သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆုံးဖြတ်ချက် အမေရိကန်အထက်လွှတ်တော် တင်သွင်း


ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာနေရပ်ပြန်ရေးကို တိုက်တွန်းတောင်းဆိုချက်တွေပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တင်သွင်းခဲ့ပါတယ်။

အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဝင်တွေဖြစ်တဲ့ Republican အထက်လွှတ်တော်အမတ် Todd Young နဲ့ Democrat အထက်လွှတ်တော်အမတ် Jeff Merkley တို့ ဦးဆောင်ပြီး အမေရိကန်ပါတီကြီးနှစ်ရပ်လုံးက အထက်လွှတ်တော်အမတ် ၂၀ကျော် မြန်မာနိုင်ငံပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ် တင်သွင်းတာပါ။

ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဆက်လက်ဖမ်းဆီးထိမ်းသိမ်းထားတာဟာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို ဖုံးကွယ်ထားတဲ့ သဘောသက်ရောက်နေတယ်လို့ အထက်လွှတ်တော်အမတ် Young က သူကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့နဲ့၊ ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိုလည်း ဒီ ဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့တနှစ်ကျော်က ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ် လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု မြောက် မမြောက်ဆိုတာ ဆုံးဖြတ်ဖို့ကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းထားပါတယ်။

ဒီအပေါ်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဖက်အကြီးတန်းတာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူဖို့လည်း ဆုံးဖြတ်ချက်မူကြမ်းမှာ တောင်းဆိုထားပါတယ်။ Republican အမတ် Todd Young နဲ့ Democrat အမတ် Jeff Merkley တို့ ဦးဆောင်ပြုစုတဲ့ ဒီ ဆုံးဖြတ်ချက်မူကြမ်းကို ဒီမိုကရက်အထက်လွှတ်တော်အမတ် ၁၆ ဦး၊ ရီပတ်ပလင်ကန် အထက်လွှတ်တော်အမတ် သုံးဦးနဲ့ တသီးပုဂ္ဂလဖြစ်တဲ့ အထက်လွှတ်တော်အမတ် Bernie Sanders တို့က ထောက်ခံပြီး အထက်လွှတ်တော်ကို ပူးတွဲ တင်သွင်းခဲ့ကြတာပါ။

ဒါပေမယ့်လည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရကို ပြစ်ဒဏ်ခတ်ဖို့ ရည်ရွယ်တဲ့ အရင်ဥပဒေကြမ်းတွေကိုတော့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ခွင့်မပြုခဲ့တာကြောင့် အရာမထင်ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာလျှင် မြန်မာနိုင်ငံအတွက် တခုတည်းသော မျှော်လင့်ချက် ဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ရဲ့နှိပ်ကွက်မှုနဲ့ပတ်သက်လို့ သူ့အပေါ်အပြစ်ပုံနေလို့ အကျိုးထူးလာမှာမဟုတ်ဘူးလို့ အထက်လွှတ်တော်ခေါင်းဆောင် Mitch McConnell က အရင်က မှတ်ချက်ပေး ပြောခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG