန်မှာ သင်္ခန်းစာယူပြီး နောက်တခါ ထပ်မဖြစ်ဖို့ ပြည်သူလူထုရဲ့ ဘဝနဲ့ သက်ဆိုင်သော အကြောင်းအရာတွေဖြစ်တယ်။ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ အကြောင်း အရာတွေဖြစ်တဲ့အတွက် အတ္တတွေ ဖြုတ်ပြီး တိုင်းပြည်အကျိုးအတွက် လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။"
ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကနေ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အပါအဝင် နိုင်ငံရေးအင်အားစုတွေ နောက် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော အပစ်မရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ သဘောထား ရပ်တည်ချက်တွေ ကိုပါ ပြည်သူတွေက တိုက်ရိုက်သိရှိခွင့်ရခဲ့တဲ့အတွက် ၂၁ ရာစုပင်လုံညီလာခံက အစပြုခဲ့တဲ့ ရှေ့ဆွေးနွေးပွဲတွေ မှာတော့ ပိုပြီး ခိုင်မာလေးနက် လက်တွေ့ကျတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို ဆက်ပြီးတော့ ညှိနှိုင်းနိုင်ကြမယ် လို့တော့ ပြည်သူတွေဘက်ကတော့ ယုံကြည်မျှော်လင့်ကြပါတယ်။