သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး အမှု စွဲချက် အယူခံ တရားရုံးပယ်ချ


နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့ အမှုနဲ့ကို စွဲချက်မတင်ဘဲ ပလပ်ဖို့ လျှောက်ထားခဲ့တာကို တရားသူကြီးက ဒီကနေ့ ပယ်ချလိုက်ပြီး သူတို့အမှုကို ဆက်လက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း သတင်းထောက် ၂ ဦးကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း တရားရုံးမှာ ကိုယ်တိုင် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မေခက တင်ပြပေးပါမယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးကို ဒီကနေ့ ရုံးထုတ်စဉ် အမှုကို ပလပ်ပေးဖို့ သူတို့ရဲ့ လျှောက်ထားချက်ကို တရားသူကြီး အခုလိုဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။ တရားလိုပြသက်သေတွေ ခေါ်စစ်နေတာမှာ စစ်ဆေးဖို့ ၈ဦး ကျန်နေသေးတာကြောင့် အဲဒီ ၈ဦး ထဲမှာ အရေးကြီး သက်သေ ပါနိုင်တာကြောင့် ဒီ အမှုကို ပလပ်ဖို့ လျှောက်ထားချက်ကို တရားသူကြီးက ပယ်ချလိုက်တာလို့ ရိုက်တာသတင်းသမားတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင် ဇော်က ပြောပါတယ်။ ရှေ့နေ ဦးခင်မောင်ဇော်ကတော့ ဒီအမှုကို သူတို့အနေနဲ့ အကောင်းဆုံး ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားပြီး အမှု ပလပ်ဖို့ကိုလည်း ထပ်မံ တင်သွားဦးမယ်လို့ ပြောပါတယ်။

" စွဲချက်မတင်မှာကို သက်သေ ၂၅ယောက် အကုန်စစ်ပြီးသွားရင် ကျနော်အမှုကိုပလပ်ဖို့ထပ်တင်ဦးမှာပါ။ အဲဒါက ၂၅၃/၁ အရတင်မှာပါ။ နောက်တခါ ၂၅၃/ ၁နဲ့လဲလက်မခံဘူးစွဲချက်တင်ခဲ့ရင်လည်း တရားသေလွှတ်ပေးဖို့အတွက် သူတို့တင်ပြတဲ့လူတွေ စစ်ပြီးရင်လည်းတရားသေလွှတ်ဖို့ထပ်တင်သွားမှာပါ။ဆက်တိုက်ဘဲ နောက်အဆင့် ၃ဆင့် လောက်ရှိပါသေးတယ်"

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးထဲက တဦးဖြစ်သူ ကိုဝလုံးကတော့ အခုလို အခုလို ပယ်ချခံလိုက်ရတဲ့အပေါ် သူ့ရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုရာမှာ အစိုးရအနေနဲ့ အမှန်တရားနဲ့ တရားမ ျှတမှုကိုပေးဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

" သတင်းရေးသားဖော်ထုတ်ရုံဘဲဖော်ထုတ်ခဲ့တာပါ။ တကယ်တမ်းအစုလိုက် အပြုံလိုက်သတ်ဖြတ်တဲ့သူတွေကျတော့ ထောင်ဒဏ် ၁၀နှစ်ဘဲချမှတ်ခဲ့တာပါ။ အခုသတင်းရေးတဲ့ သတင်းထောက်က ၁၄နှစ်ကျနိုင်တဲ့ အနေအထားမှာရှိတယ် လူသတ်တဲ့ကောင်တွေက ၁၀နှစ်ဘဲကျတာက ဒီမိုကရေစီနဲ့ ညီရဲ့လားဆိုတာ ကျနော်အစိုးရကိုမေးချင်မိပါတယ်"

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေအသတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာ စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိလို့ဆိုပြီး ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းမှာ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) တို့နဲ့ ဖမ်ဆီး၊ အမှုဖွင့် ရုံးထုတ်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရိုက်တာရှေ့နေတွေဘက်က တရားလိုပြ သက်သေတွေကို ရုံးတော်မှာ အပြန်အလှန် စစ်ဆေးပြီးတဲ့နောက် ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ မတွေ့ရတဲ့ အတွက် အခုအချိန်မှာ အမှုကို ပလပ်ပေးဖို့ လျှောက်ထားခဲ့တာကို တရားသူကြီးက အခုလို ဆုံးဖြတ်ခဲ့တာပါ။

ရိုက်တာသတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကတော့ ဒီကနေ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ပြောပါတယ်။

"ရှေ့ဆက်ပြီးတော့ လာမယ့် သက်သေတွေမှာ ပိုပြီးတော့ ကျနော်တို့ လူတွေအပြစ်ကင်းတယ်ဆိုတဲ့အကြောင်း ထုချေဖို့အတွက် အဆင်သင့်ရှိနေပါမယ်"

အမှုနဲ့ပတ်သတ်လို့ ရိုက်တာ သတင်းထောက်ကိုဝလုံးရဲ့ ဇနီး မပန်းအိဖြူကတော့ အပြစ်မရှိတဲ့ သူတွေမို့ အစိုးရဘက်က အ မြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

" ကိုဝလုံးကတော့ ပြောတယ် ကျမခံစားရမှာဆိုးလို့ အရမ်းမမေ ျှာ်လင့်နဲ့လို့ပြောပါတယ်။ ကျမကတော့ အမျိုးသမီးတ ယောက်အနေနဲ့ အမြဲတမ်းမေ ျှာ်လင့်တယ်။ ပြီးတော့လည်း ဒါကြီးကမတရားဘူးဆိုတာ လူတကာလည်းသိနေတာ လေ။ အမြန်ဆုံးတော့ ပြန်လွှတ်ပေးစေချင်နေပြီ။ ပြီးတော့အမြဲတမ်းဟန်ဆောင်ပြီး ယောက်ကျားရှေ့မှာ ပျော်ချင် ယောင်ဆောင်နေရတာ အရမ်းပင်ပန်းနေပြီ။ အပြစ်မရှိဘူးဆိုရင် အမြန်ဆုံးပြန်လွှတ်ပေးပါလို့"

ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ရိုက်တာ သတင်းထောက်တွေကို ဆက်လက် ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ - ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ယနေ့ဆက်လက် ဖမ်းဆီးထားခြင်းအတွက် မိမိတို့ များစွာစိတ်ပျက်မိတယ်လို့ဖော်ပြထားပါတယ်။ သူတို့သည် သတင်းထောက်များအနေဖြင့် ၎င်းတို့အလုပ်ကိုဆောင်ရွက်ကြရင်း ဖမ်းဆီးခံရခြင်း ကြောင်း အင်းဒင် လူအစုလိုက် သတ်ဖြတ်ခံရခြင်းအတွက် တာဝန်ရှိစစ်သည်များကို ပြစ်ဒဏ်ချမှတ်ကြောင်း ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ချက်ဟာ စိတ်အားတက်ဖွယ်ရာ လက္ခဏာဖြစ်တယ်လို့ဆိုထားပါတယ်။ ဒီ ရာဇဝတ်မှုကို ဖော်ထုတ်ရန်ကြိုးပမ်းခဲ့သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးလည်း ပြန်လည်လွတ်မြောက်သင့်ကြောင်း အမြန်ဆုံးလွှတ်ပေးရန် ထပ်မံ တောင်းဆိုတယ် လို့ ဖော်ပြထားပါတယ်။

မြောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်တဲ့အတွက် တရားလိုပြသက်သေတွေကို ဆက်လက် စစ်သွားတော့မှာဖြစ်ပါတယ်။အခုအချိန်မှာ အမှုမှာ တရားလိုသက်သေ ၂၅ ဦး ရှိတဲ့အထဲက ၁၇ ဦးကို စစ်ဆေးပြီး ဖြစ်ပါတယ်။ ကျန်နေတဲ့ ၈ဦးကို လာမယ့် ဧပြီလ ၂၀ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG