သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး ဆုံးဖြတ်ချက်မူကြမ်း မဲခွဲမှု ကုလ ယာယီရွှေ့ဆိုင်း


ပဉ္စမကော်မတီရဲ့ ၂၅ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး
ပဉ္စမကော်မတီရဲ့ ၂၅ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး

နယူးရောက်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအတွက် တနင်္လာနေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပေမယ့် ကုလသမဂ္ဂ ပဉ္စမကော်မတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အတည်ပြုချက်ရယူဖို့ လိုအပ်တဲ့အတွက် မဲခွဲရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၁၈-၂၀၁၉ အတွက် ဘဏ္ဍာရေးအသုံးစားရိတ် ထဲမှာ မြန်မာနိုင်ငံ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး ကုန်ကျမယ့် အသုံးစားရိတ်ကို ပဉ္စမကော်မတီက ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တောင်းခံခဲ့ရာမှာတော့ မြန်မာကိုယ်စားလှယ်က ကန့်ကွက်ခဲ့တာပါ။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၇၃ ကြိမ်မြောက် အထွေထွေညီလာခံကြီးမှာ ခရိုင်းမီးယားဒေသနဲ့ မြန်မာနိုင်ငံတွေရဲ့ လူ့အခွင့်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး တတိယကော်မတီက တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်း အမှတ် ၃ နဲ့ အမှတ် ၅ ကို ဒီဇင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိပေမယ့် လိုအပ်တဲ့ ဘဏ္ဍာရေး အသုံးစားရိတ်ဆိုင်ရာ အတည်ပြုချက်မရသေးတဲ့အတွက် ရွှေ့ဆိုင်းလိုက်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံ အလှည့်ကျ သဘာပတိက ခုလို ကြေညာခဲ့ပါတယ်။

"မြန်မာနိုင်ငံ လူ့အခွင့်ရေး အခြေနေဆိုင်ရာ ခေါင်းစဉ်အောက်က ဆုံးဖြတ်ချက်မူကြမ်း အမှတ် ၅ အတွက် မဲခွဲ ဆုံးဖြတ်မှုကို နောက်ရက်တွေမှာ လုပ်ဆောင်ဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ လုပ်ဆောင်ရမယ့် အစီအစဉ်တွေအတွက် လိုအပ်တဲ့ ငွေကြေးဆိုင်ရာနဲ့ ပတ်သက်ပြီး ပဉ္စမကော်မတီက ပြန်လည်သုံးသပ်ချိန် လုံလုံလောက်လောက် ပေးဖို့ အခုလို ရွှေ့ဆိုင်းတာပါ။ ဆုံးဖြတ်ချက်မူကြမ်း အမှတ် ၃ နဲ့ ၅ တို့အတွက် ပဉ္စမကော်မတီက ဘတ်ဂျက်ချထားရေးဆိုင်ရာ အတည်ပြုချက် ရရချင်းမှာပဲ အထွေထွေညီလာခံကြီးက မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။"

မြန်မာ့အရေးဆုံးဖြတ်ချက်ကို နိုဝင်ဘာလ (၁၆) ရက်နေ့က တတိယကော်မတီမှာ ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၆ မဲတို့နဲ့ အတည်ပြုခဲ့တာဖြစ်ပြီး အခုလို အတည်ပြုလိုက်တဲ့ တတိယကော်မတီရဲ့ အဆိုပြုချက်ကို မဲခွဲမဆုံးဖြတ်ခင် ပဉ္စမကော်မတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အတည်ပြုချက်ရယူဖို့ လိုအပ်တာ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက်အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တောင်းခံထားတဲ့ ၂၀၁၈ - ၂၀၁၉ အသုံးစားရိတ် ကိုတော့ အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာပဲ ဒီဇင်ဘာလ ၁၄ ရက် သောကြာနေ့က တင်ပြခဲ့ ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Gutterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စ Christine Schraner Burgener နဲ့ သူ့ရဲ့ရုံး အတွက် အသုံးစားရိတ် ကိုလည်း အခုလို တောင်းခံခဲ့တယ်လို့ ပဉ္စမကော်မတီရဲ့ ၂၅ ကြိမ်မြောက် အစည်းအဝေးမှာ ယာယီစာရင်းကိုင် ချန်ဒရူး ရာမိုနီသမ်က တင်ပြခဲ့ပါတယ်။

"အတွင်းရေးမှူးချုပ်က နောက်ထပ် ကုန်ကျစားရိတ် ဒေါ်လာ တသန်း ၂ သိန်း ၃ သောင်း ၂ ထောင်ကို တောင်းခံတဲ့ နေရာမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကိုယ်စားလှယ်ရုံးရဲ့ ရာထူး ၅ ခု၊ လစာ ဝင်ငွေ အပါအဝင် တခြားပတ်သက်တဲ့ ကုန်ကျစားရိတ်တွေ အတွက်လည်း ဖြစ်ပါတယ်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အထူး နိုင်ငံရေး လုပ်ငန်းစဉ်များ ခေါင်းစဉ် အောက်မှာ ဒီအသုံးစားရိတ်အတွက် သဘောတူညီမှု ရဖို့ တောင်းခံတာ ဖြစ်ပါတယ်။ "

မနှစ်က မြန်မာနိုင်ငံကနေ ရိုဟင်ဂျာ သိန်းနဲ့ ချီပြီး တဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံမှုကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံလာရပြီး ကုလသမဂ္ဂက အခု ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ဆောင်ရွက်မှုတွေဟာ နိုင်ငံရေးအရ လုပ်ဆောင်မှုတွေ ဖြစ်တယ်လို့ မြန်မာဘက်က မြင်သလို ဘယ်နိုင်ငံကိုမဆို လူ့အခွင့်ရေးပိုမို တိုးတက်ကောင်းမွန် လာစေချင်တယ် ဆိုရင် အခုလို ဖိနှိပ်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ထက် အားပေးကူညီမှုက အကျိုးသက်ရောက်မှု ပိုရှိကြောင်းနဲ့ စစ်မှန်တဲ့ ပူးပေါင်းဆောက်ရွက်မှုကသာ ထိရောက်စေမယ်လို့ မြန်မာကိုယ်စားလှယ်က ပဉ္စမကော်မတီ ကို တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂစံနစ် အနည်းဆုံး ၇ ခုလောက်ရဲ့ စောင့်ကြည့်ဝေဖန်မှုကို ခံနေရပြီး ဒီစနစ်တွေကြောင့် မလိုအပ်တဲ့ လုပ်ရပ်တွေ မြင်လာရတယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ က ခုလိုပြောပါတယ်။

“ဒီကနေ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ စောင့်ကြည့်မှု အနည်းဆုံး ၇ မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး စုံစမ်း စစ်ဆေးရေးမှုး တဦးကို ၁၉၉၂ ခုက စလို့ လူ့အခွင့်ရေး ကော်မရှင် ဆုံးဖြတ်ချက် ၅၈ အရ ဆက်တိုက် ခန့်အပ်ခဲ့တာ တွေ့ရ ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်လက် ရှာဖွေရေး ကော်မရှင် ကိုလည်း မေလ ၃၀ ရက် ၂၀၁၇ လူ့အခွင့်ရေး ကော်မရှင် ဆုံးဖြတ်ချက် ၃၄/ ၂၂ အရ ဖွဲ့စည်း မတည်ခဲ့ပါတယ်။ ဒါ့အပြင် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်ရေး အခြေအနေ ဆုံးဖြတ်ချက် ကို မဲခွဲ ထောက်ခံ ခဲ့ကြပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အရ အတွင်းရေးမှုးချုပ်က မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တဦးကို ခန့်အပ်ခဲ့ပါတယ်။ မကြာသေးမှီကလည်း လူ့အခွင့်ရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကို စောင့်ကြည့်ဖို့ စနစ်တရပ် ချမှတ် ခဲ့ပါတယ်။ ကုလသမဂ္ဂ ရဲ့ တခြားဘယ် အဖွဲ့ဝင် နိုင်ငံတွေမှ ဒီလို လူ့အခွင့်ရေး စောင့်ကြည့်ခံရတဲ့ စနစ်တွေ ဒီလောက် များတဲ့ အခြေအနေနဲ့ စောင့်အကြည့် မခံရပါဘူး။ ဒီအရေးယူ ဆောင်ရွက်မှု အားလုံးကို ကြည့်မယ် ဆိုရင် လေ့လာရေး စနစ်တွေ လုပ်ငန်းစဉ်တွေဟာ မလိုအပ်ပဲ ထပ်နေတာကို သိသာစွာ သက်သေ ပြလိုက်တာပဲ ဖြစ်ပါတယ်။”

ကုလသမဂ္ဂရဲ့ အခုလို ထပ်နေတဲ့ စနစ်တွေကြောင့် မလိုအပ်ပဲ သိပ်များနေတဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ တောင်းခံထားတဲ့ ၂၀၁၈- ၂၀၁၉ ခုနှစ်အတွက် ကုန်ကျစားရိတ်တွေဟာ ကုလသမဂ္ဂရဲ့ ရှားပါးလှတဲ့ ရန်ပုံငွေကို ဖြုန်းရာရောက်နေတယ်လို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ က အခုလို တင်ပြခဲ့ပါတယ်။

"ကုလသမဂ္ဂဆုံးဖြတ်ချက် A ၇၃၄၇၇ မှာ မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်ရေး အတွက် ကုလသမဂ္ဂရဲ့ အသုံးစားရိတ် ယာထားချက် တွေပါဝင်ပါတယ်။ ဒီအထဲမှာ အထူးစုံစမ်းစစ်ဆေးရေးမှူး တဦးခန့်အပ်ဖို့၊ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေအပြင် မကြာမီက ချမှတ်လိုက်တဲ့ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးစနစ်တို့ပါဝင်ပါတယ်။ ဆက်လက်လုပ်ဆောင်လျက်ရှိတဲ့ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးစနစ်အတွက်ပဲ အမှုထမ်း ၆၂ ဦးလိုအပ်မှာဖြစ်ပြီး လက်ထောက်အတွင်းရေးမှူးချုပ်တဦးက ဦးဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ဒေါ်လာ ၂၆ သန်း ၇ သိန်း သုံးသောင်းသုံးထောင် ရှစ်ရာ ကုန်ကျမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဖွဲ့အစည်းကြီးရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ပတ်သက်လို့ သိပ်ကို စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံအနေနဲ့ သိရှိရပါတယ်။ ဒါ့အပြင် နှစ်အစပိုင်းမှာတင်ပဲ လိုငွေပြမှုတွေ တိုးနေတာတွေတွေ့ရပါတယ်။ ဒီအခြေအနေတွေ အောက်မှာ နိုင်ငံတနိုင်ငံထဲအပေါ်မှာ လေ့လာစောင့်ကြည့်ဖို့ စနစ်အမျိုးမျိုးချမှတ်ချင်းဟာ ဒီဆုံးဖြတ်ချက်ကို ကမကထပြုဆုံးဖြတ်ဖို့ တင်သွင်းကြတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေးအကျိုးကို ရှေးရှု့ပြီး ကုလသမဂ္ဂရဲ့ ရှားပါးလှတဲ့ အသုံးစားရိတ်ကို ဖြုန်းတီးရာရောက်တယ်လို့ ဆိုနိုင်ပါတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံဘက်က လူ့အခွင့်ရေးအခြေနေဆိုင်ရာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေမှုတွေအတွက် ကုလသမဂ္ဂရဲ့ အားပေးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

OIC အစ္စလာမ်မစ်နိုင်ငံ များအဖွဲ့နဲ့ EU ဥရောပသမဂ္ဂတို့က ပူးတွဲရေးဆွဲပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီကို တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို နိုဝင်ဘာလ (၁၆) ရက်နေ့က တတိယကော်မတီမှာ ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၆ မဲတို့နဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာအပါအဝင် ရုရှား၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဇင်ဘာဘွေ၊ ဘရွန်ဒီနဲ့ ဘဲလာရုစ် နိုင်ငံတွေက ကန့်ကွက်ခဲ့ပြီး ဂျပန်အပါအဝင် ၂၆ နိုင်ငံက ကြားနေခဲ့တာပါ။

ဒီဆုံးဖြတ်ချက်မူကြမ်းကို ပဉ္စမကော်မတီ ဘတ်ဂျက်ဆိုင်ရာ အတည်ပြုချက်ရရချင်းမှာပဲ လက်ရှိကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီနှစ်မကုန်ခင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုချက်ရယူ ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG