သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ ဒုက္ခသည်လက်ခံရေး ကုလသမဂ္ဂ လုပ်ငန်းစဉ် တချို့ဆိုင်းငံ့


မြန်မာဒုက္ခသည်များ
မြန်မာဒုက္ခသည်များ

အမေရိကန် သမ္မတ Donald Trump ရဲ့ အမိန့်အရ ဒုက္ခသည် လက်ခံရေး အစီအစဉ်တွေ ရပ်တန့်လိုက်တဲ့အတွက် မလေးရှားနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသား ဒုက္ခသည်အများအပြား အနာဂတ် မရေရာတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ တချို့ဟာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချဖို့ လေယာဉ်ပေါ်တက်ခါနီး အချိန်မှာမှ သွားခွင့်မရတော့ဘူးဆိုတဲ့ သတင်းကို သိလိုက်ရတာလို့ ဒုက္ခသည် ကူညီရေး ချင်းတိုင်းရင်းသား အဖွဲ့တွေက ပြောပါတယ်။ တချိန်တည်းမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရုံးမှာရှိတဲ့ ဒုက္ခသည်များ အခြေချနေထိုင်ရေး ပံ့ပိုးရေးစင်တာ RSC ကလည်း ချင်းတိုင်းရင်းသားတွေကို တွေ့ဆုံမေးမြန်းတာတွေကို တနင်္လာနေ့မှာ မလုပ်တော့တဲ့ အကြောင်း ပြောပါတယ်။ မလေးရှားရောက် ဒုက္ခသည်အခြေအနေ သတင်းပေးပို့ထားတာကို တင်ပြပါမယ်။

UNHCR ရုံးမှာရှိတဲ့ ဒုက္ခသည်များ အခြေချနေထိုင်ရေး ပံ့ပိုးရေးစင်တာ RSC အနေနဲ့ ဒုက္ခသည်လက်ခံရေး အင်တာဗျူးတွေကို တနင်္လာနေ့မှာ ရပ်နားထားတဲ့အကြောင်း ချင်း ဒုက္ခသည်ကူညီရေး အဖွဲ့တခုရဲ့ တာဝန်ခံက VOA ကို ပြောပါတယ်။ UNHCR ဘက်က ဘယ်လောက်ကြာကြာ ရပ်နားထားမယ်ဆိုတာတော့ တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ချင်းဒုက္ခသည်ရေးရာ အကူအညီပေးရေး အဖွဲ့ တာဝန်ရှိသူ တယောက်ကတော့ ဒုက္ခသည်များ အခြေချနေထိုင်ရေး ပံ့ပိုးရေးစင်တာ RSC ဌာနတခုလုံးကို ပိတ်လိုက်တာမျိုး မဟုတ်ဘဲ အင်တာဗျူးခေါ်တာတွေကို ရပ်လိုက်တာဖြစ်တယ်ဆိုပြီး VOA ကို ပြောပါတယ်။

"လောလောဆယ် RSC ရုံးက ပိတ်ထားတယ်ဆိုတဲ့ဟာက ရုံးမှာ အလုပ်လုပ်တဲ့သူတွေတောင်မှ တရားဝင် ဘာမှ သေသေချာချာ မသိရသေးဘူး။ သူတို့ကို လစာပေးပြီးတော့မှ၊ ပြောချင်တာက သူတို့ ကြားထဲမှာ တခုခုလုပ်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ Donald Trump က ပြောထားတဲ့အတိုင်းပဲ သုံးလမှာ Supreme Court ကနေ အယူခံဝင်တဲ့အချိန် သူပြန်စဉ်းစားပြီး ဒီဟာကို ပြန်ပြီး စဉ်းစားနိုင်တယ်ပေါ့။ အဲဒီတော့ ဘယ်သူမှ ဘာမှမပြောနိုင်သေးဘူး၊ ဒီသုံးလအတွင်းမှာ သတင်းထူးရင်ထူး၊ မထူးရင် သုံးလကျော်ရင် ပြန်ထူးချင်ထူးမယ်ပေါ့။ အနည်းဆုံး သုံးလကတော့ စောင့်ကြည့်ရမဲ့ အခြေအနေမှာရှိတယ်။"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ အုန်းဖြန့် ဒုက္ခသည်စခန်းနဲ့ မလေးရှားက ချင်းဒုက္ခသည်တချို့ဟာ အမေရိကန်ကို ထွက်ခွာမဲ့စဲစဲမှာပဲ လေဆိပ်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ အမေရိကန်မှာ အခြေချဖို့ ကြိုးစာနေတဲ့ မြန်မာဒုက္ခသည် အရေအတွက်က မလေးရှားနိုင်ငံမှာတင် အများအပြားရှိနေပါတယ်။

ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်း အခြေချနေထိုင်ခွင့်ပေးထားတဲ့ USRAP ခေါ် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ ထားလိုက်တဲ့ အကြောင်း သမ္မတ Donald Trump လက်မှတ်ရေးထိုးပြီး အချိန်မှာ အခြေအနေ အားလုံး မရေမရာ ဖြစ်ခဲ့ရတဲ့အကြောင်း ချင်းဒုက္ခသည်ရေးရာ အကူအညီပေးရေး အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ရပ်တန့်လိုက်တာက တရားဝင်ပဲ။ မလေးရှားတခုတည်း မဟုတ်ဘဲနဲ့ အမေရိကန်ကိုဝင်မဲ့ ဘယ်ဒုက္ခသည်ကိုမဆို ဇန်နဝါရီ ၂၇ကနေစပြီးတော့မှ (မလေးရှား UNHCR ရုံးက) အကုန်ရပ်တန့်ထားလိုက်တာ။ ဥပမာ သူတို့တွေ လူဦးရေလျှော့တာလား၊ ဒါမှမဟုတ် ဘယ်လိုလုပ်မယ်ဆိုတာ ဘယ်သူမှ မသိသေးဘူးပေါ့။ အမျိုးမျိုး ဖြစ်နိုင်တယ်။"

မလေးရှားနိုင်ငံကို ရောက်နေတဲ့ ချင်းလူမျိုး ၈၀,၀၀၀ ကျော်ရှိမယ်လို့ ချင်းတိုင်းရင်းသား ကူညီရေးအဖွဲ့တွေက တရားဝင် အချက်အလက်တွေကို ကိုးကားပြီး ခန့်မှန်းပါတယ်။ မလေးရှားနိုင်ငံက တဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ အရေအတွက် ၂၀၂၄ ခုနှစ်ထဲမှာ ၂ သိန်းလောက်ရှိနေပြီး အဲဒီအထဲမှာ ၁၇၀,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ရေးသား ဖော်ပြကြပါတယ်။

မလေးရှားမှာ ဒုက္ခသည်လက်ခံရေး ကုလသမဂ္ဂ လုပ်ငန်းစဉ် တချို့ဆိုင်းငံ့ 
please wait

No media source currently available

0:00 0:02:51 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG